စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းက နဝမမြောက် ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်၊ စုဒ္ဒသမ ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်တို့၏ မွေးရပ်မြေဖြစ်သော မိုးသောက်(ဘောက်သောက်) ကျေးရွာအုပ်စု လင်းယဉ် ၅ ရွာ (ဒေသအခေါ်) ကို အာဏာသိမ်း စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁၊ ၂၂ ရက်များတွင် လင်းယဉ်ရွာသစ် အပါအဝင် မိုးသောက် (ဘောက်သောက်)၊ လင်းယဉ်ရွာမကြီး၊ ရှမ်းကုန်း၊ ကုန်းကြီး ၅ ရွာစလုံးကို စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ သလို မီးရှို့မှုကြောင့်လည်း အိမ်ခြေ ၇၀၀ ကျော် မီးထဲပါသွားကြောင်း လင်းယဉ်ဒေသခံများက ဧရာဝတီကို ပြောသည်။
အင်အား ၇၀ ကျော်ပါ စစ်ကောင်စီ၏ တပ်မ ၃၃ စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ပြီး အိမ်ခြေ ၃၀၀ ခန့်ရှိ မိုးသောက် ကျေးရွာက အိမ် ၂၅၀၊ အိမ်ခြေ ၃၀၀ ကျော်ရှိ လင်းယဉ်ကျေးရွာက အိမ် ၁၅၀၊ အိမ်ခြေ ၁၅၀ ခန့်ရှိ လင်းယဉ်ရွာသစ်က အိမ် ၁၃၀၊ အိမ်ခြေ ၂၀၀ ခန့်ရှိ ရှမ်းကုန်းကျေးရွာက ၁၄၈ အိမ်၊ အိမ်ခြေ ၇၀ ကျော်ရှိ ကုန်းကြီးကျေးရွာက ၅၁ အိမ် စုစုပေါင်း နေအိမ် ၇၂၉ လုံး မီးရှို့ခံခဲ့ရကြောင်း သိရသည်။
ဒေသခံတဦးက “ကျနော်တို့ လင်းယဉ်ဘက်မှာ PDF တွေ နေတယ်ဆိုပြီး ရွာအနောက်ဘက်နေ ဝင်လာပြီးတော့ စီးခဲ့ကြတာ။ မဝင်ခင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးမှ ဝင်စီးကြတာ။ သူတို့ ထင်သလို ကျနော်တို့ ရွာတွေဘက်မှာက ဘာမှကို မရှိတာ။ တွေ့လည်းမတွေ့ဘူး၊ တိုက်ပွဲလည်း ဖြစ်တာ မရှိခဲ့ဘူး။ အကြောင်းမဲ့သက်သက်ကို တမင်လုပ်သွားကြ တာ” ဟု ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက်က လင်းယဉ်ကျေးရွာနှင့် ၂ မိုင်ခန့်သာ ဝေးသည့် ညောင်ငုပ်တိုကျေးရွာရှိ ပျူစောထီးစခန်းကို စစ်ကိုင်းခရိုင် တပ်ရင်း ၂၊ တပ်ရင်း ၃၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အထိနာခဲ့သဖြင့် လေယာဉ်ပစ်ကူဖြင့်ပါ တိုက်ခိုက်ခဲ့ရကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် တပ်မ ၃၃ က အင်အား ထပ်မံဖြည့်တင်းကာ ဒီဇင်ဘာ ၂၁ ရက်မှ စတင်၍ လင်းယဉ်ကျေး ရွာများကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြခြင်း ဖြစ်ကြောင်း၊ လင်းယဉ်ကျေးရွာမှ ဒေသခံ ၁ ဦးကို သတ်ဖြတ်သွားသလို အသက် ၈၀ ကျော် အဘွားအို ၁ ဦးလည်း မီးလောင်သေဆုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။
