သတင်း

မြောက်ပိုင်း EAO ၇ ဖွဲ့နှင့် တရုတ်အထူးကိုယ်စားလှယ်သစ် တွေ့ဆုံ

မြန်မာပြည် မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် (EAOs) ၇ ဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် အသစ် မစ္စတာ တိန့်ရှီကျွန်း (Deng Xijun) တို့ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် တွေ့ဆုံခဲ့သည်။

ယင်းသည် နေပြည်တော်သို့ ယနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ ရောက်မလာမီ တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။

မြောက်ပိုင်း မဟာမိတ် EAO များဖြစ်သည့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA)၊ ကချင်လွတ်မြောက်ရေးတပ် (KIA) ၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ် – မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ရက္ခိုင်စစ်တပ် (AA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုး သား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ကိုယ်စားလှယ်များနှင့် တရုတ်အထူးကိုယ်စားလှယ်သစ်တို့ အဖွဲ့ခွဲပြီး တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံပွဲနှင့် ပတ်သက်၍ UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက “တွေ့ကြတာမှန်ပါတယ်။ မိတ်ဆက်တဲ့ အနေနဲ့ တွေ့ဆုံကြတာပါပဲ။ အထွေအထူးဆွေးနွေးမှုမရှိပါ” ဟု ဧရာဝတီသို့ ပြောသည်။

တိန့်ရှီကျွန်းသည် ၂၀၂၀ခုနှစ်မှ ယခုနှစ် နိုဝင်ဘာလအထိ အာဆီယံဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) ၏နေရာကို ဆက်ခံသူဖြစ်သည်။

SSPP အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းဆုကလည်း မြောက်ပိုင်း EAOs ၇ ဖွဲ့နှင့် တရုတ်အထူးကိုယ်စားလှယ်သစ် တွေ့ဆုံခဲ့သည်မှာ မှန်ကန်ကြောင်း ဧရာဝတီသို့ အတည်ပြုသည်။

၎င်းက “တွေ့ဆုံ မိတ်ဆက်တာမျိုးပါ။ တခြား ထူးထူးထွေထွေ မရှိပါဘူး။ နောက်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စမှာ စစ်ရေးပဋိပက္ခတွေ လျှော့ချနိုင်အောင် တရုတ်နိုင်ငံဘက်က ထုံးစံအတိုင်းပေါ့။ မြန်မာနိုင်ငံနဲ့ နယ်စပ်ထိစပ်တဲ့ နေရာတွေမှာ တည်ငြိမ်စေချင်တယ်။ တိုက်ပွဲတွေ မဖြစ်စေချင်ဘူး။ တိုက်ပွဲတွေ တဖက်ဖက်က စရင်လည်း စတဲ့ဘက်က မှားတယ်ပေါ့။ အပြန်အလှန်တိုက်ခိုက်တာတွေကို တရုတ်နိုင်ငံဘက်က အားမပေးဘူးပေါ့။ ဒါက ပြဿနာကို ဖြေရှင်းတဲ့အခါမှာ အဖြေမှန်မရနိုင်ဘူးပေါ့။ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ အလှမ်းဝေးသွားမယ်လို့ စိုးရိမ်တယ်ပေါ့။ တွေ့တိုင်း ဒါမျိုးတော့ ပြောဖူးပါတယ်” ဟု ဆိုသည်။

ဆက်လက်၍ ဗိုလ်မှူးကြီး စိုင်းဆုက တရုတ်အထူးကိုယ်စားလှယ်နှင့် UWSA ၊ SSPP ၊ မိုင်းလားအဖွဲ့တို့ ထပ်မံတွေ့ဆုံရန် တရုတ်အထူးကိုယ်စားလှယ်ဘက်က ကမ်းလှမ်းမှုရှိကြောင်း ဧရာဝတီသို့ ပြောသည်။

