ဘေဂျင်း၏ တင်းကျပ်သော ကိုဗစ်နိုင်တင်းမူဝါဒများ ရုတ်သိမ်းပြီးနောက် အိန္ဒိယ၊ အီတလီ၊ ဂျပန်နှင့် ထိုင်ဝမ်တို့က အစီအစဉ်သစ်များ ချမှတ်ခဲ့ပြီး အမေရိကန် ပြည်ထောင်စုကလည်း တရုတ်မှလာသော ခရီးသည်များကို ကိုဗစ်နိုင်တင်း စစ်ဆေးမှု ပြုလုပ်တော့မည်ဖြစ်ကြောင်း အမေရိကန်ကျန်းမာရေး အရာရှိများက ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပြောသည်။
ဇန်နဝါရီလ ၅ ရက်နေ့မှ စတင်ပြီး တရုတ်၊ ဟောင်ကောင်နှင့် မက္ကာအိုမှလာသော အသက် ၂ နှစ်နှင့်အထက် လေယာဉ်ခရီးသည်များသည် အမေရိကန် ပြည်ထောင်စုသို့ မလာမီ ၂ ရက်အတွင်းက စစ်ဆေးထားသည့် ကိုဗစ်နိုင်တင်း ကင်းရှင်းကြောင်း စစ်ဆေးမှုရလဒ် ပြသရန် လိုအပ်မည်ဖြစ်ကြောင်း ထိုအရာရှိများက ပြောသည်။
လေယာဉ်ခရီးစဉ် မတိုင်မီ ၁၀ ရက်အတွင်း ကိုဗစ်ကူးစက်ထားကြောင်း စစ်ဆေးတွေ့ရှိသည့် ခရီးသည်များသည် စစ်ဆေးမှုရလဒ်အစား ပြန်လည် ပျောက်ကင်းကြောင်း အထောက်အထား စာရွက်စာတမ်း ပြသရန် လိုအပ်သည်ဟု ဖက်ဒရယ်အရာရှိများက ပြောသည်။
ထိုသို့ မူဝါဒပြောင်းလဲရခြင်းမှာ Sars-CoV-2 virus ဗိုင်းရပ်စ်မျိုးကွဲနှင့် ပတ်သက်သည့် သတင်းအချက်အလက် မရရှိခြင်းနှင့် တရုတ်တွင် ကိုဗစ်နိုင်တင်း ကူးစက်မှု မြင့်မားနေခြင်းသည် ဗိုင်းရပ်စ်မျိုးကွဲသစ် ဖြစ်ပေါ်စေမည်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
အမေရိကန် ပြည်ထောင်စုသည် လေဆိပ်များတွင် ဆန္ဒအလျောက် မျိုးဗီဇခြေရာခံသည့် အစီအစဉ်ကို ဆီရက်တဲလ်နှင့် လော့စ်အိန်ဂျယ်လိစ် လေဆိပ်များတွင် တိုးချဲ့လိုက်သည်။ ထို့ကြောင့် ကိုဗစ်နိုင်တင်း ကူးစက်ခံရသူများ သတင်းအချက်အလက် စုဆောင်းသည့် လေဆိပ်အရေအတွက် ၇ ခု ရှိလာသည်။
တရုတ်နိုင်ငံသည် ရုတ်တရက် မူဝါဒ ပြောင်းလဲပြီး ကမ္ဘာ့အတင်းကျပ်ဆုံး ကိုဗစ်လော့ဒေါင်း ပိတ်ဆို့ခြင်းနှင့် ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးသည့်စနစ်ကို ဖျက်သိမ်းလိုက်ပြီး အထိနာနေသော စီးပွားရေးကို လာမည့်နှစ်တွင် လုံးဝပြန်လည် ဖွင့်လှစ်ရန် ပြင်ဆင်နေသည်။
ကျယ်ပြန့်သော ဆန့်ကျင်မှုများဖြစ်ပြီးနောက် ကန့်သတ်ချက်များ ရုတ်သိမ်းခြင်းကြောင့် ကိုဗစ်ကူးစက်မှုသည် အများအားဖြင့် အဟန့်အတား မရှိတော့ဘဲ နေ့စဉ် လူသန်းပေါင်းများစွာ ကူးစက်နေနိုင်သည်ဟု နိုင်ငံတကာ ကျန်းမာရေး ကျွမ်းကျင်သူများက ပြောသည်။
