ဒီတပတ် သတင်းစုံကဏ္ဍမှာ TNLA မှာ စစ်ကောင်စီရဲ့ လေကြောင်း စစ်ဆင်ရေး ကျရှုံးမှု၊ စစ်ခေါင်းဆောင်က လူ့အခွင့်အရေးလေးစားပြီး အဂတိတိုက်ဖျက်မယ်တဲ့လားနဲ့ ဘီးကလေးကို စီးပြီး မျိုးချစ်စိတ်ပြခိုင်းတဲ့ စစ်ခေါင်းဆောင် တို့အကြောင်းတွေကို ရွေးချယ်တင်ပြလိုက်ပါတယ်။
TNLA မှာ စစ်ကောင်စီရဲ့ လေကြောင်း စစ်ဆင်ရေး ကျရှုံးမှု
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်က ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ်၊ ကုန်းသာ ရွာအနီးမှာရှိတဲ့ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်စခန်းတခုကို စစ်ကောင်စီ ဘက်က ရဟတ်ယာဉ် ၅ စီးနဲ့ စစ်သားတွေ ချပြီး အလစ်အငိုက် ဝင်တိုက်ဖို့ စီစဉ်ခဲ့ပါတယ်။
အခုလို TNLA နယ်ထဲကို လေကြောင်းကနေ ရုတ်တရက် စစ်ဆင်ရေး ဝင်ရတဲ့ အကြောင်းရင်းကတော့ TNLA ထိန်းချုပ် နယ်မြေ ရှမ်းမြောက်၊ မိုးမိတ်ဒေသ မိုလိုမှာ စက်လက်နက်ပစ္စည်းတွေ အများကြီး ဖမ်းမိတဲ့ ဖြစ်စဉ်ကနေ စပါတယ်။
ဒီလက်နက်တွေက စစ်ကိုင်းဒေသမှာရှိတဲ့ ဗိုလ်နဂါးဆီကို ထောက်ပံ့မယ့် လက်နက်တွေ ဖြစ်နေပြီး TNLA ရဲ့ လက်နက် တိုက်ထဲမှာလည်း လက်နက်တွေ ရှိနေသေးတယ်ဆိုတဲ့ သတင်းအရ လက်နက်တိုက်ကို ဝင်စီးဖို့ ကြိုးစားတာပဲ ဖြစ်ပါ တယ်။
မြန်မာစစ်တပ်ဟာ သူအာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ လုပ်ခဲ့တဲ့ စစ်ဆင်ရေး နည်းလမ်း အတိုင်း တိုက်ပွဲ အတွေ့အကြုံ များစွာရှိနေတဲ့ TNLA ကို သွားစမ်းတဲ့ စစ်ဆင်ရေး စိတ်ကူးကတော့ တကယ် အံ့သြစရာပါ။
စစ်ရဟတ်ယာဉ် ၅ စီးနဲ့ တစ်စီးမှာ လူ ၂၅ လောက် သယ်လာပြီး TNLA ရဲ့ အမာခံ စိုးမိုးထားတဲ့ မြေပေါ်ကို လူချ၊ တိုက်ပွဲ ဝင်ခိုင်းပြီးတော့ အပေါ်ကနေလည်း ပစ်ကူပေးမယ် ဆိုတဲ့ စစ်ဗျူဟာဟာ လွဲမှားခဲ့တာကို တွေ့ရပါတယ်။
နမ့်ဆန့်မြို့ အနောက်မြောက်ဘက်၊ မန်တုံမြို့ရဲ့ တောင်ဘက်၊ မိုးမိတ်မြို့ရဲ့ အရှေ့မြောက်ဘက်ခန့်မှာ ရှိတဲ့ ကုန်းသာ ခေါ် ရူဘြာန်ရွာ၊ ဟူမန်းရွာ၊ ပန်လော့ရွာ၊ မန်လုံရွာ တဝိုက်တွင် စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၅ စင်း ဖြန့်ခွဲဆင်းသက်ခဲ့ပြီး စစ် အင်အားများ ချထားပေးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ကင်းပုန်းဝပ်ပြီး စောင့်နေတဲ့ TNLA စစ်သားတွေရဲ့ ချက်ချင်း တုံ့ပြန် ပစ်ခတ်မှုတွေကြောင့် လူ ၁၀၀ ကျော် တင်လာတဲ့ စစ်ရဟတ်ယာဉ်တွေနဲ့ မြန်မာစစ်သားတွေဟာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘဲ အကျအဆုံးများစွာနဲ့ ကြုံတွေ့ ခဲ့ရပါတယ်။
စစ်ဆင်ရေး မအောင်မြင်ဘဲ ဝိုင်းညှပ် ဖိပြီး အတိုက်ခံရတဲ့အခါ ထုံးစံအတိုင်း လေကြောင်းကို အားကိုးပြီး နမ့်ဆန်မြို့နယ်ထဲ က ကုန်းသာရွာ တဝိုက်ကို ဗုံးမိုးတွေ ရွာခဲ့ပေမယ့် မြေပြင်မှာ ကျန်ခဲ့တဲ့ စစ်သားတွေကို ပြန်မကယ်နိုင်တော့ပါဘူး။
