ဒီတပတ် သတင်းစုံကဏ္ဍမှာ ပွင့်လင်းရာသီမှာ အုပ်စုလိုက် ရွှေ့ပြောင်းမှု များလာတဲ့ မကြာမီ စတော့မယ့် စစ်ကောင်စီရဲ့ နျူကလီးယား အကြံအစည်၊ ရခိုင်ပြည်နယ်က မွတ်စလင်တွေ ပိုမိုထွက်ပြေးလာတဲ့ အကြောင်း၊လေထဲတိုက်ဆောက်နေတဲ့ စစ်ကောင်စီရဲ့ မြန်မာ့ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အကြောင်းတွေကို ရွေးချယ်တင်ပြလိုက်ပါတယ်။
မကြာမီ စတော့မယ့် စစ်ကောင်စီရဲ့ နျူကလီးယား စွမ်းအင် စီမံကိန်း
မြန်မာနိုင်ငံမှာ အသေးစား နျူကလီးယား စွမ်းအင်စက်ရုံတခု ကူညီ တည်ဆောက်ပေးနိုင်ရေးအတွက် ရည်မှန်းထားတယ် လို့ ရုရှားအစိုးရပိုင် Rosatom နျူကလီးယားစွမ်းအင် ကော်ပိုရေရှင်းက ထုတ်ပြန်လာတဲ့အခါ မြန်မာ စစ်ခေါင်းဆောင်တွေရဲ့ နျူကလီးယား အိပ်မက်ဟာ အခုချိန်ထိ ပိုးမသေသေးဘူး ဆိုတာကို မြင်ရပါတယ်။
တဖက်မှာ ပထဝီနိုင်ငံရေးအရ တရုတ်ကို အားကိုးနေရတာ များလွန်းလာနေတဲ့ အခြေအနေကို စစ်ကောင်စီကိုယ်တိုင်က သဘောမကျဘဲ တရုတ်နိုင်ငံကိုပဲ အားကိုးနေရတဲ့ ချိန်ခွင်လျှာကို ပြန်မျှဖို့ စွမ်းအင်နဲ့ နည်းပညာကဏ္ဍမှာ အထူးသဖြင့် နျူကလီးယား စွမ်းအင်ကဏ္ဍမှာ ရုရှားကို ပြန်အားကိုးချင်နေပုံ ရပါတယ်။
စစ်အာဏာသိမ်း အကျိုးဆက်ကြောင့် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး အဆင်မပြေတော့တဲ့အချိန်မှာ ရုရှားနိုင်ငံနဲ့ နယ် ပယ်ပေါင်းစုံမှာ ဆက်ဆံရေး သိသိသာသာ တိုးမြင့်လိုက်တဲ့အရာတွေထဲ အခု နျူကလီးယား စွမ်းအင်လည်း တခု အပါ အဝင် ဖြစ်လာတာ ဖြစ်ပါတယ်။
ရုရှားနိုင်ငံကို သွားရောက်ခဲ့တဲ့ စစ်ကောင်စီ ဝန်ကြီးနှစ်ဦးဖြစ်တဲ့ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန်နဲ့ စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦးတို့ဟာ စိန့်ပီတာစဘတ်မြို့က Generation 3 Plus နျူကလီးယား လျှပ်စစ်ဓာတ်အားပေး စက်ရုံကို သွားလေ့ လာခဲ့ကြပါတယ်။
ရုရှား နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၂ အရှေ့စီးပွားရေးဖိုရမ်ကို မြန်မာဘက်က တက်ရောက်ရင်းနဲ့ ၂၀၂၂ -၂၀၂၃ မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံတရပ်ကို နှစ်ဖက် သဘောတူ လက်မှတ်ထိုးရာမှာ ဒီ နျူကလီးယားစွမ်းအင် စီမံကိန်း စတင်ဖို့ ဆိုတဲ့အချက်ကို ထည့်သွင်းတာ ဖြစ်ပါတယ်။