ဘေဂျင်း၏ တရားဝင် ကိုဗစ်အချက်အလက်များနှင့် သေဆုံးမှုစာရင်းသည် ကူးစက်မှုအတိုင်းအတာနှင့် ကိုက်ညီခြင်း မရှိကြောင်းလည်း နိုင်ငံတကာဝေဖန်မှုများ ဖြစ်နေသည်။
“ကူးစက်မှု၊ ဆေးရုံတင်လူနာ အထူးသဖြင့် သေဆုံးမှု အရေအတွက်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အကန့်အသတ်နဲ့ပဲ ကျနော်တို့ သိရတယ်။ တရုတ်တနိုင်ငံလုံးမှာ ရောဂါ ရှာဖွေစစ်ဆေးမှု လျော့ကျနေတော့ အမှန်တကယ်ကူးစက်မှုကို သိဖို့ပိုမိုခက်ခဲသွားတယ်” ဟု အမေရိကန် ကျန်းမာရေးအရာရှိတဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
တရုတ်နိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်မခံရသေးသူ အများအပြားရှိပြီး အိုမီခရွန်မျိုးစိတ် စတင်ကူးစက်ခြင်းနှင့် တရုတ်၏တင်းကျပ်သော ကိုဗစ်မူဝါဒများ ရုတ်သိမ်းခြင်းကြောင့် အမေရိကန် အရာရှိများက တရုတ်တွင် ဆေးရုံတင်ရသော၊ သေဆုံးမှုဖြစ်စေသော ကူးစက်မှု အများအပြားရှိမည်ကို စိုးရိမ်ရကြောင်း အထက်ပါအရာရှိများက ပြောသည်။
ထိုဗိုင်းရပ်စ်သည် တနေ့လျှင် လူ ၁ သန်းခန့်ကို ကူးစက်နိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေး ကျွမ်းကျင်သူအချို့က ပြောကြားထားပြီး နိုင်ငံတကာ ပုံဖော်တွက်ချက်သည့် အဖွဲ့အများက တရုတ်တွင် လူ ၂ သန်းကျော် သေဆုံးမှု ရင်ဆိုင်ရနိုင်ကြောင်း ဟောကိန်းထုတ်ထားသည်။
တရုတ်တွင် ကပ်ရောဂါကိုင်တွယ်မှုနှင့် ပတ်သက်ပြီး ဝါရှင်တန်က အမြဲတမ်း ထောက်ပြနေသည့် အချက်တခုဖြစ်သော တရုတ်မှ ပွင့်လင်းမြင်သာသော အချက်အလက် ကင်းမဲ့ခြင်းကြောင့် ခရီးသွားလာမှု ကန့်သတ်ချက်များကို စဉ်းစားရခြင်းဖြစ်ကြောင်း အမေရိကန် အရာရှိများ ယခုသီတင်းပတ် အစောပိုင်းက ကိုးကားပြောဆိုသည်။
ကိုဗစ်နိုင်တင်း တိုက်ဖျက်ခြင်းနှင့် ပတ်သက်သည့် အမေရိကန်နှင့် တရုတ်နည်းလမ်းများသည် ကပ်ရောဂါကာလ တလျှောက်လုံးတွင် သိသိသာသာ ကွဲပြားကြသည်။
ကပ်ရောဂါအစောပိုင်း ကာလတွင် အမေရိကန် ပြည်ထောင်စုမှ မြင့်မားသည့် ကူးစက်နှုန်းကြောင့် ဘေဂျင်းက ကိုဗစ်တားဆီးရေး အစီအမံများကို တင်းတင်းကျပ်ကျပ်လုပ်သည့် ပုံစံသည် အသက်များကို ကယ်တင်နိုင်ကြောင်း ပြောဆိုစရာဖြစ်ခဲ့သည်။