လူအင်အား ၁၂၀ လောက် ဆင်းလာပြီး တိုက်ပွဲဝင်တာမှာ လူ ၈၀ လောက် ၁ ရက်တည်း ကျဆုံးသွားခဲ့ပြီး ကျန်နေတဲ့ စစ် သား တွေထဲမှာလည်း အဖမ်းခံရသူနဲ့ တောထဲကို ထွက်ပြေးကြသူတွေပဲ ရှိပါတော့တယ်။
အခု တောထဲမှာ ကျန်နေခဲ့သူတွေကို TNLA က လိုက်လံ ရှင်းလင်းနေပြီး ဖမ်းမိရင် အရှင်ထားမှာ မဟုတ်ဘူးလို့ TNLA ဘက်က ကြုံးဝါးနေတဲ့ အသံတွေလည်း ကြားနေရပါတယ်။
အညာဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာတော့ တထောင့်ထိုးသေနတ်နဲ့ မီးကျိုးမောင်းပျက်သာ ရှိတဲ့ PDF တွေကို အနိုင်ယူ ရွာတွေကို မီးရှို့ပြပြီး အောင်ပွဲခံနေတဲ့ မြန်မာစစ်တပ် TNLA ခွင်မှာ စစ်ရေး ကျဆုံးတဲ့အခါ မြန်မာပြည်သူ တွေ ဝမ်းသာကြပါတယ်။
တပ်မတော်လို့တောင် မခေါ်တော့ဘဲ မီးရှို့တပ်၊ မုဒိမ်းတပ်၊ ခွေးတွေလို့တောင် သုံးနှုန်းနေတဲ့ စစ်သား သေဆုံးနေတဲ့ ပုံတွေ လူမှုကွန်ရက်စာမျက်နှာမှာ တက်လာရင် မြန်မာလူမျိုးတွေဟာ ဝမ်းမနည်းကြတော့ပါဘူး။ တိုင်းပြည်အတွက် အသက်စွန့် တာ မဟုတ်ဘဲ အာဏာရှင်တယောက်အတွက် အလုပ် လုပ်နေကြတာဖြစ်လို့ ပြည်သူတွေက ဝမ်းပန်းတသာတောင် ရှိနေ ကြတာ တွေ့မြင်ရပါတယ်။
အရင်က TNLA ၊ ရက္ခိုင်စစ်တပ် (AA) နဲ့ မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့ကို မြန်မာစစ်တပ်က ဓားပြဂိုဏ်းသာသာပဲ ရှိတဲ့ အဖွဲ့တွေ ဆိုပြီး သိပ်အလေးမထားခဲ့ပေမယ့် အခုတော့ ဒီအဖွဲ့တွေ ဘယ် လောက် အစွမ်းပြနိုင်သလဲဆိုတာ အသက်နဲ့ ရင်းပြီး သိသွားကြပါပြီ။
TNLA ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ် ရေးထိုးမထားသလို စစ် ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းချက်တွေကိုလည်း အပြတ် ပယ်ချ ထားတဲ့အဖွဲ့ ဖြစ်ပါတယ်။
အခု TNLA ဒေသ စစ်ဆင်ရေးကို ဘယ်တပ်တွေက ဦးဆောင်ပြီး ဝင်ရောက်လာတာလဲဆိုတာကို စုံစမ်းကြည့်တော့ ထူးခြားတာက နယ်မြေခံ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်က တပ်တွေမဟုတ်ဘဲ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက် အောက်ခံ မိုးမိတ် အခြေချဗျူဟာက ဦးစီးပြီး မိုးမိတ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၇၆၊ မံစီအခြေစိုက် ခြေမြန် တပ်ရင်း ခမရ၃၁၉၊ ဗန်းမော်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၁၂၁ တွေကို သုံးပြီး လှုပ်ရှားတိုက်ခိုက်ခဲ့ တာလို့ သိရပါတယ်။
နယ်မြေခံ လားရှိုး အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တပ်တွေကတော့ လက်နက်ကြီး ပစ်ကူသာပေးခဲ့ တယ်လို့ သိရပြီး၊ စစ်ဆင်ရေးမှာ ဘာကြောင့် မပါတာလဲဆိုတာကတော့ မေးခွန်းထုတ်စရာပါ။
