အာဏာသိမ်းစစ်ကောင်စီနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင် (EAOs) ၇ ဖွဲ့၏ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲမှာ လတ်တလော မဖြစ်နိုင်သေးကြောင်း အဆိုပါ EAOs များထံမှ သိရသည်။
စစ်ကောင်စီနှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးနိုင်ရန် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA (PC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ပအိုဝ်းအမျိုးသားလွတ်မြေက်ရေးအဖွဲ့ချုပ် (PNLO) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့က ဒီဇင်ဘာ ၇ ရက်တွင် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်ထံ အဆိုပြုကမ်လှမ်းခဲ့သည်။
ယင်း အဆိုပြုချက်ကို လတ်တလောတွင် မတွေ့ဆုံနိုင်သေးကြောင်း စစ်ကောင်စီ၏ (NSPNC) က အပစ်ရပ် EAOs ၇ ဖွဲ့ထံ အကြောင်းပြန်ထားကြောင်း စစ်ကောင်စီနှင့် အလွတ်သဘောတွေ့ဆုံရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဧရာဝတီသို့ ပြောသည်။
၎င်းက “ကျနော်တို့စတင်အဆိုပြုခဲ့တဲ့ ၇ ရက်နေ့ပြီး နောက်တရက်မှာပဲ။ NSPNC က သဘောထား ပြန်ကြား လာတာရှိတယ်။ ပြန်ကြားချက်ကိုတော့ ကျနော်အသေးစိတ်မပြောတော့ဘူး။ ပုံမှန်အနေအထားမဟုတ်တဲ့ နိုင်ငံရေးအခင်းအကျင်းမှာ မြေပြင်မှာလည်း အခက်အခဲတွေရှိသလို တနိုင်ငံလုံးမှာလည်း အခက်အခဲ အကျပ်အတည်းတွေရှိတဲ့ အတွက် အဆိုပြုထားတဲ့ရက်မှာ တွေ့ဆုံနိုင်ဖို့က လောလောဆယ် အစီအစဉ်မရှိသေးဘူးပေါ့။ ဒါကြောင့် ဒီကိစ္စက လောလောဆယ် အကောင်အထည်ဖော်နိုင်တာ မရှိသေးပါဘူး” ဟု ဆိုသည်။
ဧရာဝတီက ရရှိထားသည့် EAOs (၇) ဖွဲ့က စစ်ကောင်စီထံ ပေးပို့သော စာတွင် အလွတ်သဘောဆွေးနွေးညှိနှိုင်းရေး အဖွဲ့အနေဖြင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ရည်ရွယ်ကာ နှစ်ဖက်လက်ခံနိုင်သော ဘုံသဘောထားနှင့် သဘောတူညီချက်များ ရရှိနိုင်ရေး ကြိုးပမ်းသွားရန် ဆန္ဒရှိကြောင်း ဖော်ပြထားသည်။
၎င်းတို့အနေနှင့် ဒီဇင်ဘာလ ၁၂ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တဖက်လျှင် ကိုယ်စားလှယ်အနည်းငယ်ဖြင့် သိုသိပ်စွာ အလွတ်သဘော ဆွေးနွေးလိုကြောင်း ၊ ဒီဇင်ဘာ ၁၅ ရက်မှ ၁၆ ရက်အထိ တောင်ကြီးမြို့ (သို့မဟုတ်) မော်လမြိုင်မြို့တွင် နှစ်ဖက်ကိုယ်စားလှယ်စုံညီစွာဖြင့် အလွတ်သဘောဆွေးနွေးလိုကြောင်း စာအရ သိရသည်။
