တရုတ်ခရီးသည်များ ပြန်လာခြင်းအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနက ကမ္ဘာလှည့်ခရီးသည်များနှင့် ထိုင်းခရီးသွားလုပ်ငန်း ဝန်ထမ်းများကို ကိုဗစ်နိုင်တင်း အားဖြည့်ကာကွယ်ဆေးထိုးပေးရေး ကမ်းလှမ်းရန် မျှော်လင့်နေသည်။
ကာကွယ်ဆေးဈေးနှုန်းများသည် ဘတ်ငွေရာဂဏန်းအနည်းငယ်သာရှိပြီး ဈေးနှုန်းကျဆင်းလာသောကြောင့် ထိုသို့လုပ်ဆောင်ခြင်းသည် ထိုက်တန်သော ရင်းနှီးမြှုပ်နှံမှုဖြစ်သည်ဟု ထိုင်းခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီး ဖီဖက် ရက်ချာကစ်ပရာကန်က ပြောသည်။
ပျမ်းမျှအားဖြင့် ကမ္ဘာလှည့်ခရီးသည်တဦးသည် ဘတ် ၄၀၀၀၀ သုံးပါက ထိုအသုံးစရိတ်မှ တန်ဖိုးထပ်ဆောင်း အခွန် ၇ ရာခိုင်နှုန်းကောက်ခံသောကြောင့် ကာကွယ်ဆေး ဈေးနှုန်းထက် ပိုမိုများပြားကြောင်း ဖီဖက်ပြောသည်။
“ကျန်းမာရေး လုံခြုံမှု ထိပ်တန်းနိုင်ငံတွေထဲမှာ ကျနော်တို့ပါဝင်လို့ ဒီလိုလုပ်ပေးတာဟာ ထိုင်းနိုင်ငံရဲ့ ပုံရိပ်ကို ပိုမိုကောင်းမွန်စေတယ်” ဟု သူပြောသည်။
ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနသည် ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင်နှင့် ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းပြီး ထိုအစီအစဉ်ဖြစ်နိုင်ခြေကို လေ့လာမည်ဖြစ်ကြောင်း ဖီဖက် ပြောသည်။
ထိုအစီအစဉ်ကို အစိုးရက ခွင့်ပြုပါက ကျန်းမာရေးဝန်ကြီးဌာနသို့ ကာကွယ်ဆေးဝယ်ရန် ဘာဏ္ဍာငွေ ချထားပေးရမည် ဖြစ်ကြောင်း သူပြောသည်။
ထိုင်းခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနသည် ပထမဆုံး တရုတ်ခရီးသည်များ မရောက်မီ ခရီးသွား လုပ်ငန်းကဏ္ဍမှ ဝန်ထမ်းများအတွက် အားဖြည့်ကာကွယ်ဆေးများ ထိုးထားရန် ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနကို ပြောမည်ဖြစ်ကြောင်းလည်း သူပြောသည်။
သက်ဆိုင်ရာအာဏာပိုင်အားလုံးသည် နှာခေါင်းစည်းများဝတ်ဆင်ခြင်းနှင့် ကူးစက်မည့် အန္တရာယ်ကို ဂရုစိုက်ခြင်း အပါအဝင် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများကို ကမ္ဘာလှည့်ခရီးသည်များ၊ ဝန်ဆောင်မှုကဏ္ဍများမှ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ သိရှိအောင် လုပ်ဆောင်ရာတွင် ကူညီသင့်ကြောင်း သူပြောသည်။
တရုတ်မှ ပြည်ပသို့ အပမ်းဖြေခရီးထွက်ရန် ခွင့်ပြုခြင်းနှင့်ပတ်သက်သည့် နောက်ဆုံးအချက်အလက်များကို မသိရသေးသော်လည်း မကြာမီ ခွင့်ပြုမည်ဟု မျှော်လင့်ရကြောင်း ဖူးခက် ခရီးသွားလုပ်ငန်းအသင်း အတိုင်ပင်ခံ ဥက္ကဌ ဘူမိကစ်တီ ရတ်တန်ဂန် ပြောသည်။
ထိုင်းနိုင်ငံသို့ လာရောက်သည့် တရုတ်ခရီးသည် ပထမဆုံးအုပ်စုကို ပထမ သုံးလပတ်ကုန်တွင် မျှော်လင့်ရကြောင်းလည်း သူပြောသည်။ လတ်တလော တရုတ်တွင် ကိုဗစ်နိုင်တင်း ကူးစက်မှု ကျယ်ပြန့်နေသောကြောင့် လာမည့်လ တရုတ်နှစ်သစ်ကူးသည် ထိုပထမဆုံး တရုတ်အုပ်စုအတွက် ပြည်ပခရီးထွက်ရန် စောလွန်းနေနိုင်သေးကြောင်း သူပြောသည်။
ခရီးသွားလုပ်ငန်း ပြန်လည်မရှင်သန်လာမီ ဖူးခက်တွင် အနှိပ်ခန်း၊ ဟိုတယ်၊ လေကြောင်းလိုင်းနှင့် လူဝန်မှုကြီးကြပ်ရေး ဝန်ထမ်းမလုံလောက်မှုစသည့် ပြဿနာများကို ကုစားရန် လိုမည်ဟု သူပြောသည်။
တရုတ်နိုင်ငံမှ အဓိက မြို့ကြီးများနှင့် လေကြောင်းခရီးစဉ် ချိတ်ဆက်မှု တိုးမြှင့်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရမည်ဟုလည်း သူပြောသည်။
ပြည်မကြီးမှ ဧည့်သည်များအဆင်ပြေရေးအတွက် ခရီးသွားလုပ်ငန်းဌာနသည် ဧည့်လမ်းညွန်လိုင်စင်များ သက်တမ်းတိုးပေးခြင်း၊ ဒစ်ဂျစ်တယ်ငွေပေးချေမှု နည်းပညာများပြင်ဆင်ခြင်းနှင့် တရုတ်ဘာသာ အမှတ်အသားလမ်းညွန်များ ပြင်ဆင်ခြင်းတို့ကို အရှိန်မြှင့်လုပ်ဆောင်သင့်ကြောင်း သူပြောသည်။
လက်ရှိအချိန်တွင် ဖူးခက်မှ ခရီးသွားလုပ်ငန်း ၆၀ ရာခိုင်နှုန်းခန့်သည် လုပ်ငန်းများပြန်လည်လည်ပတ်နေကြောင်း သူပြောသည်။
တရုတ်ဧည့်သည်များ ပြန်လာသောအခါ ဆိုင်းငံ့ဆဲလုပ်ငန်းများအနက် ၂၀ ရာခိုင်နှုန်းသည် ပြန်လည် လည်ပတ်ရန် အသင့်ရှိကြောင်းလည်း သူပြောသည်။
ကိုးကား။ ။ Bangkok Post သတင်း Call for tourist booster shots as Chinese return
You may also like these stories:
ရောဂါပိုး ပျံ့နေသော်လည်း ကိုဗစ်ထိန်းချုပ်မှု လျှော့ချပြီး တရုတ်တွေ ခရီးသွားဖို့ ပြင်
တရုတ်မှလာသော ခရီးသည်များကို အမေရိကန်က ကိုဗစ်နိုင်တင်း စစ်ဆေးမည်
ဘင်္ဂလားဒေ့ရှ်တွင် ဂျပန်အကူအညီဖြင့် မြို့ပတ်အမြန်ရထား စဆွဲပြီ
မြန်မာမှ နိုင်ငံခြားကုမ္ပဏီများ ရေရှည်အခွင့်အလမ်း စောင့်နေကြ