ဒီလ ဒီဇင်ဘာလ ၁၅ ရက်ဟာ မြန်မာလေတပ်ရဲ့ မွေးနေ့ဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင် သူ့မွေးလမှာပဲ လေကြောင်း စစ်ဆင် ရေး ကျဆုံးခဲ့ရပါတာပဲ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်က မန္တလေးတိုင်း၊ မိတ္တီလာ၊ ရှမ်းတဲလေတပ်မှာ ၇၅ နှစ်မြောက် စိန်ရတု လေတပ် နှစ်ပတ်လည် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။
အဲဒီ အခမ်းအနားမှာ ရုရှားကနေ အသစ် ထပ်ရောက်လာတဲ့ SU-30 တိုက်လေယာဉ်အားလုံးကိုလည်း အလှပြ ပျံသန်းခဲ့ပြီး ရုရှား တိုက်လေယာဉ်မှူးတွေက ဦးဆောင် မောင်းနှင်ခဲ့ကြပါတယ်။ နောက်ပြီးတော့ စစ်ကောင်စီက တရုတ်နိုင်ငံဆီကနေ ဝယ်ယူထားတဲ့ FTC-2000G တိုက်လေယာဉ် ၆ စီးဟာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဒါပေမယ့် တရုတ်နဲ့ ပါကစ္စတန်နိုင်ငံတွေဆီကနေ မြန်မာစစ်တပ်က JF – 17 Thunder ဘက်စုံသုံး ကြားဖြတ် တိုက်လေ ယာဉ်တွေကတော့ ပစ်ခတ်မှုစနစ် အပါအဝင် ချို့ယွင်းချက်များစွာ ရှိနေလို့ ပါကစ္စတန် ပြန်လည်ပြင်ဆင်တာတွေ လုပ်နေ ရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာနေပါတယ်။
စစ်ကောင်စီကလည်း အခုလို PDF တွေနဲ့ တိုင်းရင်းသား ဒေသတွေမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပိုလုပ် နိုင်ဖို့ တရုတ်၊ ပါကစ်စတန်၊ ရုရှားတို့ ဆီကနေ လေယာဉ်နဲ့ လေကြောင်းနည်းပညာတွေ ရယူနေချိန်မှာ တဖက်ကလည်း မြန်မာနိုင်ငံက EAO တွေ၊ PDF တွေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေကို နည်းပညာနဲ့ လူကိုသေစေနိုင်ခြင်း မရှိတဲ့ အရာတွေ ထောက်ပံ့ပေးသွားဖို့ ပါဝင်တဲ့ ဘားမားအက် ဥပဒေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်က အမေရိကန် အောက် လွှတ်တော်က အတည်ပြုပေးခဲ့ပြီ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်က လူ့အခွင့်အရေးလေးစားပြီး အဂတိတိုက်ဖျက်မယ်တဲ့လား
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နဲ့ ၁၀ ရက်တို့မှာ ကျရောက်တဲ့ အပြည် ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့နဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တို့မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်း တွေက ခွေးပါးစပ်က နတ်စကားထွက် ဆိုသလို ဖြစ်နေတာကြောင့် ပြည်သူတွေကြားမှာ လှောင်ပြောင်စရာ ဖြစ်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆိုးဝါးလာတဲ့ အဂတိလိုက်စားမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ များစွာ ရှိနေတာကို လျစ်လျူရှုပြီး ဒီလိုပွဲတွေကို မျက်နှာပြောင်တိုက် လုပ်ရဲတာဟာ တော်တော် အံသြစရာ ကောင်းနေပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့မှာ စစ်ခေါင်းဆောင်က သူ့ရဲ့ မိန့်ခွန်းထဲမှာ မိမိ မိသားစုနဲ့ ဆွေမျိုးကောင်းစားရေး ဝါဒ အသုံးပြုခြင်း၊ မိမိနဲ့ နီးစပ်အဆင်ပြေသူ ကောင်းစားရေးဝါဒ ရှိခြင်းက အဂတိလိုက်စားမှုမြောက်တယ် လို့ ဆိုပါတယ်။
