စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ယူထားသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (Arakan Liberation Party-ALP) အနေဖြင့် နယ်ခြားစောင့်တပ် (BGF) အသွင်ပြောင်းတော့မည်ဆိုသော ပြောဆိုချက်များ ထွက်ပေါ်နေခြင်းကို ငြင်းဆိုလိုက်ပြီး
ပါတီတွင်း၌လည်း ဆွေးနွေးခြင်း၊ ဆုံးဖြတ်ထားခြင်းများ မရှိကြောင်း ALP ခေါင်းဆောင်ပိုင်းက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ နောက်ဆုံးအပတ်က စစ်တွေမြို့ ၌ဟု ယူဆရသော တနေရာတွင် စစ်ကောင်စီတပ် ယူနီဖောင်းနှင့် ဆင်တူပြီး လက်မောင်းတံဆိပ်သာ ကွာခြားသည့် ဝတ်စုံများကို ဝတ်ထားသော ALP ရဲဘော်သစ် သင်တန်းဆင်းပွဲ ဓာတ်ပုံ များ လူမှုကွန်ရက်တွင် ပျံ့နှံခဲ့ရာမှ ရခိုင်ပြည်နယ်တွင် နယ်ခြားစောင့်တပ် (BGF) အဖွဲ့သစ် ပေါ်တော့မည်ဆိုကာ လူထု အကြား ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်နေခြင်းဖြစ်သည်။
ထိုသို့သော ထင်မြင်ချက်များနှင့် ပတ်သက်၍ ALP ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ
“ဒီနေ့အချိန်ထိ ဆွေးနွေးနေကြတဲ့အထဲမှာ BGF အသွင်ပြောင်းဖို့ ပါတီမှာ ဆုံးဖြတ် ချက်လည်း မရှိသေးဘူး။ ကိုယ်တို့ ကလည်း BGF အသွင် ပြောင်းပါမယ်လို့ ပြောထားတာ တခုမှ မရှိသေးဘူး” ဟု ဖြေကြားသည်။
သို့သော် လက်ရှိတွင် ALP ပါတီ တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီတပ်နှင့် တူညီသော ဝတ်စုံများ ဝတ်ဆင်ပြီး စစ်တွေမြို့၏ စက်ရုံစုရပ်ကွက် (မီးလောင်မြေ)တွင် ရုံးစိုက်ကာ ယင်းရုံး ရှေ့၌ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ပြီး လမ်းသွားလမ်းလာ ပြည်သူများအား စစ်ဆေးမှုများ ပြုလုပ်နေသည်။
စစ်တွေမြို့ခံတဦးက “ALP ပါတီက ပြည်သူကို ကာကွယ်ပါမယ်လို့ ကတိသစ္စာ ဆိုထားပြီးတော့ စက်ရုံစုရပ်ကွက်ထဲက လမ်းမှာ စစ်ကောင်စီ ယူနီဖောင်းတွေ ဝတ်ပြီးတော့ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာက ပြည်သူတယောက် အနေနဲ့ နားမလည်နိုင်ဘူး။ ပြည်သူတွေအတွက် အလုပ်လုပ်နေရင် ပြည်သူကို ဘာ မသင်္ကာစရာရှိလဲ။ အခုက စစ်ကောင်စီထက် တောင် ဆိုးတယ်။ ဖုန်းတွေပါ စစ်ဆေးတာ” ဟု ပြောသည်။
ရခိုင်လူထု၏ အမြင်တွင် လက်နက်ကိုင်တော်လှန်ရေး ၂ဖွဲ့ ရှိသည့်အနက် ရက္ခိုင့်တပ်တော် (AA)က စစ်ကောင်စီတပ်နှင့် တိုက်ပွဲကြီး၊ တိုက်ပွဲငယ်များ ဖြစ်ပွားနေသော်လည်း ALP ပါတီ အနေဖြင့်မူ စစ်ကောင်စီနှင့် မည်သည့်တိုက်ပွဲမှ မရှိသလို နေပြည်တော်၌ စစ်ကောင်စီက ပြုလုပ်သည့် ဆွေးနွေးပွဲများနှင့်သာ အချိန်ကုန်နေသည်ဟု ထင်မြင်နေကြသည်။
“သူတို့ ရွေးချယ်စရာ ထွက်ပေါက်မရှိ ဖြစ်နေတယ်။ နောက်ဆုံး လုပ်ပိုင်ခွင့်တွေ ရလာမလားဆိုပြီး စစ်ကောင်စီကို ပလူး ပလဲ ပေါင်းလာတယ်။ အဲဒီလို ပေါင်းရင်လည်း အင်အားမရှိတော့ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းတခုလို တနေ့ ထက်တနေ့ အသွင်ဆောင်လာတယ်။ အဲဒီအတွက် ပြည်သူတွေကို စစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေ လုပ်လာနေ တယ်။ အဲဒီလို လုပ်တာကလည်း ကိုယ့်အားနဲ့လုပ်တာ မဟုတ်ဘဲ စစ်ကောင်စီအားကိုးနဲ့ လုပ်နေတာမျိုးတွေ မြင်နေရ တယ်” ဟု ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ALP ပါတီနှင့် ပတ်သက်၍ ထိုသို့ မှတ်ချက်ပြုသည်။