စစ်ကောင်စီနှင့် အလွတ်သဘောတွေ့ဆုံရန် အဆိုပြုထားသည့် PNLO အဖွဲ့၏ ဦးဆောင်နာယကဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာကလည်း အပစ်ရပ် EAOs ၇ ဖွဲ့သည် လက်ရှိမြန်မာနိုင်ငံ ကြုံနေရသည့် နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် စစ်ကောင်စီနှင့် အလွတ်သဘောတွေ့ဆုံရန် အဆိုပြုခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက“ဘာကိုဆွေးနွေးဖို့လိုသလဲဆိုတော့ လက်ရှိအကျပ်အတည်းကို ဘယ်လိုကျော်လွှားမလဲ။ နေ့စဉ်နဲ့အမျှ လူတွေပျက်စီးဆုံးရှုံးနေတာကို ဘယ်လိုရပ်မလဲ။ အဲဒါကို အဖြေရှာရင် ကောင်းမယ်ဆိုပြီး အလွတ်သဘော ၊ Low Profile ညှိရင်ကောင်းမယ်ဆိုတာပါ။ ဒါကြောင့် ကျနော်တို့ ၂ ကြိမ်ညှိပြီးပြီ ပထမတကြိမ်က တဖွဲ့ချင်း၊ ဒုတိယတကြိမ်က ၃ ဖွဲ့တခါ။ အခုတခါတော့ စုစုစည်းစည်းနဲ့ညှိနှိုင်းရင်ကောင်းမယ်။ တိုင်းပြည်ရဲ့ ရှေ့ရေးအတွက် အဲဒါကို ရည်ရွယ်တာပါ။ အခုထိတော့ အဲဒီကိစ္စက မအောင်မြင်သေးပါဘူး” ဟု ဆိုသည်။
NCA လက်မှတ်ထိုးထားသော်လည်း အာဏာသိမ်းစစ်ကောင်စီတပ်အား လက်နက်ကိုင်တိုက်နေသည့် ကရင်အမျိုးသားအစည်း အရုံး (KNU) ကမူ စစ်ကောင်စီနှင့် ဆွေးနွေးရေး လုပ်ရန် ၎င်းတို့တွင် ဆန္ဒမရှိကြောင်း ဆိုသည်။
KNU နိုင်ငံခြားရေးဌာန အကြီးအကဲ ပဒိုစောတောနီးက“စစ်တပ်က အာဏာသိမ်းပြီးကတည်းက တရားမဝင်ဖြစ်သွားပြီ။ သူတို့နဲ့သွားစကားပြောရင် ကျနော်တို့က တရားမဝင်ဖြစ်သွားမှာ အဲဒါကြောင့် ကျနော်တို့ လုံးဝမလုပ်ဘူး။ ဒီနေ့ဒီကာလမှာ စစ်အုပ်စုဘာတွေလုပ်နေသလဲ။ အကြမ်းဖက်စစ်အုပ်စုက တချိန်လုံးလူသတ်နေတယ်။ တချိန်လုံး လူထုကို ဒုက္ခပေးပြီး အကုန်ရှို့ ၊ အကုန်သတ်လုပ်နေတာလေ။ သူတို့နဲ့ သွားပြီး ထိုင်စကားပြောရင် ကိုယ်ကလည်း သူတို့နဲ့အတူတူဖြစ်သွားမှာလေ။ အဲဒါကြောင့် ကျနော်တို့က လုံးဝ မလုပ်ဘူး” ဟု ပြောသည်။
စစ်ကောင်စီသည် တဖက်ကို အပစ်ရပ်ပြီးနောက် အခြား တော်လှန်ရေးအဖွဲ့များအား တိုက်ခိုက်ချေမှုန်းသည့် နည်းဗျူဟာအား ကျင့်သုံးနေကြောင်း၊ ယင်းအချက်ကို တော်လှန်ရေးအဖွဲ့များက သတိထားကာ စစ်ကောင်စီအား အတူပူးပေါင်းတော်လှန်ရန်လိုအပ်ကြောင်း ပဒိုစောတောနီးက ပြောသည်။
