နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးရန်၊ အာဏာသိမ်း စစ်ကောင်စီက ကျူးလွန်နေသည့် အကြမ်းဖက်မှုများကို အမြန်ဆုံးရပ်တန့်ပေးရန် စသည်တို့ ပါဝင်သည့် မြန်မာ့အရေးဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာ ၂၁ ရက်တွင် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့သည်။
အဆိုပါ ဆုံးဖြတ်ချက်အတွက် မူကြမ်းကို ဗြိတိန်နိုင်ငံက အဓိက တင်သွင်းခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကာ မဲခွဲဆုံးဖြတ်ရာတွင် တရုတ်၊ ရုရှားနှင့် အိန္ဒိယတို့က မဲမပေးဘဲ ကျန် ၁၂ နိုင်ငံက ထောက်ခံမဲ ပေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
လုံခြုံရေးကောင်စီ၏ အဆိုပါ ဆုံးဖြတ်ချက်တွင် စစ်ကောင်စီအနေဖြင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အမြန်ဆုံး အကောင်အထည်ဖော်ရန်၊ အကြမ်းဖက်တိုက်ခိုက်မှုများ ရပ်တန့်ရန်၊ မြန်မာပြည်သူများ၏ မဲဆန္ဒကို လေးစားလိုက်နာရန်၊ လူ့အခွင့်အရေးနှင့် တာဝန်ခံမှုစံနှုန်းများကို လိုက်နာရန်၊ လူသားချင်းစာနာမှု အကူအညီများ အကန့်အသတ်မရှိ ခွင့်ပြုပေး ရန်၊ မတရား ဖမ်းဆီးထိန်းသိမ်းထားသူများအား ပြန်လွှတ်ပေးရန်၊ ရိုဟင်ဂျာဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ အနေဖြင့် ၎င်းတို့၏ ဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ၊ သိက္ခာရှိစွာဖြင့် ရေရှည်တည်တံ့ခိုင်မြဲစွာ နေရပ်ပြန်လည် သွား ရောက်နိုင်ရေး လိုအပ်သည့် အခြေအနေများကို ဖန်တီးပေးရန် စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။
ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ယင်းသို့ အတည်ပြုခဲ့ခြင်းနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြိုဆိုကြောင်းနှင့် ကျေးဇူးတင်ကြောင်း ယင်း အစည်းအဝေးပွဲအပြီး ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် ၎င်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်သည် ပထမအဆင့်ဖြစ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေဖြင့် အဆိုပါ ဆုံးဖြတ်ချက်မှတဆင့် စစ်အာဏာရှင်နှင့် ၎င်းတို့ ကျူးလွန်သောပြစ်မှုများ အဆုံးသတ်ရေး နောက်ထပ် ပြင်းထန်သည့် အရေးယူမှုများ ဖော်ဆောင်ရန်လည်း တိုက်တွန်းခဲ့သည်။
၎င်းက ဆက်၍ “မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြည်လည် ထွန်းကားစေရေးအတွက် ထပ်မံ တိုးမြှင့်ဆောင်ရွက်သည့် အနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် သက်ဆိုင်သူများအားလုံးက ဆုံးဖြတ်ချက်အဆိုအချက်များကို အချိန်နဲ့တပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါတယ်” ဟုလည်း ဆိုသည်။
အဆိုပါ ဆုံးဖြတ်ချက်ကို အပြည့်အဝ အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward က မဲခွဲဆုံးဖြတ်အပြီး လုံခြုံရေးကောင်စီ အစည်းအဝေး၌ ပြောဆိုခဲ့သည်။
ထိုသို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အတည်ပြုလိုက်သည့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ကြိုဆိုကြောင်း၊ ယင်းမူကြမ်းကို ပြုစုခဲ့သည့် လုပ်ငန်းစဉ်တွင် ဦးဆောင်ဦးရွက်ပြုခဲ့ပြီး ဆုံးဖြတ်ချက်အဆိုမူကြမ်းကို အတည် ပြုရာ၌ ထောက်ခံပေးသည့် ဗြိတိန်နိုင်ငံနှင့် အခြားထောက်ခံသည့် နိုင်ငံများကိုလည်း ကျေးဇူးတင်ရှိကြောင်း NUG က ယနေ့ သတင်းထုတ်ပြန်သည်။