ဒီသဘောတူ လက်မှတ်ထိုးပွဲကို ရုရှားကို ရောက်နေတဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက်ခဲ့ပြီး သူ့ရှေ့မှာပဲ သဘောတူ စာချုပ်ကို မြန်မာစစ်ကောင်စီရဲ့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးနဲ့ လျှပ်စစ်စွမ်းအင် ဝန်ကြီးတို့ နှစ်ဦးက မြန်မာနိုင်ငံကိုယ်စား လက်မှတ် ရေးထိုးခဲ့ကြပါတယ်။
ဒီလမ်းညွှန် သဘောတူညီမှုထဲမှာ နျူကလီးယားနယ်ပယ်မှာ နှစ်နိုင်ငံကြား စည်းမျဉ်း စည်းဘောင် သတ်မှတ်ရေး၊ မြန်မာ နိုင်ငံတွင်း အသေးစားဓာတ်ပေါင်းဖိုတခု တည်ဆောက်နိုင်ခြေနဲ့ နျူကလီးယားစွမ်းအင်နဲ့ပတ်သက်လို့ လူထုအမြင် ထောက်ခံမှုရလာအောင် ဆောင်ရွက်ဖို့ ဆိုတာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ရုရှား-မြန်မာ နှစ်ဖက် ဆွေးနွေးတဲ့အထဲမှာ နျူကလီးယား စွမ်းအင်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်မှာ နှစ်နိုင်ငံ ပြည်သူလူထု အကျိုးရှိစေနိုင်မယ့်ကဏ္ဍတွေ ပူးပေါင်းဆောင်ရွက်ဖို့၊ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုပြီး သိ ပ္ပံနှင့် သုတေသန စမ်းသပ်တာ၊ ဆေးဝါးထုတ်လုပ်တာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ စက်မှုကဏ္ဍ၊ စားသောက်ကုန်ကဏ္ဍ တွေမှာ အသုံးပြုဆောင်ရွက်နိုင်မယ့် အခြေအနေတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အခု ဆောင်ရွက်မယ့် နျူကလီးယား နည်းပညာအသစ်နဲ့ ဆောင်ရွက်မယ့် အသေးစား ဓာတ်အားပေး စက်ရုံ Small Modular Reactor (SMR)မှာ နေရာ အကျယ်အဝန်းများစွာ မလိုတာ၊ ဓာတ်အားခ ဈေးနှုန်းသက်သာစေမှာ၊ အချိန်တို ကာ လအတွင်း တည်ဆောက်နိုင်မှာ၊ ဝေးလံခေါင်သီတဲ့ နေရာတွေအထိ ဓာတ်အားပေးနိုင်မှာနဲ့ စက်မှုဇုန်တွေအတွက် သီးခြား ဓာတ်အားပေး ဆောင်ရွက်နိုင်မယ်ဆိုတဲ့ အားသာချက်တွေကြောင့် မြန်မာဘက်က အလွန်စိတ်ဝင်စားနေတဲ့ စီမံကိန်း လည်း ဖြစ်ပါတယ်။
အခုအချိန်မှာတော့ နျူကလီးယား စွမ်းအင်စက်ရုံတခု တည်ဆောက်မယ့် မြေနေရာကို မြန်မာဘက်က စတင် ရွေးချယ်နေ ပြီး နေပြည်တော်နဲ့ အနီးဆုံး တိုင်းရင်းသား ဒေသနဲ့ အစပ်တနေရာရာမှာ တည်ဆောက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်း တွေလည်း ထွက်ပေါ်လာနေပါတယ်။
မြန်မာ စစ်ခေါင်းဆောင်တွေဟာ နျူကလီးယား နည်းပညာရရှိဖို့ ကြိုးစားနေတာ အခုမှတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ စစ်အ စိုးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေတ်ကတည်းက၂၀၀၀ နောက်ပိုင်းမှာ ရုရှားနဲ့ မြောက်ကိုရီးယားတို့ဆီကနေ ရရှိဖို့ ကြိုး ပမ်းခဲ့ဖူးပါတယ်။