ရခိုင်ဒေသခံအများစုကမူ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီဝင်များ၏ လုပ်ရပ်များနှင့် ပတ်သက်ပြီး လက်မခံနိုင်ကြသလို တကျော့ပြန် ရခိုင်တိုက်ပွဲ ကာလအတွင်း၌လည်း စစ်တပ်က စစ်တွေမြို့ခံများကို ဖမ်းဆီးရာတွင် ALP က ပူးပေါင်းပါဝင်ခြင်း၊ သတင်းအချက်အလက် ပေးခြင်းများ ပြုလုပ်ခဲ့သည်ဟုလည်း စွပ်စွဲပြောဆိုကြသည်။
အဆိုပါ ပြောဆိုမှုများနှင့် ပတ်သက်ပြီး ပါတီအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းခြင်း မရှိသလို ရခိုင်ပြည်သူများ ထိခိုက် နစ်နာအောင် မည်သည့်ကိစ္စကိုမှ လက်ရှိအချိန်ထိ လုပ်ဆောင်ခြင်း မရှိကြောင်း ALP ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက တုံ့ပြန်ပြောဆိုသည်။
“ကျမတို့ကို စွပ်စွဲနေတာ အများကြီးပဲ။ ပြောနေကြတာ အများကြီးပဲ။ ကျမတို့ သတင်းပေးစရာမှ မလိုတာ။ အခုလို အင်တာနက်ခေတ်မှာ ကျမတို့ သတင်းပေးစရာ မလိုဘူး။ အရမ်းကြီးနှိမ်လာရင် လူသားပဲလေ။ လူသားဆိုတော့ မခံချိမခံသာ ဖြစ်သွားတဲ့ ကိစ္စတွေ ဖြစ်နိုင်တယ်။ မရှိဘူးလို့ မပြောနိုင်ဘူး။ ဒါပေမဲ့ ပြည်သူလူထုတွေ နစ်နာအောင်လို့ ပူပေါင်းပါဝင်တာ၊ ဖမ်းတာ ဆီးတာ ဘာတခုမှ ALP က လုပ်တာ မရှိဘူး” ဟု ဒေါ် စောမြရာဇာလင်းက ပြောသည်။
ပြီးခဲ့သည့် သြဂုတ် ၇ ရက်ကလည်း ALP ပါတီဝင်များသည် စစ်တွေမြို့ စက်ရုံရပ်ကွက်မှ ကိုသိန်းဆန်းနှင့် ကိုအေးကိုတို့ကို သေနတ်ဖြင့် ပစ်ခတ်ပြီး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ကိုသိန်းဆန်းမှာ သေနတ်ဒဏ်ရာဖြင့် ထွက်ပြေး လွတ်မြောက်ခဲ့သော် လည်း ကိုအေးကိုမှာ ALP ပါတီဝင်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။
ALP ပါတီ ခေါင်းဆောင်များက အဆိုပါ ၂ ဦးအား ဖမ်းဆီးခြင်းမှာ သြဂုတ် ၂ ရက်တွင် ၎င်းတို့တပ်ဖွဲ့မှ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းအား AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ရာတွင် ပူးပေါင်းပါဝင်ခဲ့သူများအား တန်ပြန်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ သေနတ် ပစ်ခတ်ခြင်း၊ သေနတ်ကိုင် ဆောင်ခြင်းများ မရှိခဲ့ကြောင်း သတင်းမီဒီယာများသို့ ပြောဆိုထားသည်။
AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ALP သည် စစ်ကောင်စီနှင့် ပူးပေါင်းပြီး သစ္စာဖောက်လုပ်ရပ်များကို လုပ်ဆောင် နေကြောင်း ပြီးခဲ့သည့် သြဂုတ် ၁၁ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုထားသည်။
သို့သော် ALP ပါတီသည် ရခိုင့်တော်လှန်ရေးတွင် သမိုင်းအစဉ်အလာ ကြီးမားသည့် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တဖွဲ့ ဖြစ်သည့်အတွက် မတရားပြောဆို စွပ်စွဲခြင်းများကို ရှောင်ရှားကြရန် ပါတီထိပ်ပိုင်းခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက တိုက်တွန်းပြောဆိုသည်။
