စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် လဝက်အကြာ စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ်သည် ရွာ ၁၉ ရွာကို မီးရှို့ ဖျက်ဆီးခဲ့သလို ဒေသခံ ၃၀ ကျော်ကိုလည်း ဖမ်းထားကြောင်း သိရသည်။
ဒီဇင်ဘာ ၁ ရက်မှ စ၍ ဒီပဲယင်းမြို့နယ်အတွင်းသို့ တပ်မ ၇၇ လက်အောက်ခံ ရန်ကုန်တိုင်း မှော်ဘီအခြေစိုက် ခြေမြန် တပ်ရင်း(ခမရ) ၇၀၁ နှင့် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကွဲမှု ဌာနချုပ် လက်အောက်ခံ မော်လိုက်အခြေစိုက် ခမရ ၃၆၄ တို့မှ ပူးပေါင်း အင်အား ၁၅၀ ကျော်ပါ တပ်များသည် စစ်ကြောင်း နှစ်ကြောင်းခွဲ၍ တရွာဝင်တရွာ ထွက် စီးနင်း မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။
ထို့သို့ ဝင်ရောက် စီးနင်းမှုတွင် ဒေသခံများ၏ အဖိုးတန်ပစ္စည်းများအား ယူဆောင်ကြအပြင် နေအိမ်များကိုလည်း မီးရှို့ ခဲ့ရာ စုစုပေါင်း ရွာ ၁၉ ရွာရှိ နေအိမ် ၁,၇၀၃ လုံးထိ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများ ပြုစုထားသည့် စာရင်းများ၌ ဖော်ပြထားသည်။
ယင်းစာရင်းများအရ မီးရှို့ခံရသည့်ရွာများမှာ ပျော်ဘွယ်၊ မဲအိုး၊ ညောင်ကြီးကုန်း၊ လက်ယက်ကုန်း၊ မူးခံတွင်း၊ ညောင် လှ၊ ကံကုန်း၊ ဝဲကြီး၊ သပြေသာ၊ ရုံးသာ၊ နများ၊ ယဉ်ကျေး၊ မူးရိုးကုန်း၊ ဘန့်ဘွေး၊ အင်ပင်၊ ကုန်းတဲ၊ ကုန်းကြီး၊ ပေါက် ရင်းနှင့် ချောင်းပေါက်ရွာတို့ ဖြစ်ကြောင်း သိရသည်။
နေအိမ်များ မီးလောင်ပျက်စီးခဲ့ရသည့် ဒေသခံများ အနေဖြင့် လတ်တလောတွင် ဘုန်းကြီးကျောင်းများ၌ ခိုလှုံနေထိုင် ကြသလို တချို့မှာလည်း ရွာအနီးဝန်းကျင် အဆင်ပြေသည့် နေရာများတွင် မိုးကာဖြင့် တဲထိုးပြီး နေထိုင်နေရကြောင်း ဒေသခံများက ဆိုသည်။
နများရွာ ဒေသခံတဦးက “အကုန်လုံးကတော့ ပြာအတိပဲ။ မြေဩဇာ လုပ်ထားတဲ့ နွားချေးပုံကအစ ရှို့တယ်။ ရေတွင်း လည်း ရှို့တယ်။ အိမ်သာလည်းရှို့၊ ထင်းပုံကအစ ရှို့တာ။ မီးမလောင်တဲ့ အိမ်တွေလည်း အခွံပဲ ကျန်တော့တာ။ ကျန်တဲ့ ပစ္စည်းတွေကတော့ တရွာလုံး ပါသွားတာပဲ။ အခုကတော့ မိုးကာထိုးပြီး နေကြသလို ဘုန်းကြီးကျောင်းထဲမှာလည်း နေရတဲ့လူတွေ ရှိတာပေါ့” ဟု ပြောသည်။
အဆိုပါ နများရွာမှာ နေအိမ် ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရသည့် ရွာတရွာ ဖြစ်ပြီး စစ်ဘေးရှောင်၊ မီးဘေးရှောင် ဒေသခံ ပြည်သူများ အနေဖြင့် စားရေးသောက်ရေးအတွက် ဘေးပတ်ဝန်းကျင် နီးစပ်ရာကျေးရွာများက ဝေပေးသည့် ထမင်းထုပ်များဖြင့် ရှေ့ဆက်နေရကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၂ ရက်မှ ဒီဇင်ဘာ ၁၃ ရက်ထိ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်များက နေအိမ်ပေါင်း ၃,၀၆၁ ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။
ထို့ပြင် ခင်ဦးနှင့် ရွှေဘိုမြို့နယ်မှ ဒီပဲယင်းသို့ စစ်ရှောင်လာသူ ၂၆ ဦးနှင့် ဒီပဲယင်းမြို့နယ်အတွင်းက ဒေသခံ ၉ ဦး၊ စုစုပေါင်း ၃၅ ဦးကို အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၃ ရက် ကတည်းက ဖမ်းဆီးသွားခဲ့ပြီး ယနေ့ အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။