ထိုစဉ်က စစ်အုပ်စု ခေါင်းဆောင် ဦးသန်းရွှေဟာ ပြည်ပရန်စ ခြိမ်းခြောက်မှုတွေကို အတားအဆီးအဖြစ် အနုမြူဗုံး ပိုင်ဆိုင် လိုတဲ့ ရည်ရွယ်ချက်နဲ့ သူရဲ့လူယုံဖြစ်သူ ထိုစဉ်က သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းအား “ကိုသောင်း၊ ဖြစ်နိုင်ရင် အနုမြူဗုံး တလုံးလုပ်ဗျာ၊ ဥသျှစ်သီး အရွယ်ပဲ ဖြစ်ဖြစ်” လို့ ပြောဆိုခဲ့ဖူးပါတယ်။
ဦးသန်းရွှေဟာ ဒီစကားတွေကို စစ်ရုံးမှာ ပြုလုပ်လေ့ရှိတဲ့ ဗိုလ်ချုပ်တွေရဲ့ ပုံမှန် အစည်းအဝေးတွေမှာ ပြောဆိုခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ဒါပေမယ့် မြန်မာ စစ်ခေါင်းဆောင်တွေဟာ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုတဲ့ နေရာမှာတော့ နျူကလီးယားကို လျှပ်စစ် ဓာတ်အား ရရှိရေးနဲ့ သုတေသနတွေအတွက်သာ ငြိမ်းချမ်းစွာ အသုံးပြုမှာ ဖြစ်တယ်လို့ ဖော်ပြလေ့ ရှိပါတယ်။
ဒါပေမယ့် စစ်တပ်ရဲ့ နျူကလီးယားတပ်ဖွဲ့ဖြစ်တဲ့ သိပ္ပံနှင့်နည်းပညာအလုပ်ရုံမှ အင်ဂျင်နီယာတဦးဖြစ်သူ ရုရှားကနေ အနု မြူစွမ်းအင်ဆိုင်ရာ ပါရဂူဘွဲ့ရထားတဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်းက ၂၀၁၀ ပြည့်နှစ်မှာ ဓာတ်ပုံတွေ အပါအဝင် အချက်အလက် တွေကို လူသိရှင်ကြား ထုတ်ဖော်လိုက်ပြီး မြန်မာ စစ်တပ်ဟာ မြောက်ကိုရီးယားကနေ နည်းပညာ အကူအညီနဲ့ နျူကလီး ယား လက်နက်များ ထုတ်လုပ်ဖို့ သုတေသန လုပ်နေတယ်ဆိုတာကို ဖော်ထုတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေဖြစ်ပြီး ဦးသိန်းစိန်အစိုးရနဲ့ NLD အစိုးရ လက်ထက်တွေမှာ နျူကလီး ယားနဲ့ဆိုင်တဲ့ သုတေသနပြုတာတွေ အကုန်လုံးကို ရပ်ဆိုင်းခဲ့ပြီးတော့ ကုလသမဂ္ဂရဲ့ နျူကလီးယား လက်နက်တားဆီး ပိတ်ပင်ရေး စာချုပ်မှာ မြန်မာနိုင်ငံက ပါဝင် လက်မှတ်ရေးထိုးတာတွေအထိ ပြုလုပ်ခဲ့ပါတယ်။
ဒါပေမယ့် မြန်မာမှာ စစ်တပ် အာဏာပြန်သိမ်းပြီးတဲ့နောက်မှာတော့ မြန်မာနဲ့ ရုရှားနိုင်ငံတို့ဟာ ပိုမိုအနီးကပ် ပူးပေါင်းလာ ပြီး မော်စကိုက မြန်မာ စစ်အာဏာသိမ်းမှုကို ထောက်ခံသလို မြန်မာကလည်း ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကို ထောက် ခံခဲ့ပါတယ်။