နိုင်ငံရေးလေ့လာသူတဦးကလည်း စစ်ကောင်စီနှင့် အလွတ်သဘောတွေ့ဆုံရန် ကြိုးပမ်းသည့် EAOs များသည် အင်အားနည်းပါးနေသည့် လက်နက်ကိုင်အဖွဲ့များဖြစ်ပြီး ၎င်းတို့ အဖွဲ့ရပ်တည်ရေးအတွက် စစ်ကောင်စီနှင့် ဆွေးနွေးရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆိုသည်။
၎င်းက “ဒီ ၇ ဖွဲ့မှာ RCSS ကလွဲရင် ကျန်တဲ့ ၆ ဖွဲ့က အင်အားမရှိပါဘူး။ ဒါကြောင့် သူတို့ရပ်တည်ရေး ကြိုးစားနေကြတဲ့ သဘောပါပဲ။ RCSS က အင်အား တစုံတရာရှိပေမယ့် SSPP (ရှမ်းပြည်တိုးတက်ရေးပါတီ) တို့နဲ့ ပဋိပက္ခတစုံတရာ ရှိတဲ့အခါကျတော့ တပ်နဲ့ အဆင်ပြေအောင်နေပြီး SSPP တို့ ၊ ဝ တို့ကြားက ပဋိပက္ခကို ရင်ဆိုင်နိုင်ဖို့ ကြိုးစားနေတာပဲ။ ဆိုလိုတာကတော့ သူတို့တွေက ကိုယ့်အကျိုးစီးပွားအပေါ် ကိုယ်ရပ်တည်ပြီးလုပ်နေကြတာပဲ” ဟု ပြောသည်။
အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း အကျဉ်းသားများကိုလွှတ်ပေးပြီး EAOs များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေကြောင်း အာဆီယံအဖွဲ့နှင့် နိုင်ငံတကာအား ပြသလိုသဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ များလုပ်ဆောင်နေခြင်းဖြစ်ကြောင်းလည်း ဆက်၍ ရှင်းပြသည်။
၎င်းက “စစ်တပ်ဟာ ငြိမ်းချမ်းရေး တကယ်လိုလားတဲ့ အဖွဲ့တွေနဲ့ သူက တွေ့ဆုံဆွေးနွေးမှုတွေ အောင်အောင်မြင်မြင် လုပ်နေတယ်။ အခုဆွေးနွေးလို့မရတာက အကြမ်းဖက်အဖွဲ့တွေဖြစ်တယ်ဆိုတဲ့ အာဘော်ဖန်တီး နေတာဖြစ်တယ်။ ဂျပန်က ဆာဆာကာဝါရဲ့ အာဘော်က အားလုံးပါဝင်ရေးဆိုတာ မှန်ပေမယ့် ရှိတဲ့အဖွဲ့တွေနဲ့ အရင်စလုပ်ပြီး ငြိမ်းချမ်ရေးသွားသင့်တယ်ဆိုတာမျိုး ဖန်တီးထားတာ။ သူတို့ (စစ်တပ်)ကလည်း အဲ့ဒီအာဘော်နောက်ကို လိုက်နေတာပဲ” ဟု မှတ်ချက်ပေးသည်။
အာဏာသိမ်းစစ်ကောင်စီ ဥက္ကဌသည် ငြိမ်းချမ်းရေးရရန်အတွက်ဟုဆိုကာ ၎င်းတို့နှင့် ပဋိပက္ခဖြစ်ပွားခြင်းမရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့် ၂ ကြိမ် တွေ့ဆုံဆွေးနွေးထားသည်။
You may also like these stories:
စစ်ကောင်စီ၏ EAO များနှင့် ဆွေးနွေးပွဲ နိုင်ငံတကာအတွက် ဟန်ပြသာဖြစ်ဟုဆို
အာဆီယံအထူးကိုယ်စားလှယ်နှင့် တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့ တွေ့မည်
အာဏာသိမ်းပြီး ခြေကုပ်စခန်း ၉၀ ခန့် စစ်ကောင်စီဆုံးရှုံး
အာဆီယံအထူးကိုယ်စားလှယ်နှင့် PPST တွေ့မည့် အစီအစဉ်ပျက်
အာဏာသိမ်းခေါင်းဆောင်ဖိတ်သည့် ဆွေးနွေးပွဲသို့ တက်ရန် အပစ်ရပ် ၅ ဖွဲ့ဆုံးဖြတ်