အဲဒီတော့ စစ်ခေါင်းဆောင်ရဲ့ မိသားစုက ရိုးရိုးကုတ်ကုတ်နဲ့ ဘာပိုင်ဆိုင်မှုမှ မရှိဘူးလို့ ထင်ကြပါသလား။
စစ်ခေါင်းဆောင်ရဲ့သား အောင်ပြည့်စုံဟာ ဧရာဝတီတိုင်းက ချောင်းသာ ပင်လယ်ကမ်းခြေမှာ Azura Beach Resort ကမ်း ခြေ အပန်းဖြေစခန်းကို ပိုင်ဆိုင်ထားပြီး သူပိုင်ဆိုင်တဲ့ Sky One ဆောက်လုပ်ရေး ကုမ္ပဏီကလည်း စစ်တပ်နဲ့ ဆက်စပ်တဲ့ လုပ်ငန်း မှန်သမျှကို လုပ်ပိုင်ခွင့်ရနေတာ ဖြစ်ပါတယ်။
စစ်သားများ မဖြစ်မနေ အာမခံထားရသည့် အောင်မြင့်မိုရ်မင်း အာမခံ ကုမ္ပဏီကို ပိုင်ပါတယ်။ ကန်သာယာဆေးရုံလည်း အပိုင်ပါ။ သူ့သမီး ခင်သီရိသက်မွန်ဆိုရင်လည်း အရင်က ရုပ်ရှင်နဲ့ မီဒီယာထုတ်လုပ်ရေး လုပ်ငန်းတခုဖြစ်တဲ့ Seventh Sense လုပ်ငန်းကို ပိုင်ဆိုင်ထားပါတယ်။ တခြား ပိုင်ဆိုင်မှုတွေ အများကြီး ရှိနေပါသေးတယ်။
ဒါတွေက သမာအာဇီဝ၊ ကိုယ့်ခွန်ကိုယ့်အားနဲ့ လုပ်လို့ ရလာတဲ့ ပိုင်ဆိုင်မှုတွေလု့ိ ဘယ်သူက ပြောရဲပါသလဲ။
တခြားသော စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေနဲ့ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တွေဟာလည်း အလွန် ချမ်းသာကြွယ်ဝ ကြပါတယ်။ သူတို့တွေကို လက်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စိစစ်ရဲပါသလား။ မြန်မာပြည်မှာ ဥပဒေ က ကွက်ကြားမိုးပဲ ရွာတာပါ။
စစ်သားဟောင်း တယောက် ပြောဖူးတာကတော့ စစ်တပ်ထဲမှာ အဂတိလိုက်စားသူတိုင်းကို အရေးယူစတမ်းဆိုရင် တပ် ရှေ့မှာ ထောင်တဲ့ အလံတိုင်တွေပဲ ကျန်ခဲ့လိမ့်လို့ ဆိုပါတယ်။
သူတို့ရဲ့ လစာဝင်ငွေနဲ့ဆိုရင် သူတို့စီးနေတဲ့ ဇိမ်ခံကားတစီးဝယ်ဖို့တောင် အင်မတန် ခက်ခဲစေမှာ ဖြစ်ပေမယ့် လက်တွေ့မှာ တော့ ဇိမ်ခံကား အစီးရေပေါင်းများစွာ ပိုင်ဆိုင်ကြပြီး သိန်းထောင်ချီတန်တဲ့ အိမ်တွေ ရန်ကုန်၊ နေပြည်တော်နဲ့ ပြင်ဦးလွင် မြို့တို့မှာ ရှိနေကြပါပြီ။
အဂတိ လိုက်စားမှုတွေနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုတောင် ပုဒ်မများစွာ တပ်ပြီး စွဲချက်တင်ရဲတဲ့ စစ် ခေါင်းဆောင်ရဲ့ မိသားစုဟာ မြန်မာနိုင်ငံမှာ အချမ်းသာဆုံးသူတွေထဲမှာ ပါဝင်လာနေပြီ ဖြစ်ပါတယ်။
နောက်တခုက လူ့အခွင့်အရေးနေ့မှာလည်း ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းကို လေးစားလိုက်နာကြဖို့ စစ်ခေါင်း ဆောင်က သူ့မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုလိုက်တာကြောင့် သူ့ကိုယ်သူပဲ ပြောနေတာလားလို့တောင် ထင်မိပါတယ်။