ယင်းဆုံးဖြတ်ချက်အဆိုသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဆိုးရွားသော အကျပ်အတည်းအတွက် လုံခြုံရေးကောင်စီ က အရေးယူဆောင်ရွက်ပေးရာတွင် တိုးတက်မှုတခုအဖြစ် ပြသနိုင်ရုံသာမကဘဲ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အတွက် စစ်တပ်၏ ခြိမ်းခြောက်နေမှုများကိုလည်း ပြသသွားကြောင်း NUG က ဆိုသည်။
NUG အနေဖြင့် မျှော်မှန်းထားသည့် အချက်များစွာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်တွင် ပါဝင်လာမှု မရှိသေး ကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံတို့က ဆုံးဖြတ်ချက်အဆိုအပေါ် အခြေပြုကာ စစ်အာဏာ ရှင်စနစ်နှင့် ၎င်း၏ ရာဇဝတ်မှုများကို အပြီးတိုင် အမြန်ချုပ်ငြိမ်းရေးအတွက် ခိုင်မာသော လုပ်ဆောင်ချက်များကို အချိန်မီ ဆောင်ရွက်ကြရန် ပြည်သူများကိုယ်စား တောင်းဆိုကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကလည်း “အခု ဆုံးဖြတ်ချက်က ကုလလုံခြုံရေး ကောင်စီမှာ မြန်မာနိုင်ငံ အတွက် သမိုင်းဝင်တဲ့ တိုးတက်ပြောင်းလဲသော ခြေလှမ်းတခုလို့ ပြောနိုင်ပြီး အကြမ်းဖက် စစ်ကောင်စီကို တောင်းဆိုမှုနဲ့ နိုင်ငံတကာက လုပ်ဆောင်ရန်ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီကို လက်နက်တင်ပို့ရောင်းချမှုတွေ ရပ်တန့်ရန်ဆိုတဲ့ အချက်မျိုးတွေ ကျန်ခဲ့ပါတယ်။ ဒါတွေကို မလိုက်နာရင် နိုင်ငံတကာအနေနဲ့ ဘယ်လို အရေးယူဆောင် ရွက်မယ်ဆိုတဲ့ အဆင့်ထိတော့ မပါဝင်လာသေးပါဘူး။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကနေ နိုင်ငံတကာက ဆက်လက် ကြိုးပမ်း ဆောင်ရွက်ရမယ့် လုပ်ငန်းတွေအတွက် ခွန်အားသက်ရောက်မှု ကြီးကြီးမားမား ဖြစ်စေပါတယ်” ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
ထို့ပြင် ယခု ဆုံးဖြတ်ချက်သည် အာဏာသိမ်း စစ်ကောင်စီအား နောက်ထပ် အရှိုက်ထိစေသည့် လုပ်ဆောင်ချက်တခု ဖြစ်သလို အာဆီယံ၏ လုပ်ဆောင်နိုင်မှုကို ပိုမို အားကောင်းစေနိုင်ကြောင်း၊ မြန်မာ့အရေးကို ပြည်တွင်းရေး ဖြစ်သည်ဟု ဆိုကာ မျက်နှာလွှဲ လက်ရှောင်နေသည့် ကုလသမဂ္ဂဝင် နိုင်ငံများအား တာဝန်ပေးလိုက်ခြင်း ဖြစ်ပြီး မြန်မာ့အရေးသည် ကမ္ဘာ၌ မအေးသေးဘူးဆိုကာ မြန်မာပြည်သူများအား အားပေးလိုက်သည့် လုပ်ဆောင်ချက်တခု ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ယခုဆုံးဖြတ်ချက်အဆိုသည် ကုလသမဂ္ဂဌာနများထဲ အမြင့်ဆုံး ဆုံးဖြတ်ချက် ချမှတ်သည့်ဌာနဟု ဆိုနိုင်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေဖြင့် လွန်ခဲ့သည့် ၇၄ နှစ်အတွင်း မြန်မာနိုင်ငံအပေါ် ပထမဦးဆုံး ချမှတ်သည့် ဆုံးဖြတ်ချက်လည်း ဖြစ်သည်။
ထို့ပြင် မြန်မာ့အရေးကိစ္စများ ပါဝင်သော အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဆိုင်ရာအက်ဥပဒေ (NDAA) ကို မကြာသေး ခင်ကပင် အမေရိကန်လွှတ်တော်က အတည်ပြုခဲ့မှု၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်အပ်ထားခဲ့မှု၊ နိုဝင်ဘာ တတိယပတ်က ပြုလုပ်ခဲ့သော အာဆီယံ ကာကွယ်ရေးဝန်ကြီး များ အစည်းအဝေး (ADMM) မှ မြန်မာစစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးကို တက်ရောက်ခွင့် မပေး ဘဲ ပထမဆုံးအကြိမ် ဖယ်ထုတ်ခဲ့မှု၊ ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း မြန်မာနိုင်ငံသို့ တတိယအကြိမ် ခရီးစဉ်ဖျက်သိမ်းခဲ့မှု စသည်ဖြင့် သံတမန်ရေးရာ၌ အဘက်ဘက်က ရှုံးနိမ့်နေသည့် စစ်ကောင်စီအတွက် ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်သည် ထိုးနှက်ချက်တခု ဖြစ်ကြောင်းနှင့် မြန်မာ့နွေဦးတော်လှန်ရေး၏ နိုင်ငံတကာ ဆက်ဆံရေးအတွက် အားတက်စရာ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။