တရုတ်သည် သက်ကြီးရွယ်အိုများကို ကာကွယ်ဆေးထိုးရန် ကြိုးစားနေရပြီး ပြည်ပမှ mRNA ဆေးများကို အတည်ပြုခြင်း မလုပ်ရသေးပေ။ တရုတ်၏ ကာကွယ်ဆေး လွှမ်းခြုံမှုနှုန်းသည် ၉၀ ရာခိုင်နှုန်း ရှိသော်လည်း သက်ကြီးပိုင်းတွင် အားဖြည့်ကာကွယ်ဆေး ထိုးပြီးသောနှုန်းမှာ ၅၇ ဒသမ ၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားပြီး အသက် ၈၀ နှင့်အထက် လူကြီးများကို အားဖြည့်ကာကွယ်ဆေး ထိုးသည့်နှုန်းမှာ ၄၂ ဒသမ ၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း တရုတ်အစိုးရက လွန်ခဲ့သော အပတ်က ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
တရုတ်နိုင်ငံတွင် အသုံးပြုရန် အတည်ပြုထားသည့် ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေး ၉ မျိုး ရှိသော်လည်း မည်သည့်ကာကွယ်ဆေးကိုမျှ လွန်စွာကူးစက်တတ်သည့် အိုမီခရွန်မျိုးကွဲအတွက် အဆင့်မြှင့်တင်ထားခြင်း မရှိပေ။
mRNA ကာကွယ်ဆေးများနှင့် အခြားအထောက်အကူများကို တရုတ်သို့ အမေရိကန်က ကူညီရန် ကမ်းလှမ်းခဲ့သော်လည်း တရုတ်အရာရှိများက ၎င်းတို့သည် ယခုအချိန်တွင် အမေရိကန် အကူအညီ မလိုသေးကြောင်း လူသိရှင်ကြား ပြောကြားခဲ့သည်ဟု အမေရိကန်အရာရှိများက ရှင်းလင်းပွဲတွင် ပြောသည်။ ကူညီရန် အသင့်ဆက်ရှိနေကြောင်းနေလည်း အမေရိကန် တာဝန်ရှိသူတဦးက ပြောသည်။
ပြီးခဲ့သည့်ဇွန်လတွင် အမေရိကန် ပြည်ထောင်စုသည် လေကြောင်းမှလာသူများ ကိုဗစ်နိုင်တင်း ကင်းရှင်းကြောင်း စစ်ဆေးမှုရလဒ် လိုအပ်သည်ဆိုသည့် ၁၇ လကြာ စည်းကမ်းချက်ကို ရုတ်သိမ်းခဲ့သည်။ သို့သော် အမေရိကန် ပြည်ထောင်စုသို့ လာရောက်သော အမေရိကန် နိုင်ငံသား မဟုတ်သူ အများစုမှာမူ ကိုဗစ်ကာကွယ်ဆေး ထိုးထားရန် စည်းကမ်းကို ဆက်လက်ထားရှိသည်။
ကိုးကား ။ ။ Reuters သတင်း U.S. to impose mandatory COVID-19 tests for travelers from China
You may also like these stories:
ရောဂါပိုး ပျံ့နေသော်လည်း ကိုဗစ်ထိန်းချုပ်မှု လျှော့ချပြီး တရုတ်တွေ ခရီးသွားဖို့ ပြင်
တရုတ်-မြန်မာနယ်စပ်ဂိတ်များ လာမည့်နှစ်ဆန်း၌ ပြန်ဖွင့်မည်
တရုတ်ဈေးကွက်ပြန်ရလာသည့် မြန်မာ့ပြောင်း အခြေအနေကောင်းများရှိလာနိုင်
လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေး ကျဆင်းလာဟု လုပ်ငန်းရှင်များဆို