ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အာဏာသိမ်း စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ဒီဇင်ဘာ ၂၈ ရက်တွင် တရားစွဲဆို ရမန်ရယူပြီး ကချင်ပြည်နယ်၊ မြစ်ကြီး နားထောင်သို့ ပို့ဆောင်ချုပ်နှောင်ထားကြောင်း မိသားစုဝင်တဦးက ဧရာဝတီကို ပြောသည်။
၎င်းက “စုံစမ်းသိရသလောက် မနေ့က ရမန်ယူပြီး မြစ်ကြီးနားထောင်ကြီးကို ပို့လိုက်ပြီ ပြောတယ်။ စစ်ကောင်စီဘက်က တရားဝင် အကြောင်းကြား ဆက်သွယ်တာတော့ မရှိသေးဘူး။ ရမန်ယူတာတောင် Viber နဲ့ပဲလုပ်ပြီး ၁၇(၁) နဲ့ အမှုဖွင့်ထားတာလို့ သိထားရပါတယ်။ ထောင်ကို သွားတော့လည်း ထောင်ဝင်စာ တွေ့ခွင့်မပေးသေးဘူး” ဟု ဆိုသည်။
လတ်တလောတွင် ဒေါက်တာ ခလမ်ဆမ်ဆွန်အား အမှုဖွင့်တရားစွဲပြီး မြစ်ကြီးနားထောင်သို့ ပို့ဆောင်ခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က တစုံတရာ အသိပေးခြင်းကြောင့် မဟုတ်ဘဲ မိသားစုဝင်များ သီးခြားစုံစမ်းခြင်းဖြင့်သာ သိရခြင်း ဖြစ်ကြောင်းလည်း ပြောသည်။
ဒေါက်တာ ခလမ်ဆမ်ဆွန်အား စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားကာ အရေးယူသည့် အခြေအနေနှင့် ပတ်သက်ပြီး ဧရာဝတီ အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
မိသားစုဝင်တဦးက “ဒီမနက် ထပ်ပြီးသိရတာက သူအရမ်းချမ်းတယ်တဲ့။ ဘာမှလည်း အဝတ်အစားတွေက ပါသွားတာ မဟုတ်ဘူး။ အခုလိုမျိုး ခိုးကြောင်ခိုးဝှက်နဲ့ ထောင်ထဲ ထည့်ချင်သလိုထည့်၊ လုပ်ချင်သလိုလုပ်နေတာ သိပ်ပြီးအဆင်မပြေ ဘူး။ ဘာလို့ ဒီလောက်တောင် ခိုးကြောင်ခိုးဝှက် လုပ်နေရသလဲဆိုတာ နားကိုမလည်နိုင်ဘူး။ အပြစ်မရှိအပြစ်ရှာ ဖမ်းဆီး ထားတာကို အမြန်လွှတ်ပေးစေချင်ပါတယ်” ဟု ပြောသည်။
ဒေါက်တာ ခလမ်ဆမ်ဆွန်အား စစ်ကောင်စီက အမှုဖွင့်လိုက်သည်ဆိုသည့် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) သည် ၃ နှစ်အထိ ထောင်ဒဏ် ချမှတ်ခံရနိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်သည့်ပုဒ်မ ဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်က ဒေါက်တာ ခလမ်ဆမ်ဆွန် အနေဖြင့် မိတ်ဆွေ ၂ ဦးနှင့်အတူ ဆေးကုသရန်အတွက် ပြည်ပ ခရီးစဉ် သွားရောက်ရန် မြစ်ကြီးနားမှ မန္တလေးသို့ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ မန္တလေးလေဆိပ်အရောက်တွင် စစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင်မှု ခံခဲ့ရခြင်း ဖြစ်သည်။
ဖမ်းဆီးခံရပြီးနောက် ယနေ့အချိန်ထိ ရက်ပေါင်း ၂၅ ရက် ကြာမြင့်ပြီ ဖြစ်သော်လည်း စစ်ကောင်စီသည် ဒေါက်တာ ခလမ်ဆမ်ဆွန်အား မိသားစုဝင်များနှင့် တွေ့ဆုံဆက်သွယ်ခွင့်မပေးဘဲ ဖမ်းဆီးချုပ်နှောင်ထားသည်။