၎င်းက “သူတို့ချိန်းထားတဲ့ နေ့ရက်မှာ ကျနော်တို့က တွေ့ဖို့ အဆင်မပြေသေးလို့ပေါ့။ ကျနော်တို့ ၃ ဖွဲ့က ဆွေးနွေးရင်လည်း အတူဆွေးနွေးတယ်။ တွေ့ရင်လည်း အတူတွေ့တာပေါ့။ ၃ ဖွဲ့မှာ ၁ ဖွဲ့မအားရင် ကျန်တဲ့အဖွဲ့တွေ မသွားကြဘူး။ ကျနော်တို့ မဟာမိတ်ဖြစ်တဲ့ UWSA ဘက်က ဆွေးနွေးဖို့ လူကြီးတွေလည်း မအားကြသေးတာပေါ့၊ သူတို့ထဲမှာ တချို့ကလည်း ခရစ်ယာန်တွေရှိတော့ ခရစ္စမတ်ကာလဆို‌တော့ ခရီးမထွက်ကြဘူးပေါ့။ ဒီလို အကြောင်းအရင်းတွေ ရှိပါတယ်” ဟု ဆိုသည်။

လက်ရှိတွင် တရုတ်အထူးကိုယ်စားလှယ်သစ်သည် အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်ပိုင်းနှင့်တွေ့ရန် နေပြည်တော်သို့ ရောက်ရှိနေကြောင်း ဧရာဝတီက သိရသည်။

မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသူတဦးကမူ တရုတ်နိုင်ငံဘက်က အထူးကိုယ်စားလှယ် အသစ်ခန့်အပ်ပြီး မြောက်ပိုင်း EAOs များနှင့် အလျင်အမြန်တွေ့ဆုံလာခြင်းသည် မကြာခင်က အမေရိကန်တွင် အတည်ပြုလိုက်သည့် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဆိုင်ရာအက်ဥပဒေ (NDAA) အား တုံ့ပြန်ခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။

NDAA တွင် Burma Act ဆိုသည့် ဥပဒေတရပ်ပါဝင်ပြီး ယင်းဥပဒေအရ အမေရိကန်အစိုးရအသုံးစရိတ်ထဲမှ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုများအတွက် အကူအညီအထောက်အပံ့များ ပေးအပ်ခြင်း ရှိလာမည်ဖြစ်သည်။

“တရုတ်က ဆွန်ကော့ရှန် မနှစ်က လာပြီးတဲ့နောက်မှာ မြန်မာ့ အရေးနဲ့ပတ်သက်ပြီး ဘာမှ လှုပ်ရှားတာမရှိဘူး။ ဒီနှစ် နှစ်ဆန်းပိုင်း စစ်ကောင်စီက ငြိမ်းချမ်းရေးခေါ်တော့ တိုက်တွန်းတာလည်း မရှိဘူး။ ဝင်ပါတာလည်းမရှိဘူး။ အခု တရုတ်သံတမန် ခန့်ပြီး မြန်မြန်ဆန်ဆန်ထွက်လာတာက NDAA ထွက်လာပြီးတဲ့နောက် ဖြစ်လာမယ့် အကျိုးဆက်ကို ကြိုတင်ပြင်ဆင်ပြီး ခြေလှမ်းလှမ်းလာတာ ထင်တယ်” ဟု ၎င်းက ဆိုသည်။

You may also like these stories:

မြန်မာ့အရေး သံခင်းတမန်ခင်း ၂၀၂၂ ခုနှစ် ရီဗျူး

NLD ပါတီတွင်းသပ်လျှိုရန် စစ်ကောင်စီကြိုးစားနေ

NDAA က ဘယ်လောက်ထိ သက်ရောက်မှု ရှိမလဲ

မြန်မာအကျပ်အတည်း အပြောင်းအလဲဖြစ်စေနိုင်သည့် အရာ ၂ ခု

People of the Year 2022 သို့မဟုတ် ၂၀၂၂ ခုနှစ်ထဲက ထင်ရှားသူများ

Loading