နှစ်နိုင်ငံလုံးဟာ ကမာ္ဘမှာ ပိတ်ဆို့ အရေးယူမှုခံထားရတဲ့ နိုင်ငံတွေ ဖြစ်ပြီး ပိုမို အထီးကျန်နေတာခြင်းလည်း တူတာ ကြောင့် ရုရှားဟာ စစ်ကောင်စီကို လက်နက်တွေ ဆက်လက် ထောက်ပံ့ပေးတဲ့နိုင်ငံ ဖြစ်လာပြီးတော့ တော်လှန်ရေး အင် အားစုတွေကို ချေမှုန်းတဲ့နေရာမှာ ကူညီပေးသလို ဖြစ်နေပါတယ်။
နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုမယ်လို့ ပြောတဲ့ စစ်ခေါင်းဆောင်တွေရဲ့ စကားကို အခုချိန်ထိ လျှပ်စစ်မီး တောင် ပုံမှန် မရသေးတဲ့ မြန်မာပြည်သူတွေက အယုံအကြည် မရှိပါဘူး။ တိုင်းပြည်က သွေးချောင်းစီးမှုတွေနဲ့ ပြိုကွဲလု မတတ်ဖြစ်ပြီး အားပြိုင်နေရချိန်မှာ နျူကလီးယား ပိုင်ဆိုင်ထားချင်တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် တခြား စိတ်ကူးစိတ်သန်းတွေလည်း ရှိနေနိုင်ပါတယ်။
အုပ်စုလိုက် ရွှေ့ပြောင်းမှု ပိုများလာတဲ့ ရခိုင်ပြည်နယ်က မွတ်စလင်တွေ
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ငွေနံ့သာကျေးရွာ အမှတ် ၇ ကားလမ်းမဘေး အမှိုက်ပုံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်က ရိုဟင်ဂျာ ၁၃ ဦးရဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေ တွေ့ရှိပြီးတဲ့နောက်မှာ စိတ်ပါဝင်စားစွာနဲ့ လူပြောစရာ ဖြစ်လာပါ တယ်။
သေဆုံးသူတွေဟာ အသက် ၁၇ နှစ်ကနေ ၃၀ ဝန်းကျင် အရွယ်တွေ ဖြစ်တာကြောင့် လူငယ်၊ လူလတ်ပိုင်းတွေပဲ ရှိပါသေး တယ်။
သူတို့တွေဟာ သယ်ဆောင်လာတဲ့လမ်းမှာ ကားပေါ်မှာ အသက်ရှုကြပ်ပြီး သေဆုံးရတာ ဖြစ်တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြပေမယ့် စစ်ကောင်စီဘက်က ဘာကြောင့် သေဆုံးရတယ်ဆိုတာကို တရားဝင် သတင်း ထုတ် ပြန်တာ မရှိပါဘူး။

ဒီဖြစ်စဉ် မတိုင်ခင် နိုဝင်ဘာလ၂၈ ရက်ကလည်း လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင် စက်မှုဇုန်နားမှာ အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၆၈ ယောက်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ပါသေးတယ်။
ဒီဇင်ဘာလ ၈ ရက်မှာ လှည်းကူးမြို့နယ်၊ ငွေသောင်ယံ ကျေးရွာနားမှာပဲ ရိုဟင်ဂျာ ၁၂ ဦးကို ထပ်မံ ဖမ်းဆီးမိခဲ့ပါတယ်။