“အဖွဲ့ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ မာနဆိုတာ ရှိတယ်၊ သမိုင်းဆိုတာ ရှိတယ်။ လွန်လာတယ် ဆိုရင် လူသားတွေရဲ့ ခံစားချက်ဆိုတာ လူတိုင်းမှာ ရှိတယ်။ လူကြီးတွေက သည်းခံမှုတရားတွေ အများကြီး ထားနိုင်ပေမယ့်လို့ လူငယ်တွေက မခံမရပ်ဖြစ်တာတွေ အများကြီးရှိတယ်။ အဲဒါကြောင့် မတရားပြောတာမျိုးကို ဆင်ခြင်ကြဖို့ ပြောဆိုနေတဲ့လူတွေကို ကျမ အသိပေးပါတယ်။ မတရားတော့ မပြောပါနဲ့။ အခုအချိန်ထိတော့ ကျမတို့ ဘာမှလည်း မတရား မလုပ်သေးပါဘူး” ဟု သူက ဆိုသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အနေဖြင့် စစ်အင်အား မရှိခြင်း၊ ပါတီတွင်း နှစ်ခြမ်းကွဲခြင်းများ ဖြစ်ပေါ်နေသည့် အတွက် အင်အားချည့်နဲ့နေသည်ဖြစ်ရာ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်အသွင်ပြောင်းမည်လား (သို့မဟုတ်) နိုင်ငံရေး ပါတီအဖြစ် ရပ်တည်မလားဆိုသည့် ထွက်ပေါက်နှစ်ခုသာ ရှိကြောင်းလည်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်သည်။
“ALP အနေနဲ့ စစ်ကောင်စီ လက်အောက်ခံအဖြစ် အသွင်ပြောင်းမယ်ဆိုရင်တော့ သမိုင်းဆိုးသွား မယ်။ အကောင်းဆုံးကတော့ AA နဲ့ ပူးပေါင်းနိုင်ဖို့ လိုတယ်။ ပူးပေါင်းတယ်ဆိုတဲ့ အခါမှာလည်း ခွဲတမ်းအနေနဲ့ တောင်းဆို ခြင်းမျိုး မဟုတ်ဘဲ ရိုးရိုးသားသားနဲ့ ကျတဲ့နေရာက တာဝန်ထမ်းဆောင်မယ်ဆိုတဲ့ အဲဒီ လမ်းကြောင်းနဲ့ ပူးပေါင်းမယ် ဆိုရင်တော့ ဖြစ်နိုင်တယ်” ဟု သူက ပြောသည်။
သို့သော်ထွက်ပေါက်အဖြစ် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်အသွင်ပြောင်းခြင်း၊ ပြည်သူ့စစ်အဖြစ် ရပ်တည်ခြင်း များ ပြုလုပ်မည် ဆိုပါကလည်း ရခိုင်ပြည်သူများ လက်ခံမည့်ကိစ္စတခု မဟုတ်သလို ရက္ခိုင့်တပ်တော် (AA) နှင့်လည်း ထိပ်တိုက်တွေ့မည် အခြေအနေ ရှိကြောင်း စစ်ရေးနိုင်ငံရေး အကဲခတ်များက ဆိုသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ခေါင်းဆောင်များသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှ ၁၄ ရက်ထိ စစ်တွေမြို့တွင် အစည်းအဝေးတရပ် ကျင်းပခဲ့ပြီး အစည်းအဝေး၌ ခေါင်းဆောင်ပိုင်း သဘောထားကွဲလွဲမှု ဖြစ်ပေါ်ခဲ့သည့် အတွက် အစည်းအဝေးကို ရပ်နားခဲ့ရကြောင်း သိရသည်။
ယင်းအစည်းအဝေးအပြီးတွင် ပါတီထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်ကြသည့် ခိုင်ရဲခိုင် ဦးဆောင်သောအဖွဲ့နှင့် ခိုင်စိုးနိုင်အောင် ဦးဆောင်သော အဖွဲ့တို့ နှစ်ခြမ်းကွဲကာ ၂၀၂၂ ဇန်နဝါရီ ၆ ရက်နှင့် ဇန်နဝါရီ ၁၂ ရက်များတွင် တခုတည်းသော ပါတီတံဆိပ် ကို အသုံးပြုပြီး ပါတီစည်းမျဉ်းစည်းကမ်းများအား ဖော်ပြကြောင်း အပြိုင်အဆိုင် ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။
နောက်ပိုင်းတွင် ALP ၏ ထိပ်ပိုင်းခေါင်းဆောင်တဦး ဖြစ်သော ဦးခိုင်စိုးနိုင်အောင် အပါအဝင် ခိုင်ကျော်လှိုင်၊ ခိုင်လင်းခိုင် တို့ကို ထုတ်ပယ်လိုက်ကြောင်း ဦးခိုင်ရဲခိုင်နှင့် ဒေါ်စောမြရာဇာလင်းတို့ ဦးဆောင်သောအဖွဲ့က ၂၀၂၂ ဇန်နဝါရီ ၂၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သည် ၂၀၁၂ တွင် စစ်တွေမြို့၌ ပဏာမပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ၂၀၁၅ တွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးထားသည့်အဖွဲ့ ဖြစ်သည်။
You may also like these stories:
ALP သစ္စာဖောက်လုပ်ရပ်များ လုပ်နေဟု AA ပြော
ဒုဗိုလ်မှူးကြီးဖမ်းခံရမှု တန်ပြန်ဖမ်းဆီးမှုများ ပြုလုပ်သွားမည်ဟု ALP ဆို
ALP ဗဟိုကော်မတီဝင် ၁ ဦးကို AA ဖမ်းဆီးသွားဟုဆို
စစ်ကောင်စီနှင့် အပစ်ရပ် ၇ ဖွဲ့ တွေ့ဆုံ ဆွေးနွေးရေး မအောင်မြင်