စစ်ဘေးရှောင်များအား ကူညီပေးနေသူတဦးကလည်း “ဒီနေ့တော့ မီးကလည်း ငြိမ်းသွားပြီ။ စစ်ကြောင်းလည်း မရှိတော့ဘူး ဆိုတော့ ကိုယ့်ရွာကိုယ် ပြန်ဝင်ပြီး ရှင်းလင်းရေးတွေ လုပ်နေကြပါတယ်။ မိုးသောက်ကျေးရွာက ဓမ္မာရုံကြီးကတော့ မီး လောင်သွားတယ်။ နောက်ပြီးတော့ လင်းယဉ်က အသက် ၈၀ ကျော်အရွယ် အဖွားအိုတယောက် မီးထဲပါသွားတယ်။ လင်းယဉ်ရွာမကြီးက တယောက်လည်း အသတ်ခံလိုက်ရတယ်။ သေတဲ့သူတွေကို မနေ့က ရုပ်အလောင်း သွားကောက်ပြီး သဂြိုဟ်ပြီးပါပြီ” ဟု ပြောသည်။
လင်းယဉ်ကျေးရွာသည် မြန်မာနိုင်ငံရှိ ဒုတိယအကြီးဆုံး ဗုဒ္ဓဘာသာရဟန်းတော်များ အဖွဲ့အစည်းတခု ဖြစ်သည့် ရွှေကျင် ဂိုဏ်း (ရွှေကျင်နိကာယ) ၏ သက်တော်ရှည် ဆရာတော်ကြီးများ ဖြစ်သော နဝမမြောက် ရွှေကျင်သာသနာပိုင် စံကင်း ဆရာတော်ဘုရားကြီး ဘဒ္ဒန္တစန္ဒာဘိဝံသနှင့် စုဒ္ဒသမ ရွှေကျင်သာသနာပိုင် မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ ဇယမေဒနီ ဝါဆိုကျောင်းဆရာတော် ဘဒ္ဒန္တအဂ္ဃိယတို့ မွေးဖွားရာဇာတိ ဖြစ်သလို စစ်ကိုင်း မြို့တည်နန်းတည် အသင်္ခယာစောယွန်းမင်း ၏ မယ်တော် ရတနာပုံမိဖုရား မွေးရပ်မြေလည်း ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းမြို့ခံတဦးက “လင်းယဉ်ရွာက ရွှေကျင်သာသနာပိုင် ဆရာတော်ကြီးတွေရဲ့ မွေးဇာတိအပြင် သမိုင်းနဲ့ချီပြီး ပြောရမယ်ဆိုရင် စစ်ကိုင်း မြို့ တည်နန်းတည် အသင်္ခယာစောယွန်းရဲ့ မယ်တော် ရတနာပုံမိဖုရားရဲ့ မွေးရပ်မြေလည်း ဖြစ်တယ်။ အသင်္ခယာစောယွန်း တည်ခဲ့တဲ့ ရှေးဟောင်းစေတီတွေလည်း ရှိတယ်။ သမိုင်းကြီးမားတဲ့ ကျေးရွာကြီး ဖြစ်ပါတယ်။ အခုက မဖြစ်သင့်တာတွေ ဖြစ်နေရတာ။ အခုဆိုရင် စစ်ပြေးဒုက္ခသည်တွေက စစ်ကိုင်းမြို့ပေါ်ထိ ရောက်နေကြတာ။ အချို့ဆိုရင် နှစ်ပေါက်နေကြပြီ” ဟု ပြောသည်။
မီးရှို့ဖျက်ဆီးခံရမှုကြောင့် နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့သော်လည်း အချိန်မီ သယ်ယူရွှေ့ပြောင်းနိုင်ခဲ့ခြင်းကြောင့် ကျွဲ၊ နွား စသည့် အိမ်မွေးတိရစ္ဆာန်များ၊ ပရိဘောဂပစ္စည်းများနှင့် တန်ဖိုးကြီးပစ္စည်းမျိုးများ ဆုံးရှုံးမှု နည်းပါးခဲ့ကြောင်း၊ သို့သော် ဆောင်းရာသီ ဖြစ်သဖြင့် စစ်ဘေးရှောင်များအတွက် မိုးကာ၊ အဝတ်အထည်နှင့် စောင်များ လိုအပ်နေကြောင်းလည်း သိရသည်။
ဒေသခံ တဦးက “ကျနော်တို့တွေက အခုလို အခြေအနေနဲ့ အသားကျနေပြီလို့တောင် ပြောရမလို ဖြစ်နေပြီ။ ရွာတွေနဲ့ က ပျူရွာတွေနဲ့ နီးနေတာဆိုတော့ ခပ်စောစောပိုင်းကတည်းက တောတွေတောင်တွေထဲမှာပဲ လုပ်ငန်းလုပ်ရင်းနဲ့ စစ်ဘေး ရှောင်ရင်း နေနေကြတာ အတော်ကိုကြာနေပြီ။ တခုကံကောင်းတာက စားစရာရိက္ခာတွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ကြို ပြီးနိုင်သလောက် သယ်ရွှေ့နိုင်ခဲ့တယ်။ အဲဒါကြောင့် စားစရာအတွက်က အချိန်မီ သယ်ထုတ်ထားနိုင်တော့ အရေးတကြီး မလိုအပ်သေးပါဘူး။ အဓိက အခက်အခဲက ဆောင်းတွင်းဆိုတော့ စောင်၊ အနွေးထည်နဲ့ မိုးကာတွေတော့ အရေးပေါ် လိုအပ်တာပေါ့” ဟု ရှင်းပြသည်။