ဒီဇင်ဘာလ ၄ ရက်ကလည်း မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဝဲကလိကျေးရွာအနီး ကမာဝက်ချောင်းဝမှာ စက်လှေတစ်စီးနဲ့ လိုက် ပါလာတဲ့ ရိုဟင်ဂျာ ၇၈ ဦးကို စစ်ကောင်စီ လက်အောက်ခံ အာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးနေပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြေပြင်အခြေအနေတွေက ဆိုးဝါးလာတဲ့အခါ ပိုကောင်းမွန်တဲ့ အနာဂတ်တွေ ရနိုင်ဖို့ဆိုတဲ့ မျှော်လင့်ချက်ရဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နဲ့ ဘင်္ဂလားဒေရှ့် ဒုက္ခ သည် စခန်းတွေကနေ ရိုဟင်ဂျာတွေ အုပ်စုလိုက် ထွက်ပြေးလာကြတာပဲ ဖြစ်ပါတယ်။ အများစုဟာ မလေးရှားနိုင်ငံကို သွားရောက်ဖို့ ကြိုးစားကြတာပါ။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလဆန်းအထိ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ အရေအတွက်ဟာ သတင်း မီဒီယာတွေမှာမှာ ပါသလောက် စာရင်းပြုစုကြည့်တဲ့အခါ လူဦးရေ ၇၀၀ ခန့်အထိ ရှိနေပါတယ်။ သူတို့အားလုံးဟာ ကုန်းလမ်း၊ ရေလမ်းတွေကနေ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဖမ်းမိတဲ့ ဖြစ်စဉ်တိုင်းမှာ နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့သူကို လုံးဝ မမိတဲ့အပြင် အနိမ့်ဆုံး လိုက်ပို့တဲ့ ကားသမား၊ စက်လှေသမားတွေကိုတောင် တခါတရံမှ ဖမ်းမိလေ့ ရှိတာပါ။
ရခိုင်ပြည်နယ်ကနေ မလေးရှားကို သွားနိုင်ဖို့ဆိုရင် ရိုဟင်ဂျာတဦးကို ကျပ် ၇၅ သိန်းကနေကျပ် သိန်း ၁၀၀ အထိ လူ ပွဲ စားတွေကို ပေးရပါတယ်။ သူတို့တွေက လှေ သို့မဟုတ် မော်တော်ကား ထွက်ခွာမယ့် နေရာစုရပ်ကို ပိုက်ဆံ အပြည့်သွင်း တဲ့လူတွေကို အသိပေး အကြောင်းကြားပါတယ်။
ဒီလိုမျိုး လူရှာပေးတဲ့နေရာမှာလည်း ပွဲစားတွေရှိပြီး တယောက် ရှာပေးနိုင်ရင် ပွဲစားခ ကျပ်သုံးသိန်းကနေ ငါးသိန်း အထိ ရရှိကြပါတယ်။ မြန်မာနိုင်ငံမှာ ဖိနှိပ်ခံရဆုံး လူတန်းစားအဖြစ် ရပ်တည်နေရတဲ့ ရိုဟင်ဂျာတွေဟာ သူတို့ရဲ့ အသက်၊ ဘဝ တွေကို ဒီလို လောင်းကြေးထပ်ပြီး စွန့်စား သွားလာနေကြတာဟာလည်း ကြာခဲ့ပါပြီ။
ပင်လယ်မှာ မိုး၊ လေငြိမ်တဲ့ ဆောင်းနဲ့ နွေရာသီမှာဆိုရင် သူတို့တွေဟာ ပုံစံမျိုးစုံနဲ့ ထွက်လာကြပြီးတော့ သေမလား၊ ရှင်မလား၊ ထောင်ကျမလား ဆိုတဲ့ ရွေးချယ်စရာ လမ်း ၃ ခုကို ထိပ်တိုက် တိုးကြပါတယ်။
ရေလမ်းကြောင်းကနေဆိုရင် ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ပြီး ထိုင်းန်ိုင်ငံ တောင်ပိုင်းကို ကမ်းကပ်ကာ အဲဒီကနေ တဆင့် မလေးရှားနိုင်ငံထဲကို ဝင်ရောက်ဖို့ ကြိုးစားကြပါတယ်။ တချို့ကတော့ ကုန်းလမ်းကနေ နိုင်ငံနှစ်ခုလောက်ကို ဖြတ်ပြီး စွန့်စွန့်စားစား သွားရောက်ကြပါတယ်။