စစ်အာဏာသိမ်းပြီးကတည်းက စစ်တပ်က လမ်းတွေပေါ်မှာ စစ်ကြောရေးမှာ၊ နေရာတိုင်းမှာ လူတွေသတ်၊ အလောင်း ဖျောက်၊ ရွာတွေကို မီးရှို့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ချင်တိုင်းလုပ်နေတဲ့ စစ်ခေါင်းဆောင်က လူ့အခွင့်အရေး ကြေညာစာတမ်းကို လေးစားလိုက်နာဖို့ ပြောနေလို့ပဲ ဖြစ်ပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းက စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘယ်လိုတွေပဲ ဝေဖန်ထောက်ပြနေပါစေ စစ်ခေါင်းဆောင်ကတော့ အရှက်ကင်းကင်းနဲ့ပဲ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ လူ့အဖွဲ့အစည်းတခု ဖြစ်လို့ အလေးထား ဆောင်ရွက်နေတယ်လို့ ပြောဆိုသွားပါသေးတယ်။
ဒီလိုတွေ ပြောနေပေမယ့် ငါနဲ့ မတူ ငါ့ရန်သူ ဆိုတဲ့စိတ်နဲ့ “အကုန်သတ်၊ အကုန်ရှို့၊ အကုန်ဖျက်ဆီး” လုပ်နေတာလည်း မြန်မာ စစ်တပ် ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။
အတိုက်အခံ နိုင်ငံရေးသမားတွေကို သေဒဏ်ပေးခဲ့သလို ကျောင်းသားလူငယ်တွေကိုလည်း သေဒဏ်အပါအဝင် နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်နေပါတယ်။ စစ်ကောင်စီလက်ထဲမှာ လူ ၃၀၀၀ ကျော်လောက် သတ်ဖြတ်ခံထားရပြီး အမျိုးသမီး ၆၀၀ ကျော် ပါဝင်နေပါတယ်။ သတ်ဖြတ်ခံရတဲ့အထဲမှာ သတင်းသမားတွေလည်း ပါဝင်ပါတယ်။
လူ ၁၀၀၀၀ ကျော် အဖမ်းခံထားရပြီး သူတို့ဟာ လွတ်လပ်တဲ့ တရားစီရင်ရေး အကာအကွယ်ကို မရခဲ့ကြပါဘူး။ စစ်တပ်ရဲ့ အမိန့်အတိုင်း စီရင်ချက် လိုက်ချရတဲ့ တရားသူကြီးတွေနဲ့ပဲ ရင်ဆိုင်နေရတာပါ။
ဒါ့ပြင် စစ်ကောင်စီက အင်တာနက်လိုင်းတွေကိုလည်း လက်နက်သဖွယ် ထိန်းချုပ်ထားပါတယ်။ လက်ရှိ အခြေအနေမှာ တော့ စစ်ခေါင်းဆောင်နဲ့ သူ့ စစ်တပ်တို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း ပြောစရာတွေက တပုံတပင်ကြီး ဖြစ်နေပါတယ်။ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံရဆုံး နိုင်ငံတွေကို ပြောပါဆိုရင် တရုတ်၊ မြောက်ကိုရီးယားတို့နဲ့ တန်းတူ မြန်မာနိုင်ငံဟာလည်း သတ်မှတ် ခံထားရတာ ဖြစ်ပါတယ်။
မြန်မာပြည် လူ့အခွင့်အရေး အခြေအနေကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်း ရှုတ်ချ အပြစ်တင်နေချိန်မှာ စစ်ခေါင်း ဆောင်ရဲ့ အခုလို အရှက်အကြောက် မရှိဘဲ ပြောထွက်တဲ့ စကားလုံးတွေက မြန်မာပြည်သူတွေကို စော်ကားသလို ဖြစ်နေ တယ်ဆိုတာ အသေအချာပါပဲ။
ဘီးကလေးကို စီးပြီး မျိုးချစ်စိတ်ပြခိုင်းတဲ့ စစ်ခေါင်းဆောင်
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယခုသီတင်းပတ် အစောပိုင်းက ကချင်ပြည်နယ်တွင် မော်တော်ယာဉ်များအစား မြန်မာနိုင်ငံသားများ စက်ဘီးစီးကြရန် တိုက်တွန်းခဲ့သည့်အခါ သူ၏ “မျိုးချစ်စိတ်ဓာတ်” အယူအဆက ဈေးပေါသွားသည်။