ယနေ့တွင် အဆိုပါ စစ်ကြောင်းသည် စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့မြောက်ဘက်ခြမ်း သိမ်ကျောင်းကျေးရွာဘက်သို့ ရောက်ရှိနေပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ကောက်ယူထားသည့် စာရင်းများအရ စစ်ကိုင်းခရိုင်အတွင်း စစ်ကောင်စီ တပ်များ စစ်ကြောင်းထိုး စီးနင်းဝင်ရောက်မှုကြောင့် စစ်ကိုင်းတောင်ရိုးပေါ်ရှိ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများနှင့် စစ်ကိုင်းမြို့ပေါ်ရပ်ကွက်များတွင် စစ်ဘေးရှောင်များ များပြားလာလျက်ရှိပြီး လူဦးရေ ၃ ထောင်ကျော် စစ်ဘေးမီးဘေး သင့်နေကြောင်း၊ စစ်ကိုင်းမြို့နယ်အတွင်းက ကျေးရွာ ၂၅ ရွာမှ အိမ်ခြေ ၁၆၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရ သည်။
ယင်းအဖွဲ့ဝင်တဦးက “တော်လှန်ရေးအုပ်စုတွေကို ထောက်ပံ့တယ်၊ ကူညီနေတယ်လို့ ယူဆပြီးတော့ တွေ့သမျှ မဲမဲမြင်ရာ မီးရှို့ဖျက်ဆီး သတ်ဖြတ်နေတာလို့ပဲ မြင်တယ်။ ဥပမာ အနီးဝန်းကျင်မှာ တိုက်ပွဲ ဖြစ်တယ်၊ မိုင်းဆွဲခံရတယ်ဆိုရင် အဲဒီ အနီးဝန်ကျင်က ရွာတွေကို ဒုက္ခပေးတော့တာပဲ။ အဲဒါကြောင့် ဆိုင်သူတွေရော၊ မဆိုင်သူတွေရော အားလုံး ခံနေကြရတာ” ဟု ပြောသည်။
ခရစ်ယာန်ဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်တခု ဖြစ်သည့် နှစ်စဉ် ခရစ္စမတ်နေ့များ၌ ရန်ကုန်တွင် စစ်ခေါင်းဆောင်နှင့်အတူ အထိမ်းအမှတ် ဆုတောင်းပွဲများ ပြုလုပ်ခဲ့သလို ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်ကမှ အာဏာသိမ်း စစ်ကောင်စီက ချီးမြှင့် သော သီရိပျံချီဘွဲ့ ရရှိထားသူ ကက်သလစ်သာသနာပိုင် ကာဒီနယ်လ်ချားလ်စ်ဘို၏ ဇာတိရွာဖြစ်သော ခင်ဦးမြို့နယ်က အိမ်ခြေ ၇၀၀ ကျော်ရှိ မုံလှရွာကိုလည်း နိုဝင်ဘာ ၂၃ ရက်၌ အင်အား ၈၀ ခန့်ပါသော စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်း မီးရှို့ခဲ့သည့်အပြင် ယင်းဒေသခံ ၃ ဦးကိုလည်း သတ်ဖြတ်သွားခဲ့သေးသည်။
အာဏာသိမ်း စစ်ကောင်စီဘက်ကမူ အရပ်သား ပြည်သူများအား ပစ်ခတ်သတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ခြင်း မရှိ ကြောင်း အမြဲ ငြင်းဆိုလေ့ရှိပြီး စစ်ကိုင်းတိုင်းအတွင်းက နေအိမ်များကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ခြင်း ဖြစ်ကြောင်း စွပ်စွဲထုတ်ပြန်လေ့ ရှိသည်။
You may also like these stories:
ထီးချိုင့်ဒေသခံများကို စစ်တပ်က ဖမ်းဆီး
ထီးချိုင့်၌ တပတ်အတွင်း ရွာ ၇ရွာ မီးရှို့ခံရ၊ အိမ် ၄၅၀ ကျော်နှင့် စပါးတင်း ထောင်ချီ ဆုံးရှုံး
မီးရှို့ခံရသည့် ကာဘိုးနယ်မှ ရွာ ၃ ရွာ အကူအညီများ လိုအပ်နေ
ဒီပဲယင်းတွင် ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီ ဖမ်းကာ လူသားဒိုင်းလုပ်နေ