နိုင်ငံတွေကလည်း သူတို့ကို လက်မခံချင်ကြတဲ့အတွက် စက်လှေနဲ့ လာတဲ့သူတွေကို ပင်လယ်ထဲ ဆွဲခေါ်သွားပြီး တွန်း ထုတ်တာမျိုးတွေ လုပ်လေ့ ရှိပါတယ်။
ဒါမှမဟုတ် သင်္ဘောပျက်သွားရင်လည်း ရက်ပေါင်းများစွာ ပင်လယ်ထဲမှာ မျောနေပြီး တချို့ဆိုရင် အစာရေစာ ပြတ်လပ်ပြီး သေဆုံးသွားကြတဲ့ ဖြစ်စဉ်မျိုးတွေက အများကြီးပါပဲ။
ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ရင် သဘောထား ပျော့ပြောင်းတဲ့ NLD အစိုးရ လက်ထက်မှာတော့ အခုလို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို ဖမ်းမိရင် ထောင်ချလေ့ မရှိဘဲ စရိတ်အကုန်ခံပြီး မူလနေထိုင်ရာ ဒေသတွေဆီကို ပြန်ပို့ပေးခဲ့ပေမယ့် စစ် ကောင်စီ လက်ထက်မှာတော့ လဝက ဥပဒေတွေနဲ့ ထောင်ဒဏ်၂ နှစ်ကနေ ၅ နှစ်အထိ ချမှတ်နေတာကို တွေ့ရပါတယ်။
၂၀၁၂ နဲ့ ၂၀၁၇ နှစ်မှာဖြစ်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ စစ်တပ်ရဲ့ နယ်မြေ ရှင်းလင်းရေးကြောင့် စစ်တွေမြို့နယ်က သက္ကယ်ပြင်၊ ဒါး ပိုင်၊ သဲချောင်း၊ အုန်းတောကြီး အစရှိတဲ့ ဒုက္ခသည်စခန်း ၁၄ ခုမှာ ရိုဟင်ဂျာ ၁ သိန်းကျော် ခိုလှုံနေရပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ ၈ သိန်းကျော်ဟာလည်း အခုချိန်ထိ နေရပ် မပြန်နိုင်သေးပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်ကတော့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံ၊ တတိယ ကော်မတီ အစည်းအဝေးကနေ ရိုဟင်ဂျာတွေ အပါအဝင် မြန်မာနိုင်ငံမှာ ရှိတဲ့ လူနည်းစု တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးမယ့် ဆုံးဖြတ်ချက်ကို မဲမခွဲဘဲ သဘောတူခဲ့ပေမယ့် လက် တွေ့ဆန်တဲ့ ဆောင်ရွက်ချက်မျိုး အခုချိန်အထိ မတွေ့ရသေးပါဘူး။
အဲဒီ ဆုံးဖြတ်ချက်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းက လူနည်းစု ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ကို ရှုတ်ချထားပါတယ်။ လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေလုပ်ပြီး၊ ပြစ်မှုကျူးလွန်တဲ့သူတွေကို တာဝန်ခံမှု ရှိလာအောင် လုပ်ဆောင်သွားမယ်လို့လည်း ဆိုထားပါတယ်။
လေထဲ တိုက်အိမ်ဆောက်နေတဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ ဒီနှစ်မှာ ပြည်ပခရီးသွား ၁၀သန်း စံချိန်တင် လာတာကြောင့် အထိမ်း အမှတ် ပွဲလမ်းတွေ လုပ်မယ်လို့ ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ (TAT)က ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာလိုက်ပါတယ်။