ယနေ့အချိန်ထိ တွေ့ဆုံဆက်သွယ်ခွင့် မရသေးသည့်အတွက် သွေးတိုးရောဂါနှင့် ရင်ကျပ်လည်ပြွန်ယောင်ဝေဒနာတို့ ကြောင့် ပုံမှန်ဆေးစားနေရသည့် ဒေါက်တာ ခလမ်ဆမ်ဆွန်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး အလွန်စိုးရိမ်လျက် ရှိကြောင်း လည်း မိသားစုဝင်များက ပြောသည်။
ဒေါက်တာ ခလမ်ဆမ်ဆွန်၏ မိတ်ဆွေအချို့ကမူ စစ်ကောင်စီ အနေဖြင့် ၎င်းအား ပြည်ပထွက်ခွာခွင့် ပိတ်ပင်ထားပြီး နိုင်ငံ အတွင်း စစ်တပ် ကျူးလွန်နေသည့် အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများအား နိုင်ငံတကာသို့ ပြောကြားမှုများ ပြုလုပ်မည်ကို စိုးရိမ်နေခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုထားသည်။
လက်ရှိ KBC တွင် အထူးအကြံပေးပုဂ္ဂိုလ် အမှုတော်ဆောင် ဒေါက်တာ ခလမ်ဆမ်ဆွန်၏ ဟောကြားချက်၊ ပြောကြားချက် များနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က မကြိုက်ကြောင်းနှင့် တပ်မတော်အပေါ် ဂုဏ်သိက္ခာကျစေကြောင်း စွပ်စွဲပြောဆို မှုများလည်း ရှိနေသည်။
ယခုကဲ့သို့ ဒေါက်တာ ခလမ်ဆမ်ဆွန်အား ဖမ်းဆီးထားခြင်းနှင့် ပတ်သက်ပြီး လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးနှင့် လူသားချင်း စာနာထောက်ထားမှုအား အလေးထားကာ အမြန်ဆုံး ပြန်လွှတ်ပေးရန် ကချင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများက ဒီဇင်ဘာ ၂၇ ရက်တွင် ကြေညာချက် ထုတ်ပြန်တောင်းဆိုထားပြီး ၎င်း၏ ကျန်းမာရေးအတွက်လည်း အလွန်စိုးရိမ်လျက် ရှိကြောင်း ဖော်ပြထားသည်။
ထို့ပြင် လူသားအကျိုးပြုလုပ်ငန်းများ အစဉ်တစိုက် လုပ်ဆောင်နေပြီး အများပြည်သူ ယုံကြည်လေးစားသည့် ခေါင်းဆောင် တဦးအား ယခုကဲ့သို့ ဖမ်းဆီးချုပ်နှောင်ထားခြင်းသည် နိုင်ငံတော်တည်ဆောက်ရေးနှင့် သဟဇာတဖြစ်ရေး လုပ်ငန်းစဉ်များ အတွက် များစွာနှောင့်နှေးပြီး ဆုံးရှုံးမှုများ ဖြစ်စေကြောင်းလည်း အရပ်ဘက်အဖွဲ့အစည်းများက ဆိုထားသည်။
ပြီးခဲ့သည့် ၂၀၁၉ ကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံစဉ် ဒေါက်တာ ခလမ်ဆမ်ဆွန်က စစ်တပ်၏ လူနည်းစုတိုင်းရင်းသားများအပေါ် ဘာသာရေးလွတ်လပ်ခွင့် ဖိနှိပ်မှုများနှင့် ပတ်သက်ပြီး တင်ပြပြောဆိုခဲ့သည့်အပေါ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီးသန်းထိုက်က တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ဖူးပြီး နောက်ပိုင်းတွင် အာဏာ သိမ်း စစ်ခေါင်းဆောင်၏ နှုတ်မိန့်ဖြင့် အမှုအား ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။
You may also like these stories:
ဒေါက်တာ ခလမ်ဆမ်ဆွန် အား ဆက်သွယ်ခွင့်မရ၍ မိသားစုများ စိုးရိမ်နေ
KIA နှင့် စစ်ရေးတင်းမာနေချိန် မြောက်ပိုင်းတိုင်းတွင် ဖျော်ဖြေပွဲဖြင့် စိတ်ဓာတ်မြှင့်တင်
ဖမ်းဆီးခံရသည့် ဒေါက်တာ ခလမ်ဆမ်ဆွန်နှင့် မိသားစုဆက်သွယ်မရဖြစ်နေ