အာဏာသိမ်း စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၀၉ ဖြင့် စွပ်စွဲဖမ်းဆီးပြီး တရားစွဲထားသည့် ဦးရဲမင်းဦးအား ထောင် ၂ နှစ်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူအား ထောင် ၁ နှစ်ခွဲ ကျခံစေရန် နေပြည်တော် ထောင်တွင်း အထူးတရားရုံးက ယနေ့ အမိန့်ချလိုက်သည်။
ယင်းသို့ အမိန့်ချမှုကြောင့် ဦးရဲမင်းဦးအပေါ် စစ်ကောင်စီက ချမှတ်ခဲ့သည့် ထောင်ဒဏ် စုစုပေါင်း ၂၅ နှစ်ထိ ရှိလာပြီ ဖြစ် သည်။
ဦးရဲမင်းဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် နေပြည်တော် ဒုမြို့တော်ဝန်အဖြစ် ဆောင်ရွက်စဉ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းထံ မြေနေရာချထားပေးမှုများ၊ ဖွံ့ဖြိုးရေးစီမံကိန်းများ၊ မြေကွက်ဖော်ရောင်းချမှုများနှင့် ပတ်သက် ပြီး ဆောင်ရွက်ရာတွင် နိုင်ငံတော်ငွေကြေးနစ်နာမှုများ ရှိခဲ့သည်ဟုဆိုကာ အဂတိမှုများဖြင့် စွပ်စွဲတရားစွဲဆိုခံရပြီး စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံထားရသူ ဖြစ်သည်။
ထို့အတူ NLD အစိုးရလက်ထက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဖြစ်သူ ဦးမင်းသူသည်လည်း ယနေ့ ထောင်ဒဏ် ၁ နှစ်ခွဲ ထပ်မံ ချမှတ်ခံရသည့်အတွက် စုစုပေါင်း ချမှတ်ခံထားရသည့် ထောင်ဒဏ် ၇ နှစ်ခွဲ ရှိလာပြီ ဖြစ်သည်။
ဦးမင်းသူ အနေဖြင့် ယခင်ကလည်း အာဏာသိမ်း စစ်ကောင်စီ၏ စွပ်စွဲမှုများ ဖြစ်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် ထောင် ၃ နှစ်၊ ရွေးကောက်ပွဲ မလျော်ဩဇာသုံးမှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀(က) ဖြင့် ထောင် ၃ နှစ်၊ စုစုပေါင်း ထောင် ၆ နှစ် ချမှတ်ခံထားရသူ ဖြစ်သည်။
ယနေ့ ၎င်းတို့ ၂ ဦးအား စွပ်စွဲထောင်ချခဲ့သည့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၀၉ တွင် ပြည်သူ့ဝန်ထမ်းကဖြစ်စေ၊ ဘဏ် တိုက်စိုးကဖြစ်စေ၊ ကုန်သည်ကဖြစ်စေ၊ ကိုယ်စားလှယ်ကဖြစ်စေ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုကို ကျူးလွန်ပါက ထောင် တသက်တကျွန်းဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ်တမျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
You may also like these stories:
NLDအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူ အဂတိဖြင့် အမှုဖွင့်ခံရ
နေပြည်တော် ဒုမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦး အဂတိမှုဖြင့် ထပ်မံအမှုဖွင့်ခံရ
ဦးရဲမင်းဦးကို စွဲဆိုထားသည့် ပုဒ်မ ၄၀၉ အမှု အင်းစိန်ထောင်တွင် စတင် စစ်ဆေး