ဒီနှစ်စပိုင်း ဇန်နဝါရီ ၁ရက်ကနေ နှစ်ကုန် ဒီဇင်ဘာ ၅ရက်အထိ ထိုင်းနိုင်ငံကိုလာရောက်တဲ့ ကမ္ဘာလှည့်ခရီးသွားဦးရေ ဟာ ၉.၇၈သန်း ရှိခဲ့ပြီး ဒီနေ့ ဒီဇင်ဘာ ၁၀ရက်ဆိုရင်တော့ စံချိန်တင် ၁၀သန်း ပြည့်မှာဖြစ်တဲ့အတွက် သုဝဏ္ဏဘူမိ၊ ဒွန်းမောင်း၊ ချင်းမိုင်၊ ဖူးခက်၊ ကရာဘီ၊ အူတာပေါင်၊ ဆမွေ စတဲ့ အဓိက လေဆိပ်ကြီး ၇ခုနဲ့ ဆဒါအိုနဲ့ နောင်ခိုင် နယ်စပ်ဂိတ်တွေ ၂ခုမှာ အထိမ်းအမှတ်ပွဲတွေ ပျော်ပျော်ကြီး ကျင်းပမှာဖြစ်ပါတယ်။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်- ၁၉ ကြောင့် ပိတ်ထားလိုက်ရတဲ့ကြားက ထိုင်းခရီးသွားလုပ်ငန်းဟာ ဒီနှစ် အောက်တိုဘာ ၁ရက်နေ့က ပြန်ဖွင့်လိုက်တဲ့အခါ နိုင်ငံတကာ ခရီးသွားတွေဆိုတာ ဝင်လာမစဲ တသဲသဲဆိုသလို အဓိကလေဆိပ်ကြီး ဖြစ်တဲ့ သုဝဏ္ဏဘူမိမှာ ကြိတ်ကြိတ်တိုး စည်ကားနေတာကို စာရှု့သူတွေ တွေ့ရမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံကို လာရောက်တဲ့ ခရီးသွား ၁၀သန်းအထိ စံချိန်တင်လာ ဖြစ်အောင် ဖြည့်ဆည်းပေးတဲ့ အထဲမှာ အိမ်နီးချင်း မြန်မာနိုင်ငံက သူတွေကလည်း တတပ်တအား ပါတယ်လို့ ဆိုရမှာပေါ့။
ဒါပေမယ့် တခြားနိုင်ငံက ခရီးသွားတွေနဲ့ ကွာခြားတာက မြန်မာတွေဟာ အပျော်ခရီးထက် ဇာတိမြေ နေရပ်ရင်းမှာ အဆင်မပြေတာတွေ များလွန်းလို့ တဖက်နိုင်ငံကို တရားဝင် လာရောက်ခိုလှုံဖို့ လာတဲ့သူက ပိုများတဲ့ အချက်ပါပဲ။
ဒါကလည်း သိပ်တော့ အဆန်းတကျယ်မဟုတ်ပါဘူး၊ “လေယူရာ ရနံ့ညင်း၊ သင်းပျံ့ခဲ သူ့ခြံမှာ။ ငါ့ခြံ ကြည့်ပြန်တော့ မချိ ပူဗွေဖြာခဲ့”ဆိုတဲ့ ကွယ်လွန်သူ ဆရာမ ငွေတာရီရဲ့ “သာသည့်မြေသို့” ကဗျာလိုပေါ့။
အိမ်နီးချင်းနိုင်ငံအတွက် အိမ်သာလို့ ဧည့်လာတာဟာ ဝမ်းသာရပေမယ့်၊ မြန်မာပြည်ကို ကြည့်ပြန်ရင်တော့ အနိဋ္ဌာရုံ တွေ အပြည်နဲ့ ကျီးနဲ့ ဖုတ်ဖုတ် ဝမ်းနည်းစရာလို့ ဆိုရမှာပါ။
ဒီလိုအခြေအနေမျိုးမှာတောင် ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ရုရှားနဲ့ အိမ်နီးချင်းကလွဲပြီး တခြားနိုင်ငံတွေ မရောက်ဖူးတဲ့ ဒု စစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက Barrier Free Tourism ဆိုပြီး အရှိန်မြှင့်မယ်လို့ နေပြည်တော်က အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးမှာ ပြောလာပြန်ပါတယ်။
