ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် တည်ရှိသော နေပူတောင်မှ မာဘယ်လ်ကျောက်ထုတ်လုပ်ရေး စီမံကိန်းအား ကာလတခုကြာ ရပ်နားထားရာမှ ယခုအခါ အာဏာသိမ်း စစ်ကောင်စီက လုပ်ငန်း ပြန်လည်ပတ်ရန် စီစဉ်နေကြောင်း သိရသည်။
အဆိုပါ စီမံကိန်းမှာ မြန်မာအစိုးရနှင့် ဗီယက်နမ်နိုင်ငံပိုင် SIMCO-Song Da Joint Stock ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ထုတ်လုပ်သည့် စီမံကိန်းတခု ဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် စီမံကိန်း စတင်ခဲ့ကာ ၂၀၁၃ မှ ၂၀၁၇ ခုနှစ်ထိ ၅ နှစ်ကြာ ကျောက်ထုတ်ယူခဲ့သည်။
ထို့နောက် ၂၀၁၆ ဒီဇင်ဘာတွင် ရခိုင်ပြည်နယ်အတွင်းရှိ သယံဇာတလှုပ်ရှားသူများက တောင်ကုတ်မြို့ပေါ်သို့ သွားရောက် ကာ မြို့ခံများနှင့်အတူ ယင်းစီမံကိန်းအား ကန့်ကွက်ဆန္ဒပြခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် ၂၀၁၈ ခုနှစ်တွင် စီမံကိန်းအား ရပ်နားထားခဲ့သည်။
ထိုသို့ ကာလတခုကြာ ရပ်ထားနားရာမှ စစ်ကောင်စီ လက်အောက်ခံ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ကုမ္ပဏီတာဝန်ရှိသူများ တွေ့ဆုံခဲ့ကြပြီးနောက် နေပူတောင်ဒေသရှိ မာဘယ်လ်ကျောက် အကြီးစား ထုတ် လုပ်မှုအား လုပ်ငန်းသဘောတူစာချုပ်အတိုင်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ် ၄ ဦး၊ ဗီယက်နမ်ကုမ္ပဏီမှ ကိုယ်စားလှယ် ၄ ဦးတို့ ပါဝင်သည့် ပူးတွဲစီမံခန့်ခွဲရေးကော်မတီတရပ်ကို ဖွဲ့စည်း ကြောင်း ၂၀၂၂ နိုဝင်ဘာ ၂၅ ရက်တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
ယင်းစီမံကိန်းသည် ဒေသခံ ပြည်သူများအတွက် အကျိုးဖြစ်ထွန်းမှု တစုံတရာ မရှိသလို စီမံကိန်းကြောင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ထိခိုက်မှုများလည်း ရှိလာနိုင်သည့်အတွက် စီမံကိန်းအား ရပ်တန့်ရန် လိုလားကြောင်း ရခိုင့်သယံဇာတအရေး လှုပ်ရှားသူများက ဆိုသည်။
ကျောက်ဖြူအခြေစိုက် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးစင်တာမှ ဒါရိုက်တာလည်းဖြစ်၊ ရခိုင့်သယံဇာတအရေး လှုပ်ရှားသူလည်း ဖြစ်သူ ကိုထွန်းကြည်က “ဒီလို တန်ဖိုးရှိတဲ့ သယံဇာတမျိုးတွေက တခြားနိုင်ငံကို ထုခွဲရောင်းချရမယ့်ဟာတွေ မဟုတ်ဘူး။ မာဘယ်လ်ကျောက်တောင်တခု ဖြစ်ပေါ်ဖို့ဆိုတာ နှစ်ပေါင်း ထောင်နဲ့သောင်းနဲ့ ချီပြီးတော့ သက်တမ်းကြာပြီးမှ ဖြစ်ပေါ်လာတာ ဖြစ်တယ်။ ဒီလိုမျိုး တန်ဖိုးရှိတဲ့အရာတခုကို လွယ်လွယ်ထုခွဲပြီးတော့ ရောင်းစားတာကို ကျနော်တို့ ပြည်သူတွေ လက် မခံနိုင်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
