မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ရေဇင်းကျေးရွာမှ ဒေသခံ ၇ ဦးကို စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ကာ ရုပ်အလောင်းများအား သားကျင် ကျေးရွာနှင့် ရေဇင်း ကျေးရွာသွား လမ်းဘေး၊ ကုလကျေးရွာအနီးတွင် စွန့်ပစ်ခဲ့ပြီး ကျေးရွာအားလည်း ဝင်ရောက်စီးနင်းနေကြောင်း ဒေသခံိ သတင်းရင်းမြစ်များထံမှ သိရသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့ ညပိုင်း၌ စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ဝင်များက လာရောက် ဖမ်းဆီးခေါ်ဆောင်သွား ပြီးနောက် သတ်ဖြတ်ခံရသူများမှာ ရေဇင်းကျေးရွာနေ အသက် ၆၂ နှစ်အရွယ် ဦးစိန်မောင်မြင့်၊ အသက် ၄၃ နှစ်အရွယ် ဦးကျော်တင်၊ အသက် ၅၀ အရွယ် ဦးစိန်အောင်၊ အသက် ၃၈ နှစ်အရွယ် ကိုနိုင်ဝင်းဆွေနှင့် ကိုမျိုးနိုင်၊ အသက် ၃၇ နှစ်အရွယ် ကိုဆွေလင်းအောင်နှင့် ကိုသုခတို့ဖြစ်ကြောင်း သိရသည်။
ဒေသခံတဦးက “၂၅ ရက်နေ့ မနက်ပိုင်းကျတော့ မိကျောင်းတက်ရွာနားမှာ ၄ လောင်းတွေ့ရတယ်၊ အဲဒီရုပ်အလောင်း တွေကိုတော့ စစ်ကောင်စီအဖွဲ့တွေကပဲ လာသယ်သွား ကြတယ်၊ ပြီးတော့ မနေ့က ၂၆ ရက်နေ့ ညပိုင်းမှာ ကုလရွာတောင်ဘက်မှာ ကျန်တဲ့ ၃ ယောက်ရဲ့ ရုပ်အလောင်းတွေကို လာပစ်သွားကြတယ်” ဟု ပြောသည်။
ဒီဇင်ဘာ ၂၄ ရက်နေ့ ညပိုင်းက ရေဇင်းကျေးရွာအတွင်းသို့ စစ်ကားတစီးအပါအဝင် ဆိုင်ကယ်များဖြင့် အရပ်ဝတ်များ ဝတ်ဆင်ထားသော လက်နက်ကိုင်များ ရောက်ရှိလာပြီး အဆိုပါ ဒေသခံ ၇ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ထိုသို့ ဖမ်းဆီးခြင်းမှာ ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ငါန်းဇွန်မြို့နယ်အတွင်းမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတဦးနှင့် သတင်းပေး ဒလန် ၂ ဦးတို့ သတ်ဖြတ်ခံရမှုနှင့် ဆက်စပ်နိုင်ကြောင်း ဒေသခံများက ဆိုသည်။
“ဘာကြောင့် အခုလို ဝင်စီးတာရတာလဲဆိုရင် ၂၃ ရက်နေ့က ညောင်လေးပင်က စကစခန့် အုပ်ကြီး မင်းဆန်းနဲ့ ကုလရွာက သတင်းပေး ဒလန် ရန်အေးတို့ ရွာအရှေ့ဘက် တောထဲမှာ အရှင်းခံရတယ်၊ ပြီးတော့ ကျနော်တို့ရွာက သတင်းပေးဒလန် ဇင်မျိုးကို PDF အဖွဲ့တွေက ရှင်းလင်းလိုက်ကြသေးတယ်၊ အဲဒါကြောင့်ပဲ အငြိုးနဲ့ ရွာကို ဝင်စီးပြီး ဒေသခံတွေကို သတ်ဖြတ်တာတွေ လုပ်တာလို့ပဲ မြင်တယ်”ဟု ဒေသခံတဦးက ပြောသည်။