တကယ်တော့ ဒီ Barrier ဆိုတဲ့ အတားအဆီး အဟန့်အတားတွေက လက်ရှိမှာ ဘယ်သူတွေက လုပ်နေသလဲ အများပြည်သူ သွားလာနေတဲ့ လမ်းတွေမှာ ဘယ်သူတွေက ဂိတ်ဖွင့်ပြီး ငွေတောင်းနေသလဲဆိုတာ ပြည်တွင်း ခရီးသွားတွေ သိကြပါတယ်။
စစ်ကိုင်းတိုင်းတခွင်မှာ မီးတွေလောင်နေတယ်၊ ရန်ကုန်နဲ့ မြို့ကြီးတွေမှာ ဒုစရိုက်မှုက အပြည့်၊ ဒီကြားထဲ ကျောင်းသား လူငယ်တွေကို သေဒဏ်စီရင်အုံးမယ်ဆိုတဲ့သတင်းတွေနဲ့ နားမချမ်းသာစရာ စိတ်ချမ်းသာစရာ တကွက်မှ မရှိတဲ့ တိုင်းပြည်ကို ဘယ် ဧည့်သည်လာမှာလဲ။
ပြီးခဲ့တဲ့ ဇူလိုင် ၂၁ရက်ပဲ မြန်မာအပါအဝင် နိုင်ငံ ၇နိုင်ငံကို အမေရိကန်နိုင်ငံသားတွေ ခရီးမသွားသင့်တဲ့ နိုင်ငံအဖြစ် အမေရိကန်ပြည်ထောင်စု ကောင်စီရေးရာဌာနက ထုတ်ပြန်ခဲ့ပါသေးတယ်။ ဒီလိုကြေညာချက်ဟာ အမေရိကန်တွေကို သာမက တခြားနိုင်ငံက ဧည့်သည်တွေကို သက်ရောက်မှု ရှိခဲ့တယ်လို့ ဆိုရမှာပါ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ သူ့ရဲ့ ရုရှားခရီးစဉ်မှာ ရုရှားကမ္ဘာ့လှည်ခရီး သွား တသန်း လာမှာဖြစ်လို့ ရုရှား- မြန်မာ လေကြောင်းလိုင်း တိုက်ရိုက်ပြေးဆွဲမယ်၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ရုရှားစကားပြော သင်တန်းဖွင့်ကြ ဆိုပေမယ်၊ ဒီနေ့ ဒီအချိန်အထိ သူပြောတဲ့ ရုရှားခရီးသွားဆိုတာ လောက်လောက်လားလား မတွေ့သေးပါဘူး။
စစ်ကောင်စီရဲ့ သတင်းတွေမှာ ဖော်ပြနေတဲ့ ရုရှားစီးပွားရေး လုပ်ငန်းရှင်တွေ ဆိုတာကလည်း မြန်မာမှာ ရင်းနှီးမြုပ်နှံဖို့ ဆိုတာထက် မိမိအကျိုးစီးပွားအတွက် ရေခပ်ချင်တဲ့သူက ခပ်များများပါ။
စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကို ရှောင်တဲ့ ရုရှားလူငယ်အများစုကလည်း မြန်မာပြည်ကို မလာ၊ ပျော်စရာပေါတဲ့ ထိုင်းနိုင်ငံက ဖူးခက်၊ ကရာဘီ၊ ဟွာဟင်၊ ဘန်ကောက် စတဲ့ ဒေသတွေမှာဘဲ စစ်ဘေးရှောင်နေတော့ စစ်ကောင်စီ ထင်သလို မဖြစ်ဘူးလို့ ဆိုရမှာပေါ့။
နှစ်စဉ် ရွှေတိဂုံနဲ့ ကျိုက်ထီးရိုးဘုရား လာဖူးတဲ့ ထိုင်းဧည်သည်တောင်မှ မြန်မာ့အခြေအနေကြောင့် လာရောက်လည် ပတ်မှု အင်မတန်နဲသွားခဲ့တယ်လို့ သိရတယ်။
ဒါကြောင့် နိုင်ငံရေး မတည်ငြိမ်သရွေ့၊ ပုံမှန်အခြေအနေ ပြန်မရောက်နိုင်သရွေ့ ၊ ပြဿနာ ရေသောက်မြစ်ကို အဖြေမရှာ သရွေ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး၊ စီးပွားရေးတည်ငြိမ်ဖို့ဆိုတာ အိပ်မက်တောင် မက်မရတဲ့ အရာ ဖြစ်နေပါ လိမ့်မယ်လို့ သုံးသပ်မိပါတယ်။