စစ်ကောင်စီလုပ်မည့် ရွေးကောက်ပွဲအတွက် မဲစာရင်း ပြုစုရန် စာရင်းကောက်ရာတွင် ရန်ကုန်တိုင်းရှိ ပရဟိတ အသင်း များကို ဖိအားပေး ခိုင်းစေမှုများ ရှိနေကြောင်း စုံစမ်း သိရှိရသည်။
၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ကြေညာထားပြီးနောက် ရွေးကောက်ပွဲအတွက် မဲစာရင်း ပြုစုရေး လုပ်ငန်းစဉ်များကို စတင်နေရာ ပြီးခဲ့သည့် ဒီဇင်ဘာလ ဒုတိယအပတ်မှ စပြီး ရန်ကုန်တိုင်းအတွင်းက မြို့နယ်အချို့တွင် ပရဟိတ အသင်းအဖွဲ့များကို ခေါ်၍ မဲစာရင်းများ ကောက်ပေးရန် ရပ်ကွက် အုပ်ချုပ်ရေးမှူးက တဆင့်ပြောဆိုလာခြင်း ဖြစ်ကြောင်း သိရသည်။
ပရဟိတတသင်းလျှင် ၂ ယောက် (သို့မဟုတ်) ၃ ယောက်နှုန်းဖြင့် မည်သို့စာရင်းကောက်ယူရမည်ဆိုသည့် သင်တန်းကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့တခုမှ သိရသည်။
ရန်ကုန်အခြေစိုက် ပရဟိတအသင်းမှ ဥက္ကဌတဦးက “အိမ်ထောင်စုမှာ သေသွားတဲ့လူဆို စာရင်းထဲက ဖျက်ပေးဖို့ ရှိတဲ့ လူတွေရယ် နောက်တိုးဆိုလည်း နောက်တိုးပေါ့။ ပုံစံထဲကို လိုက်ဖြည့်ပေးရမှာ ရှိရင် ရှိတယ်၊ မရှိရင် မရှိဘူး။ လဝက က လာသင်တာ။ လဝက စာရင်းနဲ့ လုပ်ရမှာ ဒါကို အုပ်ချုပ်ရေးမှူးက တဆင့် အကူအညီတောင်းလာတာပဲ” ဟု ပြောသည်။
လူအင်အား လိုအပ်ချက် အကြောင်းပြချက်ဖြင့် ပရဟိတအဖွဲ့များအား ခိုင်းစေသည့် စာရင်းကောက်ခံမှုကို ဇန်နဝါရီလတွင် စတင်မည်ဖြစ်ပြီး ၃ ပတ်နှင့်အပြီး ဆောင်ရွက်ရမည်ဟု ပြောဆိုထားကြောင်း သိရသည်။
စာရင်းကောက်ယူမှုတွင် ပါဝင်မည့် ပရဟိတ အသင်းအဖွဲ့ဝင် တဦးကလည်း “အလုပ်တွေက များနေတော့ ကောက်ဖို့ကို အဆင်မပြေလည်း ဒီလိုပဲ လုပ်ပေးရမှာ။ သူတို့မှာ လူမရှိလို့ ဆိုပြီး ပြောလာတော့။ ၃ ပတ်နဲ့ အပြီးကောက်ပေးရမယ်” ဟု ဆိုသည်။
ထိုသို့ စာရင်းကောက်ယူမှုတွင် ပါဝင်မည့် အဖွဲ့များရှိသလို နိုင်ငံရေးနှင့် ဆက်နွယ်လိုခြင်း မရှိဟု ငြင်းဆန်သည့် ပရဟိတ အသင်းအဖွဲ့များလည်း ရှိပြီး လူအင်အား မလုံလောက်မှုကြောင့် စာရင်းကောက်ယူပေးလိုခြင်း မရှိသည့် အဖွဲ့များလည်း ရှိကြောင်း သိရသည်။
လူမှုကူညီရေး လုပ်ငန်းများဖြင့် အချိန်မလောက်သည့်အတွက် ယင်းသို့ စာရင်းကောက်ယူမှုကို လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း၊ တချို့မြို့နယ်များတွင် တသင်းလျှင် ၃ ယောက်ပေးရမည်ဟု ပြောဆိုမှုများရှိနေကြောင်း ပရဟိတ အသင်းတဖွဲ့က ပြောသည်။
ထိုသို့လုပ်ဆောင်နေမှုများနှင့် ပတ်သက်ပြီး တာမွေမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး တဦးကို ဆက်သွယ်မေးမြန်းရာတွင် “ကျနော်တို့က မဲစာရင်းလိုက်ကောက်နေတာ မဟုတ်ပါဘူး။ လူဦးရေ စစ်တမ်းကောက်ဖို့ လုပ်တာပါ။ အထက်ကိုပဲမေး လိုက်ပါ”ဟု ဖြေသည်။
စစ်ကောင်စီက ယခုကဲ့သို့ ပရဟိတ အသင်းအဖွဲ့များကိုပါ ရွေးကောက်ပွဲအင်အားအတွက် အသုံးပြုလာခြင်းသည် ငွေကြေးအင်အား မရှိခြင်း ၊ လူအင်အား နည်းပါးနေခြင်းအပြင် အခြားနိုင်ငံရေး ရည်ရွယ်ချက်များလည်း ရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာသူ တဦးက သုံးသပ်သည်။
၎င်းက “နောက်တခုက ထိုးကျွေးတာပေါ့။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို တော်လှန်ရေးအင်အားစုက တိုက်ခိုက်ရင် ဒီအရပ်သားပြည်သူတွေကို ကြားခံဒိုင်းအနေနဲ့ သုံးထားတာပေါ့။ နောက်ထပ် အရေးကြီးတာ တခုကတော့ မဲစာရင်းပြုစုဖို့ ကောက်တယ်ဆိုပြီး တအိမ်တက်ဆင်း လူစာရင်းကောက်ခံခိုင်းတာက မြို့ပေါ်က မြေအောက် တော်လှန်ရေး အဖွဲ့အစည်း တွေကို လှုပ်မရအောင် အုပ်စီးမိအောင်လည်း ဖြစ်နိုင်တယ်။ ဒါက မရိုးရှင်းဘူး”ဟု ပြောသည်။
