ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် ရက္ခိုင်စစ်တပ် (AA) တို့ကြား စစ်ရေးအခြေအနေများနှင့်အတူ လုံခြုံရေး အခြေအနေများကြောင့် အောက်ခြေကျေးရွာ အုပ်ချုပ်ရေးမှူးများ ဆက်တိုက် နုတ်ထွက်မှု ဖြစ်ပွားနေကြောင်း သတင်း ရရှိသည်။
ပြီးခဲ့သော နိုဝင်ဘာလ တတိယအပတ်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးမှူး ၇၀ ကျော်နုတ် ထွက်ခဲ့ကြသလို ရသေ့တောင်မြို့နယ်၊ မူစေးကမ်းဒေသမှ ကျေးရွာအုပ်ချုပ်ရေးမှူး၂၀ ကျော်မှာလည်း ယခု ဒီဇင်ဘာလ ၁၆ ရက်မှစတင်ကာ အသီးသီး နုတ်ထွက်စာတင်ထားကြကြောင်း ယင်းမြို့နယ်အတွင်းရှိ ဒေသခံများက ပြောသည်။
ရသေ့တောင်မြို့နယ်အတွင်းမှ နုတ်ထွက်သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများသည် လုံခြုံရေးအခြေအနေကြောင့် ၎င်းတို့၏ အခက်အခဲများကိုပင် ထုတ်ဖော်ပြောကြားရန် စိုးရိမ်မှုများ ဖြစ်ပေါ်နေသည်။
ရသေ့တောင်မြို့နယ်အတွင်းက နုတ်ထွက်စာ တင်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးတဦးက “အကြောင်းကတော့ စစ်တပ် ကလည်း ကျနော်တို့ကို AA အားပေးထောက်ခံသူလို့ မြင်တယ်။ AA ကလည်း ကျနော်တို့ကို စစ်တပ် ယန္တရားမှာ ထောက် တိုင်လို့ မြင်တယ်။ ကျနော်တို့က အခုအချိန်မှာ အုပ်ချုပ်ရေးမှူလည်း မဟုတ်တော့ဘူးဆိုတော့ အဲဒီကိစ္စတွေနဲ့ ပတ်သက် ရင် ဘာမှ မပြောချင်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ၎င်းတို့ကျေးရွာအတွင်း အုပ်ချုပ်ရေးကိစ္စ နှင့် ပတ်သက်ပြီး မည်သည့် လုပ်ပိုင်ခွင့်မှ မရှိတော့ဘဲ ရက္ခိုင် အမျိုးသားအဖွဲ့ချုပ် (ULA/AA) ကသာ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စများကို ကိုင်တွယ် ဆောင်ရွက်နေသည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။
ထိုသို့ အခြေအနေများ ဖြစ်ပေါ်နေသည့်အချိန် စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးများ နုတ်ထွက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသည့်အတွက် ခရီးသွား ထောက်ခံစာများ၊ အိမ်ထောင်စုစာရင်းများ၊ မှတ်ပုံတင်ပြုလုပ်မှုများတွင် အောက်ခြေကျေးရွာသားများက အခက်အခဲများ ကြုံတွေ့နေကြောင်းလည်း ရသေ့တောင်မြို့နယ် ဒေသခံများက ပြော သည်။
ရသေ့တောင်မြို့နယ် မယူကမ်း ဒေသဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးမောင်စောဝင်းက “ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အာဏာက အောက်ခြေမှာ ဘာသက်ရောက်မှု မရှိတော့ပေမယ့် ခရီသွားထောက်ခံချက်၊ လဝက မှာ သွားပြီး မှတ်ပုံတင်လုပ်မယ်ဆို ရင် ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက်တွေ လိုတဲ့အတွက် ဒီကိစ္စတွေမှာ အခက်အခဲ ရှိနေတယ်။ အထက်လူကြီးတွေ ကလည်း ဒီကိစ္စတွေအပေါ်မှာတော့ ပြည်သူ့ဘက်က စဉ်းစားပေးဖို့ လိုတယ်လို့ ပြောချင်တယ်” ဟု ဧရာဝတီသို့ ပြော သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးတချို့မှာလည်း စစ်တပ်မှ ဖမ်းဆီးမည်ကို စိုးရိမ်သည့်အတွက် တရား ဝင် နုတ်ထွက်စာတင်ထားခြင်း မရှိသော်လည်း လစဉ်ပုံမှန်အစည်းအဝေးများ တက်ရောက်ခြင်း မရှိတော့သလို ထောက်ပံ့ သည့်လစာများကိုလည်း သွားရောက် ထုတ်ယူခြင်း မရှိတော့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
စစ်ကောင်စီတပ်နှင့် AA တို့ကြား သြဂုတ်ဆန်းပိုင်းကလည်း တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သည် မြေပြင်တွင် စစ်ရေးရှုံးနိမ့်သည့်အတွက် အရပ်သားများကို ဖမ်းဆီးမှုများရှိသလို အောက်ခြေကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပညာရေး၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့၊ ထွေအုပ်၊ ငါးလုပ်ငန်း စသည့် ဌာနများမှ ရခိုင်တိုင်းရင်းသားဌာနအကြီးအကဲများကို ဖမ်းဆီးချုပ်နှောင်ထားပြီး တချို့ကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ ၁၇ (၂) ဖြင့် အမှုဖွင့်ကာ တရားစွဲဆို ထား သည်။
ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းတွင်လည်း စစ်တပ်နှင့် AA တို့သည် နှစ်ဖက် ယာယီ အပစ်အခတ် ရပ်စဲလိုက်သည့်အတွက် ပိတ်ဆို့ထားသည့် ကားလမ်း၊ ရေးလမ်းကြောင်းများကို စစ်ကောင်စီက ပြန်လည် ဖွင့်ပေးလိုက်သော်လည်း ဆေးဝါးများ သယ်ယူခွင့်ကိုမူ ပိတ်ဆို့ထားဆဲ ဖြစ်သည်။
တကျော့ပြန် ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲကာလတွင် စစ်ကောင်စီထံ ဖမ်းဆီးခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် အုပ်ချုပ်ရေးအဖွဲ့ဝင် ၇ ဦး၊ မောင်တောမြို့နယ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး ၅ ဦးတို့ ပါဝင်သလို မင်းပြားမြို့နယ်အတွင်းက ကျေးရွာ အုပ်ချုပ်ရေးမှူးတချို့လည်း စစ်ကောင်စီ ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သော၂၀၁၈၊၂၀၁၉ ခုနှစ်က ဖြစ်ပွားခဲ့သော ရခိုင်စစ်ပွဲကာလအတွင်းကလည်း စစ်ကောင်စီတပ်က ကျေးရွာအုပ်ချုပ် ရေးမှူးများကို ဖမ်းဆီးခြင်း၊ စစ်ကြောရေးတွင် ရက်ရက်စက်စက် သတ်ဖြတ်ခြင်းတို့ကြောင့် လုံခြုံမှု မရှိတော့သည့်အတွက် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်မြို့နယ်များမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ အစုလိုက် နုတ်ထွက်ခဲ့ကြ သည်။
You may also like these stories:
စစ်ကောင်စီ သက်ဆိုးမရှည်တော့ဟု KIA ဗိုလ်ချုပ် ပြော
ရခိုင်တွင် စစ်ကောင်စီက ဆေးဝါးသယ်ယူခွင့် ပိတ်ထားဆဲဟုဆို