ဖမ်းဆီးသတ်ဖြတ်ခံရသူများမှာ သာမန်အရပ်သား ပြည်သူများဖြစ်သော်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာတွင် တက်တက်ကြွကြွပါဝင်လှုပ်ရှားခဲ့သူများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ အရပ်သားများ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင် ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာနှင့် ရေဇင်းကျေးရွာ သွားလမ်းဘေးတွင် သေနတ်မှန်ဒဏ်ရာ များဖြင့် သေဆုံးပြီး စွန့်ပစ်ခံထားရသည့် ရုပ်အလောင်များကို PDF တပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်း အရ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာတွင် သားကျင်ကျေးရွာနှင့် ရေဇင်းကျေးရွာသွား လမ်းဘေးတွင် PDF အဖွဲ့ဝင်များ ထောင်ထားသည့် PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၆ လုံး တွေ့သောကြောင့် ယမ်းပျော့ကပ်ကာ ဖောက်ခွဲဖျက်ဆီးခဲ့ရသလို ရုပ်အလောင်းများအနီးတွင် M-22 ကျည်ခွံ ၆ ခုအား သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့ဝင် အင်အား ၄၀ ကျော်ပါသည့် အဖွဲ့သည် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ရေဇင်းကျေးရွာအား ဝင်ရောက်စီးနင်းထားသဖြင့် ယနေ့အချိန်ထိ တရွာလုံးနီးပါး ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း၊ သားကျင်းကျေးရွာမှ ဒေသခံတဦးကိုလည်း PDF အဖွဲ့များနှင့် ဆက်စပ်နေသူ သတင်းပေးပို့နေသူဟု စွပ်စွဲကာ ဖမ်းဆီးထားပြီး ဖမ်းဆီးခံထားရမှုနှင့် ထပ်မံ သတ်ဖြတ်ခံရမှု အသေးစိတ်အခြေအနေအား မသိရှိရသေးကြောင်း ဒေသခံများက ပြောသည်၊
အဆိုပါစစ်ကောင်စီအဖွဲ့သည် ယနေ့တွင် ငါန်းဇွန် – ရဲပဒိုင်း -ဘေးသောင် တာဘောင်လမ်းကို အသုံးပြု၍ သွားလာနေပြီး ဘေးသောင်ရွာ တောင်ဘက် ဘုန်းကြီးကျောင်းတွင် ရောက်ရှိနေကြောင်းလည်း မြေပြင် သတင်းများအရ သိရသည်။
အောက်တိုဘာလဆန်းပိုင်းမှ စတင်ကာ ယနေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး၊ သွေးသောက်အဖွဲ့များက ဖမ်းဆီးသတ်ဖြတ်မှုကြောင့် မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန်မြို့နယ်များမှ ဒေသခံ ပြည်သူများ၊ တက်ကြွလှုပ်ရှားသူများ၊ NLD ပါတီဝင် စုစုပေါင်း ၄၀ခန့် ရှိလာပြီဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ ကောက်ယူပြုစုထားသော စာရင်းများအရ သိရသည်။
You may also like these stories:
စစ်ကြောင်းထိုးမှုကြောင့် မတ္တရာနယ်က ဒေသခံများ ထွက်ပြေး၊ တချို့ ပိတ်မိနေ
NLD အဖွဲ့ဝင် ဇနီးမောင်နှံ မြင်းခြံ နေအ်ိမ်တွင် သတ်ဖြတ်ခံရ
ပျူစောထီးသင်တန်းတက်ရန် ကန့်ဘလူဒေသခံများ ဖိအားပေးခံနေရ
မူးမြစ်ဘေးရှိ ရွာများမှ ဒေသခံ ၆၀ ကျော် စစ်ကောင်စီတပ် ဖမ်းဆီး