ထို့ပြင် ရွေးကောက်ပွဲတခု လုပ်ပါက ကုန်ကျစရိတ်များပြားသည့်အတွက် စစ်ကောင်စီတွင် ဘတ်ဂျက်နည်းနေသောကြောင့် ငွေပေးစရာမလိုသည့် လူများကို အသုံးပြုခြင်း ဖြစ်ကြောင်း၊ ယခင် ရွေးကောက်ပွဲများတွင် နိုင်ငံတကာမှ ထောက်ပံ့ကူညီ သော ရန်ပုံငွေများရခဲ့သော်လည်း စစ်ကောင်စီ ပြုလုပ်သော ရွေးကောက်ပွဲကို ကူညီပံ့ပိုးမည့် နိုင်ငံတကာ အကူအညီ မရှိနိုင်ကြောင်း ၎င်းက သုံးသပ်သည်။
၎င်းက “ကျနော်တို့ နိုင်ငံလိုမျိုး ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ နိုင်ငံတွေကို ဒီလိုရွေးကောက်ပွဲတွေ လုပ်နိုင်အောင် နိုင်ငံတကာက ပံ့ပိုးကူညီပေးတဲ့ ရန်ပုံငွေတွေ ရှိတယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဒီရန်ပုံငွေ အဖွဲ့အစည်း တွေက ကူညီမှာ မဟုတ်ဘူး။ ဒီတော့သူတို့ အလကားရမယ့် အတင်းခိုင်းလို့ရမယ့် အရင်းအမြစ်တွေ ကို သုံးမှာပဲ” ဟုပြောသည်။
လက်တလောတွင် ပရဟိတအဖွဲ့များထံမှ လူအင်အားများ ရယူပြီး ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေးခြင်း၊ မဲစာရင်း ပြုစုရေး အတွက် ကောက်ခံစေခြင်း၊ မဲရုံလျာထား သတ်မှတ်နိုင်ရေး ဆောင်ရွက်ချက် တို့အပြင် အချို့မြို့နယ်များတွင် မဲစာရင်းများ ကောက်ခံခြင်း၊ အတည်ပြု၊ စိစစ်ခြင်းများကိုပါ လုပ်ဆောင်နေပြီဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။
စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲအား PR ( အချိုးကျ ကိုယ်စားပြုစနစ်) ဖြင့် ကျင့်သုံးရန် ကြိုးစားနေသော်လည်း လက်ရှိအချိန်ထိ PR စနစ်ဖြင့် အသုံးပြုမည့် ရွေးကောက်ပွဲဥပဒေ ထွက်ပေါ်လာခြင်း မရှိသေးပေ။
စစ်ကောင်စီက ပုံဖော်မည့် ရွေးကောက်ပွဲ ချောမွေ့စေရန်အတွက် တိုင်းအဆင့်၊ မြို့နယ်အဆင့် ကော်မရှင်အဖွဲ့များကို ၎င်းတို့ လိုသလို အစားထိုးရုံမျှမကဘဲ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အထိကိုပါ အစားထိုးလဲလှယ်မှုများ ပြုလုပ်နေသည်။
ယခု ဒီဇင်ဘာလအတွင်းကပင် ရန်ကုန်မြို့က ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများကို စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမာခံများဖြင့် လဲလှယ်ခဲ့သည်။
စစ်ကောင်စီ၏ ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က လက်ခံ အသိမှတ်ပြုမည် မဟုတ်ကြောင်း ကြေညာထားသလို ပြည်သူအများစုနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ဆန့်ကျင်ရှုတ်ချသည်။
NLD ၏ ထုတ်ပြန်ထားချက်အရ မဲဆန္ဒနယ် ၉၂၀ တွင် ၈၂.၄ ရာခိုင်နှုန်းအထိ ထောက်ခံမှု ရရှိခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို မှားယွင်းပြီး မဲမသမာမှုများ ရှိသည်ဟု ဆိုကာ စစ်ကောင်စီက ပယ်ချခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက် ပရဟိတ မိခင်ကြီးအဖြစ် လူအများက လေးစားချစ်ခင်သည့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင် ကိုလည်း ဖမ်းဆီးထောင်ချခဲ့သလို ပရဟိတ မင်းသားကြီးဟု တင်းစားခေါ်ဝေါ်ခံရသည့် သရုပ်ဆောင် အကယ်ဒမီ ဦးကျော်သူနှင့် ဇနီး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့ ပိုင်ဆိုင်သော နေအိမ်ကို အာဏာသိမ်း စစ်ကောင်စီက ချိပ်ပိတ်ကာ ပရဟိတသမားအချို့ကို ဖမ်းဆီး သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့သည်။
You may also like these stories:
အာဏာသိမ်းမှုအောက်က ပရဟိတသမားများ
ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲဆိုင်ရာ စွပ်စွဲချက်အမှု တရားလိုအားစစ်ဆေ
တပ်ချုပ် အာဏာသိမ်းခြင်း အခြေခံဥပဒေ ချိုးဖောက်ဟု NLD ထုတ်ပြန်
ရွေးကောက်ပွဲ မဲစာရင်း ပြန်စစ်ဆေးမည်