ဖမ်းဆီးခံထားရသူများမှာ ခင်ဦးမြို့နယ် တာတိုင်ရွာမှ ၁၅ ဦး၊ ရွှေဘိုမြို့နယ် သပွတ်တောရွာမှ ၁၁ ဦး၊ ဒီပဲယင်းမြို့နယ် အင်ပင်ရွာမှ ဘုန်းကြီး ၁ ပါး၊ မူရိုးကုန်းရွာမှ ၁ ဦးနှင့် နများရွာမှ ၇ ဦးတို့ ဖြစ်ကြောင်း သိရပြီး ၎င်းတို့အနက် ၁၃ နှစ် အရွယ် ယောက်ျားလေး ၂ ဦး ပါဝင်ကာ ဖမ်းခံထားရသူ တချို့မှာလည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာ တလျှောက်တွင် အထုပ်အပိုးများ သယ်ဆောင်ပေးနေရကြောင်း ဒေသခံများက ဆိုသည်။
မျက်မြင်တွေ့ရှိသူ၏ ပြောပြချက်ကို ကိုးကားပြီး ဒေသခံတဦးက “ခင်ဦးမြို့နယ်ထဲက ဖမ်းခံရတဲ့ ၂ ယောက်ကို အထုပ် တွေ ထမ်းပြီးတော့ မနေ့က ရေဦး-ဒီပဲယင်းအစပ်မှာ တွေ့လိုက်ရတယ်ပေါ့။ ကုန်စိမ်းရောင်းတဲ့လူကို မနေ့က ဖမ်းပြီး တော့ ထိုင်ခိုင်းထားတဲ့ အချိန်မှာ အဲဒီ ၂ ယောက်က အနားကပ် ပြောတာပေါ့။ သူတို့ အသက်ရှင်သေးတဲ့အကြောင်း သူ့ရွာကို ပြောပေးဖို့ပေါ့” ဟု ပြောသည်။
ယင်းသို့ ဖမ်းဆီးခံထားရသူများ ၁ ပတ်ကျော် ကြာသည်အထိ ပြန်လည် လွတ်မြောက်ခြင်း မရှိသေးသည့်အတွက် မိသားစုဝင်များနှင့် ဒေသခံများက စိုးရိမ်စိတ်မှု မြင့်တက်လျက် ရှိကြောင်း သိရသည်။
တာတိုင်ရွာခံ တဦးက “မိသားစုတွေတင်မကဘူး ကျနော်တို့ ဒေသတခုလုံးက စိုးရိမ်နေကြတာ။ အခုက ဝင်တဲ့ရွာတိုင်း ကို မီးနဲ့ရှို့နေတာ။ တွေ့တာတွေ အကုန်ဖမ်းခေါ်တော့ ကိုယ့်အလှည့် ဘယ်တော့ရောက်မလဲလည်း အထိတ်တလန့် စိုးရိမ်နေရတာပဲ။ ကလေးလည်း အလွတ်မပေးဘူး။ သူတို့ ခေါ်ချင်တဲလူ ခေါ်သွားတာပဲ” ဟု ပြောသည်။
ဒီပဲယင်းမြို့နယ်အတွင်း ၁၂ ရက်ကြာ စစ်ကြောင်းထိုးခဲ့သည့် အဆိုပါ စစ်ကောင်စီတပ်များသည် ယမန်နေ့က ရေဦး မြို့နယ်သို့ ရောက်ရှိသွားပြီး ယင်းမြို့နယ်အတွင်းက မိဿာရွာကိုလည်း ယနေ့ နံနက်အစောပိုင်းမှ စတင်၍ မီးရှို့နေ ကြောင်း ဒေသခံများထံမှ သိရသည်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP-Myanmar) ၏ အချက်အလက်များအရ စစ်တပ် အာဏာ သိမ်းပြီးနောက် အောက်တိုဘာ ၃၁ ရက်ထိ နေအိမ်နှင့် အဆောက်အအုံပေါင်း ၃၈,၅၆၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီး ခံရသည့်အနက် ၇၀ ရာခိုင်နှုန်းမှာ စစ်ကိုင်းတိုင်းမှ ဖြစ်ကြောင်း သိရသည်။
အာဏာသိမ်း စစ်ကောင်စီဘက်ကမူ ပြည်သူများ၏ နေအိမ်များအား မီးရှို့ခြင်း မရှိကြောင်း အမြဲငြင်းဆိုလေ့ရှိပြီး ကချင် လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၂ အတွင်း စစ်ကိုင်းတိုင်း၌ အိမ်ခြေ ၂၄၈ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း နိုဝင်ဘာ ၂၈ ရက်က စွပ်စွဲထုတ်ပြန်ထားသည်။
You may also like these stories:
ဒီပဲယင်းတွင် ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီ ဖမ်းကာ လူသားဒိုင်းလုပ်နေ
မီးရှို့ခံရသည့် ကာဘိုးနယ်မှ ရွာ ၃ ရွာ အကူအညီများ လိုအပ်နေ
ဧရာဝတီမြစ်ဘေး ကျေးရွာ ၂၀ မှ ဒေသခံများ ထွက်ပြေးနေကြရ
ထီးချိုင့်၌ တပတ်အတွင်း ရွာ ၇ရွာ မီးရှို့ခံရ၊ အိမ် ၄၅၀ ကျော်နှင့် စပါးတင်း ထောင်ချီ ဆုံးရှုံး