မန္တလေးတိုင်း တံတားဦးမြို့ အရှေ့ဘက်ကို ဗဟိုပြု၍ ယနေ့ နံနက် ၃ နာရီကျော်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် တံတားဦးမြို့နယ်၊ အင်း၀ ရှေးဟောင်းနယ်မြေနှင့် စစ်ကိုင်းမြို့ ၊ မင်းကွန်းဒေသမှ စေတီပုထိုးများ ထိခိုက်ပျက်စီးမှုအချို့ ရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။
ငလျင်လှုပ်ပြီးနောက် ထိခိုက်ပျက်စီးမှု အခြေအနေများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက အင်းဝဒေသသို့ ကွင်းဆင်းစစ်ဆေးရာ သစ္စာတိုက်ဘုရား စနေထောင့် အက်ကွဲကာ နန်းမတော်မယ်နုအုတ်ကျောင်းနှင့် ဒေါ်ဂျမ်းဘုရားစု၊ မာန်အောင်ရတနာဘုရားစသည်တို့တွင် အနည်ငယ်ပျက်စီးသွားသည်ဟု ဆိုသည်။
အင်းဝရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက “မယ်နုအုတ်ကျောင်း၊ ရတနာဆီမီး၊ မာန်အောင်ရတနာဘုရားတွေက အနည်းငယ် ပျက်စီးခဲ့ပါတယ်၊ ခန့်မှန်း ၅ ရာခိုင်နှုန်းခန့်ပါပဲ၊ ကျန်တာတွေကတော့ နည်းနည်း အက်ကြောင်းထင်တာမျိုးလောက်ပဲ ရှိပါတယ်”ဟု ပြောသည်။
ထင်ရှားသည့် ဗားကရာကျောင်း၊ နန်းမြင့်မျှော်စင်၊ ဝင်္ကဘာ၊ မြင်းမိုရ်တောင်၊ တောင်လေးလုံး ကြောင်လိမ်ကျောင်း၊ စန္ဒမုနိ၊ မဟာမုနိ၊ လေးထပ်ကြီးဘုရားများ၊ ဆင်ကျုံးခံတပ်စသည့်တို့တွင် ထိခိုက်မှုမရှိကြောင်း၊ အင်းဝရှေးဟောင်းနယ်မြေမှ ပျက်စီးမှုအခြေအနေများကို ဆက်လက်၍ အသေးစိတ် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ကာ ဝန်ကြီးဌာနသို့ တင်ပြပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။
အင်အား ရစ်ချ်တာစကေး ၅ ဒဿမ ၂ အဆင့်ရှိ မြေငလျင်တခု ယနေ့နံနက် ၃နာရီ ၁၆မိနစ် ၃၅စက္ကန့်တွင် မန္တလေး မြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် ၁၅ မိုင်ခန့်အကွာ တံတားဦးမြို့အရှေ့ဘက် ၄ မိုင်ခန့်အကွာကို ဗဟိုပြု၍ လှုပ်ခတ်သွားကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
အင်းဝဒေသခံတဦးက “ဝမ်းသာစရာကောင်းတာက အင်းဝမှာ ပျက်စီးမှု အများကြီး မဖြစ်ခဲ့တာပါပဲ၊ တုရင်တွေ၊ မုခ်ပန်းတွေ၊ ထီးတော်တွေလောက်သာ ပျက်စီးတာပါ၊ ရတနာဆီမီးဘုရားကတော့ ထုပိကာ အက်သွားတယ်၊ မယ်နုအုတ်ကျောင်းကြီးက လိုဏ်မုခ်ပန်းတွေ ပျက်တယ်၊ မာန်အောင်ရတနာဘုရားက ဖောင်းရစ်အက်တယ်၊ သစ္စာတိုက်ဘုရားက လုံးတော် အနည်းငယ်အက်တယ်၊ ဒီလောက်ပဲ ရှိပါတယ်”ဟု ပြောသည်။
လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အင်းဝရှေးဟောင်းနယ်မြေရှိ ရှေးဟောင်းဘုရား စေတီ ပုထိုးအများအပြား ပျက်စီးမှုများ ဖြစ်ခဲ့သော်လည်း ယခုတကြိမ်တွင် အပျက်အဆီးနည်းပါးခဲ့သည်။
ယနေ့လှုပ်ခတ်သည့် ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ တံတားဦး၊ အင်းဝ၊ စဉ့်ကိုင်ဒေသများတွင်လည်း သိသိသာသာ ခံစားခဲ့ကြရသလို အိမ်အချို့ ပျက်စီးမှု ရှိခဲ့ကြောင်း၊ စစ်ကိုင်း မင်းကွန်းဒေသရှိ မြသိန်းတန်စေတီ စိန်ဖူးတော်နှင့် ငှက်မြတ် နားတို့ မြေခကာ မုခ်တချို့ ကွဲအက်ခဲ့ပြီး မင်းကွန်း ရှေးဟောင်းခြင်္သေ့ကြီး၏ လက်မောင်းရင်း ယခင်အက်ကြောင်းနေရာမှ တခြမ်းပဲ့ ပြိုကျခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် မန္တလေးမြို့၊ အမရပူရမြို့နယ် တောင်သမန်အင်းရှိ တောင်လေးလုံးကျောင်းတိုက်အနီးမှ စေတီအချို့လည်း ထိခိုက်မှုများ ရှိခဲ့ပြီး ပြည်ကြီးတံခွန်မြို့နယ်၊ ခန္တောကျောင်းတိုက် မဏိရတနာကျောင်းဝန်းအတွင်းရှိ ပတ္တမြားစေတီ စိန်ဖူးတော်မြေခခဲ့ကြောင်း၊ အလားတူ မဏိရတနာကျောင်းတော်ကြီး မျက်နှာကျက်များလည်း ပြိုကျကြောင်း၊ ယင်းအပြင် ဒက္ခိဏာဝန်ကျောင်းတိုက် သိမ်ကျောင်းအတွင်းမှ ဗုဒ္ဓဆင်းတုတော်တဆူ ဦးခေါင်းတော် မြေခခဲ့သလို ချမ်းအေးသာစံ မြို့နယ်၊ ပြည်ကြီးပျော်ဘွယ်ရပ်ကွက်အတွင်းရှိ နေအိမ်တလုံးမှ ဘုရားစင်တခုလည်း နောက်သို့လန်ကာ ပြိုသွားကြောင်း သိရသည်။
ယခုငလျင်လှုပ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ လူထိခိုက်မှုရှိ၊ မရှိနှင့် ပျက်စီးဆုံးရှုံးမှု အသးစိတ်ကို ဧရာဝတီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
၂၀၁၆ခုနှစ် သြဂုတ်လ ၂၄ ရက်က လှုပ်ခတ်သည့် ၆ ဒဿမ ၈ ပြင်းအားရှိ ပုဂံငလျင်အတွင်း ရှေးဟောင်း အဆောက်အုံနှင့် စေတီပုထိုး စုစုပေါင်း ၃၉၆ ခု ပျက်စီးခဲ့သည်။
You may also like these stories:
မန္တလေးနန်းမြို့ရိုးဘေး အပန်းဖြေစီမံကိန်းလုပ်ခြင်း အမွေအနှစ် ထိခိုက်မှုသာ ဖြစ်လာနိုင်
ဖားကန့်တွင် မြေစာပုံ ထပ်မံပြိုကျ လူ ၁၀၀ နီးပါးပျောက်ဆုံးနေ
ငလျင်လှုပ်ရင် ဘယ်လို အကာအကွယ်ယူရမလဲ