မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် ညောင်တိုကျေးရွာအုပ်စုမှ ပျူစောထီးခေါင်းဆောင်နှင့် သားဖြစ်သူ သဲတော လေးကျေးရွာမှ ရာအိမ်မှူးတို့ အသတ်ခံရပြီးနောက် ညောင်တိုအုပ်စုမှ ရွာ ၅ ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက် စီးနင်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ညောင်တိုကျေးရွာအုပ်စုတွင် ကျေးရွာ ၇ ရွာရှိပြီး ခင်းကြီး၊ ကျင်းရွာ၊ တဲစု၊ သဲတောလေး၊ သခွတ်မြင့်ကျေးရွာများကို စစ်ကောင်စီ၏ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်ဇင် ဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့များက ဒီဇင်ဘာလ ၂၅ ရက်နေ့မှ စတင်ကာ ဝင်ရောက်စီးနင်းပြီး ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်နေကြကြောင်း သိရသည်။
ညောင်တိုကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် ဦးပြေအေးနှင့် သားဖြစ်သူ စိုင်းမြင့်အောင်မြေ(ခ)ပုလုံး တို့ကို ဒီဇင်ဘာ ၂၄ ရက်နေ့က ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု – WTRF (Wundwin Township Revolution Force) က သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
၎င်းတို့ သားအဖသည် မြို့နယ်အတွင်း၌ PDF တပ်ဖွဲ့ဝင်များကို ဓာတ်ပုံနှင့်တကွ လိုက်လံရှာဖွေလျက်ရှိသလို ယင်းဓာတ်ပုံ များပြ၍ ကျေးရွာများအတွင်း အဝင်မခံရန်နှင့် တွေ့က အကြောင်းကြားရန် လော်စပီကာဖြင့် လှည့်လည် သတိပေးမှုများကို ပြုလုပ်ခဲ့သဖြင့် ရှင်းလင်းရခြင်းဖြစ်ကြောင်း ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု – WTRF (Wundwin Township Revolution Force) က ထုတ်ပြန်ထားသည်။
ဒေသခံ တဦးက “ဒီသားအဖက သူတို့ ပထွေးတွေ အလိုကျ ညောင်တိုအုပ်စုထဲက ရွာတွေကို အမျိုးမျိုး ဖိနှိပ် အနိုင် ကျင့်နေကြတာ၊ နောက် တောလေးကျေးရွာက ရာအိမ်မှုး ပျူစောထီး မောင်ရှိန်လည်း ရှင်းလင်းခံထားရတယ်၊ ဒါကြောင့် လည်း သူတို့ လက်သပ်မွေးထားတဲ့ ခွေးတွေ အသတ်ခံလိုက်ရလို့ အခုလို ရပ်ရွာကို ဒုက္ခပေးတာလို့ပဲ မြင်တယ်”ဟု ပြောသည်။
ဒီဇင်ဘာလ ၁၀ရက်နေ့က သဲတောလေးကျေးရွာမှ ရာအိမ်မှူး မောင်ရှိန် ကို ဝမ်းတွင်းမြို့နယ် တော်လှန်ရေး အင်အားစု WTRF (Wundwin Township Revolution Force)မှ ရှင်းလင်းလိုက်သည့်အတွက် စစ်ကောင်စီ တပ်သားများက ဝင်ရောက် စီးနင်းကာ ဒေသခံများကို ဖမ်းဆီးခဲ့ကြောင်း ဝမ်းတွင်းမြို့နယ် တော်လှန်ရေး အင်အားစု WTRF ထံမှ သိရသည်။
ထိုဝင်ရောက်စီးနင်းမှုတွင် ဒီဇင်ဘာ ၂၅ ရက် ညက သဲတောလေးကျေးရွာမှ နေအိမ်တလုံးအား ဝင်ရောက် လုယက်မှု လုပ် သည့်အပြင် နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း၊ ထီးလှိုင်အနောက်၊ သဲတောလေး၊ ပြည်တော်သာကျေးရွာများမှ ဒေသခံ ၂၆ ဦးလည်း ဖမ်းဆီးပြီး အသက် ၆၀ ကျော်အရွယ် ဦးကြာညွန့်ဆိုသူကိုလည်း သတ်ဖြတ်ကာ မီးရှို့ခဲ့ကြကြောင်း၊ ဖမ်းဆီးခံရသည့် ကျေးရွာသားများမှာ လက်ရှိအချိန်ထိ ပြန်မလွတ်သေးကြောင်းလည်း သိရသော်လည်း ဧရာဝတီမှ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီ၏ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးကျော်မိုးဦးနှင့် ဝမ်းတွင်းရဲ စခန်းမှ ယာယီစခန်းမှူး ရဲအုပ်စောနိုင်ဦးတို့ကို ဝမ်းတွင်း မြို့နယ် တော်လှန်ရေးအင်အားစု (Wundwin Township Revolution Force – WTRF)က သုတ်သင်ရှင်းလင်းခဲ့ပြီးနောက် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နှင့် နီးစပ်သူများ၊ မြို့ခံ လုပ်ငန်းရှင် ငွေကြေးချမ်းသာကြသူများအပါအဝင် ဒေသခံ ၂၀၀ နီးပါးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သေးသည်။
ဝမ်းတွင်းမြို့နယ်တွင် ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၆၈၊ ကျေးရွာပေါင်း ၂၁၈ ရွာရှိကာ ဝမ်းတွင်းမြို့တွင် စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော်ထိ တိုးမြှင့်ချထားပြီး လမ်းသွားလမ်းလာများအား ပိတ်ဆို့စစ်ဆေးခြင်းများကို နေ့စဉ်နီးပါး ပြုလုပ်လျက်ရှိကြောင်း သိရသည်။
You may also like these stories:
ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူး သေဆုံးမှု ဒေသခံ ၁၅၀ ခန့် ဖမ်းခံရ
စစ်ကြောင်းထိုးမှုကြောင့် မတ္တရာနယ်က ဒေသခံများ ထွက်ပြေး၊ တချို့ ပိတ်မိနေ