နေပူတောင် မာဘယ်လ်ကျောက်ထုတ်မှု စီမံကိန်း စတင်ခဲ့သော အချိန်မှ လက်ရှိအချိန်ထိ နိုင်ငံအတွက် အကျိုး အမြတ် မရရှိကြောင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု ရှိမရှိ ဆိုသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဒေသခံများ အား ပွင့်လင်းမြင်သာစွာ ချပြဆွေးနွေးခြင်း မရှိခဲ့သလို သတင်းထုတ်ပြန်ပေးမှုများလည်း တစုံတရာ မရှိခဲ့ကြောင်း ရခိုင့် သယံဇာတအရေး လှုပ်ရှားသူများက ထောက်ပြသည်။
ရခိုင့်သယံဇာတအရေး လှုပ်ရှားသူတဦး ဖြစ်သည့် ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးကလည်း “ကျမတို့လည်း စီမံကိန်း စတင် ကလည်းက ကန့်ကွက်ခဲ့တယ်။ အခုတခါ စီမံကိန်းကို ပြန်စမယ်ဆိုတော့ ဘယ်အနေအထားထိ တူးဖော်မလဲ၊ တောင် တခုလုံးကိုသာ ဖြိုတူးပစ်မယ်ဆိုရင် ရခိုင်ရိုးမကြီးတခုလုံး မြေပြန့်ပုံစံ ဖြစ်သွားပြီးတော့ ရခိုင်ရိုးမကို ဖြတ်ဖောက်ထားတဲ့ ကားလမ်းတွေလည်း မြေပြိုကျတဲ့အထိ ဖြစ်သွားနိုင်မလားဆိုတာ စိုးရိမ်စရာတွေ အများကြီး ဖြစ်နေတယ်” ဟု ဆိုသည်။
အဆိုပါ နေပူတောင်သည် တောင်ကုတ်-ပန်းတောင် ကားလမ်းမပေါ်တွင် တည်ရှိပြီး တောင်ကုတ်မြို့နှင့် မိုင် ၃၀ ကျော် ကွာဝေးကာ စီမံကိန်း ဧရိယာမှာ ဧက ၆၀၀ ကျော် ကျယ်ဝန်းသည်။
ယင်းစီမံကိန်းမှ ၁ နှစ်လျှင် မက်ထရစ်တန်ချိန် ၇၀၀၀ ကျော်ထိ ထုတ်ယူရန် လျာထားပြီး စီမံကိန်းကာလမှာလည်း ၂၀၁၂ မှ ၂၀၃၂ ခုနှစ်ထိ နှစ်ပေါင်း ၂၀ ကျော် ကာလ သတ်မှတ်ချက်ဖြင့် စာချုပ်ချုပ်ဆိုထားခြင်း ဖြစ်ကြောင်း ရခိုင့်သယံဇာတအရေး လှုပ်ရှားသူများ ပြုစုထားသည့် အချက်အလက်များအရ သိရသည်။
ဗီယက်နမ်နိုင်ငံပိုင် SIMCO-Song Da Joint Stock ကုမ္ပဏီသည် ပြီးခဲ့သည့် ၂၀၁၃ မှ ၂၀၁၇ ခုနှစ်ထိ ၅ နှစ်တာ ကာလ အတွင်း နေပူတောင်မှ မာဘယ်လ်ကျောက်များကို စက်ယန္တရားကြီးများဖြင့် ခွဲစိတ်ကာ တန်ရာချီလေးသည့် လေးထောင့် ကျောက်တုံးကြီးများ၊ ပေ ၂၀ ကျော်ထိ ရှည်သည့် ကျောက်ပြားများ ပြုလုပ်ပြီး ထုတ်ယူခဲ့ကြောင်း၊ တန်ချိန်ပေါင်း မည်မျှ ထုတ်ယူသွားပြီး ဖြစ်သည်ကို စာရင်းအတိအကျ မသိသော်လည်း နေပူတောင်ပေါ်ရှိ ကျောက်သားများမှာ ၆၀ ရာခိုင်နှုန်းထိ တူးဖော်ခံထားရပြီး ဖြစ်ကြောင်းလည်း ဒေသခံများက ဆိုသည်။
တောင်ကုတ်မြို့နယ် နေပူတောင်ပေါ်မှ မာဘယ်လ်ကျောက်သည် အေးမြသည့် ဓာတ်သဘာဝမျိုး ရှိသည့်အတွက် နေပူဒဏ် ခံရသည့် နေရာများ၌ အလှဆင်ကျောက်ပြားများအဖြစ် အသုံးပြုသလို အိမ်အတွင်းအလှဆင် လုပ်ငန်းများတွင်လည်း ကုန် ချောအဖြစ် အသုံးပြုကြောင်း သိရသည်။
လတ်တလော အခြေအနေတွင် စစ်တပ်က အာဏာသိမ်းယူထားသည့် ကာလ ဖြစ်သောကြောင့် ရခိုင်ဒေသခံများ အနေ ဖြင့် စီမံကိန်းအပေါ် ကန့်ကွက်ဆန္ဒပြမှု မလုပ်နိုင်သော်လည်း အခွင့်အခါကြုံတိုင်း ဆန့်ကျင်ကန့်ကွက်သွားမည် ဖြစ်သလို နောင်တချိန်၌လည်း စီမံကိန်းတာဝန်ရှိသူများ အနေဖြင့် ဒေသခံများ၏ ကြီးမားသော ဆန့်ကျင်မှုများနှင့် ကြုံတွေ့လာရ နိုင်ကြောင်း ရခိုင့်သယံဇာတအရေး ဆောင်ရွက်သူများက သတိပေး ပြောဆိုသည်။