ဒီဇင်ဘာ ၁၃ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားရှိ အသေးစား၊ အလတ်စား လုပ်ငန်း ပိုင်ရှင်များနှင့် တွေ့ဆုံရာတွင် မျိုးချစ်စိတ်ရှိလျှင် စက်ဘီးစီးကြရန် သူက တိုက်တွန်းသွားသည်။
အကြောင်းပြချက်က ရှင်းသည်။ စစ်ကောင်စီတွင် ငွေမလုံမလောက်တော့ဘဲ စက်သုံးဆီတင်သွင်းမှုတွင် အမေရိကန် ဒေါ်လာအသုံးစရိတ်ကို လျှော့ချလိုသောကြောင့် ဖြစ်သည်။ စက်ဘီးစီးရန် သူ မပြောခင် လျှပ်စစ်ကားများ လျှပ်စစ်ရထားများ အကြောင်း ပြောသေးသည်။ ယခု စက်ဘီးစီးခိုင်းခြင်းသည် ရုရှမှ ညူကလီးယား ဓာတ်အားပေး စက်ရုံ ဝယ်ယူတည်ဆောက်မည်ဟု လေသံပစ်နေခြင်းနဲ့လည်း တိုက်ဆိုင်နေပြန်သည်။
ကမ္ဘာကြီး ပိုမိုပူနွေးလာမှုကြောင့် ကာဘွန်ဒိုင်အောက်ဆိုက် လျှော့ချရန် ရည်ရွယ်ပြီး လျှပ်စစ်ကား လျှပ်စစ်ရထားများ စီးပြီး စက်ဘီးနင်းနေကြသော ခေတ်မီနိုင်ငံများနှင့် မတူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နိုင်ငံချစ်စိတ်၊ လောင်စာဆီချွေတာရေးနှင့် စက်ဘီးစီးခြင်းတို့ ချိတ်ဆက်ပြမှုက “ငါပြောသလိုလုပ်၊ ငါလုပ်သလို မဟုတ်ဘူး” ဆိုသလိုမျိုး ဖြစ်နေသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူတွေကို ချွေတာခိုင်းနေသော်လည်း သူနှင့် သူတို့မိသားစု၊ သူ့စစ်ကောင်စီတို့ကမူ ပြည်သူ့ဘဏ္ဍာငွေများကို ဖြုန်းတီးနေခဲ့သည်။ စေတီတော်များ ဆောက်လုပ် လှူဒါန်းခြင်းအပြင် အလိုတော်ရိများထံ ဘွဲ့တံဆိပ်များ အပ်နှင်းပြီး တိုင်းပြည်၏ အရေးကြီးသော နေ့များကို အထိမ်းအမှတ်ပြုရန် ငွေကျပ် ဘီလီယံပေါင်းများစွာ အကုန်အကျခံသည်။
ထို့ပြင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိသားစုသည် စီးပွားရေး အင်ပါယာချဲ့ထွင်နေသည်။ စစ်တပ်ပိုင်မြေများတွင် တည်ဆောက်ထားသော ရန်ကုန်မြို့ ၆ မိုင်ခွဲ ရှိ ကန်သာယာဆေးရုံ နှင့် ရန်ကင်းမြို့နယ် မိုးကောင်းရတနာ မိခင်နှင့် ကလေးစောင့်ရှောက်ရေးဆေးရုံ လုပ်ငန်းများအပြင် ဆေးဝါးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်များ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ ပန်းချီပြခန်းတခု၊ စားသောက်ဆိုင်များနှင့် အားကစားရုံတခုတို့ ပိုင်ဆိုင်ထားပြီး ဖြစ်သည်။
You may also like these stories:
စစ်ကောင်စီ သက်ဆိုးမရှည်တော့ဟု KIA ဗိုလ်ချုပ် ပြော
နမ့်ဆန်က စစ်ကောင်စီ လေကြောင်းချီစစ်ဆင်ရေး ဘာကြောင့် ကျရှုံးရသလဲ
မိုးကျရွှေကိုယ်မူဝါဒ စစ်ကောင်စီ ပြန်ကျင့်သုံး
စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေး ဒေါက်တိုင် Forever Group
စစ်ကောင်စီကို ရာဇသံပေးလိုက်တာ၊ နောက်ဆုံး သတိပေးလိုက်တာပဲ