စိတ်ဓာတ်ရေးရာနှင့် သြဇာအာဏာ ကျဆင်းလာသောကြောင့် မြန်မာစစ်ကောင်စီ သက်ဆိုးရှည်မည့် အခြေအနေမရှိကြောင်း စစ်ကောင်စီကို တိုက်နေသည့် အင်အားကြီးမားသော ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ခေါင်းဆောင် ဗိုလ်ချုပ် ဂွန်မော်က ပြောသည်။
KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ဂွန်မော်က လွတ်လပ်သောအာရှအသံ (RFA) သို့ “(စစ်ကောင်စီ) နောက်ထပ် အင်အားတိုးလာစရာလည်း မရှိတော့ဘူး။ ရှိပြီးသား အင်အားတွေကလည်း ချည့်နဲ့နေပြီ။ စိတ်ဓာတ်ရေးရာအရရော၊ လုပ်ဆောင်ချက်တွေရော ချိနဲ့နေပြီလို့ မြင်တယ်။ ရေရှည်ခံဖို့ဆိုတာ သူတို့အတွက် မျှော်လင့်ချက် မရှိသလောက်နီးပါး ဖြစ်သွားပါပြီ” ဟု ပြောသည်။
တော်လှန်ရေး အောင်မြင်မည်ဟု ယုံကြည်ကြောင်း ဗိုလ်ချုပ် ဂွန်မော်က ပြောပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း လက်နက်စွဲကိုင်သည့် လူထုခုခံတော်လှန်ရေးသမားများ၏ ရဲရင့်မှု၊ ပြတ်သားမှု၊ တီထွင်ဆန်းသစ်မှုနှင့် ရည်မှန်းချက် ရှင်းလင်မှုများကို ချီးကျူးသည်။ တော်လှန်ရေး အင်အားစုများ ညီညွတ်ရေးကိုလည်း တိုက်တွန်းသည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့က ထုတ်လွှင့်သည့် ထိုတွေ့ဆုံမေးမြန်းခန်းတွင် ဗိုလ်ချုပ် ဂွန်မော်က KIO နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ၎င်း၏ လွှတ်တော်အဖွဲ့အစည်းဖြစ်သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် မဟာမိတ် စစ်ရေးအုပ်စုများအကြား အပြန်အလှန် ယုံကြည်မှု၊ နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုရှိကြောင်း ပြောသည်။
ဗိုလ်ချုပ် ဂွန်မော်က “KIO လို့တောင် မဟုတ်တော့ဘူး၊ ကချင်တမျိုးသားလုံးကနေပြီးမှ CRPH နဲ့ NUG နဲ့ နားလည်မှု အပြည့်နဲ့ ပူးပေါင်းတာ ဖြစ်တယ်။ စစ်ရေးမှာကတော့ KIA က NUG ရဲ့ MOD နဲ့ C3C ဆိုတဲ့အဖွဲ့မှာ အစစအရာရာ တိုင်ပင်ပြီးတော့ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းအောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အပိုင်းကို စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။
KIA သည် ခုခံတော်လှန်ရေးသမား ၄,၀၀၀ ကျော်ကို လေ့ကျင့်ပေးခဲ့ကြောင်းနှင့် ယခုအခါ အဆင့်မြင့် မွမ်းမံသင်တန်းများ ပေးနေကြောင်း ပထမဆုံးအကြိမ် လူသိရှင်ကြား ဗိုလ်ချုပ် ဂွန်မော်က ပြောကြားသည်။
လူ ၇၅ ဦးကျော် သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရစေသည့် အနန့်ပါ KIO နှစ်ပတ်လည် ဂီတပွဲကို လေကြောင်းတိုက်ခိုက်မှုသည် ကချင်တိုင်းရင်းသားများ၏ “နှလုံးသားတွင် သံပူနှင့် တံဆိပ်ရိုက်ပေးသလို” ဖြစ်သွားကြောင်းလည်း သူကပြောသည်။
ထိုတိုက်ခိုက်မှု မတိုင်မီက စစ်ကောင်စီသည် စိတ်သဘောထားကောင်းရှိပြီး စေ့စပ်ညှိနှိုင်းမည်၊ တစုံတရာ လူထုကို ငဲ့ညှာမည်ဟု ထင်သည့် ကချင်တိုင်းရင်းသား အချို့ရှိသော်လည်း ယခုအခါတွင် ကချင်အသိုက်အဝန်းသည် အောင်ပွဲရသည်အထိ တိုက်ရန် ဆုံးဖြတ်လိုက်ကြောင်း ဗိုလ်ချုပ် ဂွန်မော်က ပြောသည်။
ခုခံကာကွယ်ရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်းလည်း ဗိုလ်ချုပ် ဂွန်မော်က ပြောသည်။
ယခုတိုက်ပွဲသည် တနိုင်ငံလုံးတွင် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ရမည့် တိုက်ပွဲဖြစ်ကြောင်း ၎င်းကပြောသည်။
“မှန်ကန်တဲ့လမ်းကြောင်းပေါ် ရောက်နေပြီလို့ ကျနော်ကတော့ ဒီလိုပဲယုံကြည်တယ်။ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ အရှေ့ကို အတူတကွ အောင်မြင်အောင် ဆက်သွားဖို့လိုပါတယ်။ ဆက်သွားရအောင်လို့ အားလုံးကို တိုက်တွန်းချင်ပါတယ်” ဟုလည်း သူက RFA ကို ပြောသွားသည်။
You may also like these stories :
ဆုံးရှုံးမှုကို ခွန်အားယူ၍ တော်လှန်ရေး ခရီးဆက်မည် ဟု KIO ကြေညာ
တေးဂီတပွဲ ဗုံးကြဲခံရမှုအပေါ် EAO ခေါင်းဆောင်အချို့၏ သဘောထား
ကချင်စစ်မျက်နှာကို မျှော်ကြည့်ခြင်း
အငြိုးကြီးသော စစ်တပ်၏ ကချင်အပေါ် ပစ်မှတ်ထားမှု နောက်ကွယ်