နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့အား အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲတရားစွဲဆိုသည့် အဂတိမှု ၅ မှုဖြင့် နေပြည်တော်ထောင်တွင်း အထူးတရားရုံးက ထောင် ၇ နှစ်စီ ယနေ့ ထပ်မံ ချမှတ်လိုက်သည်။
အဆိုပါ အမှုများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ် ဆယ်ရေး ရဟတ်ယာဉ် ၁ စီး ငှားရမ်း၊ ဝယ်ယူ၊ ပြုပြင်ထိန်းသိမ်းမှုများနှင့် ပတ်သက်ပြီး သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင် ဆန်းစုကြည်တို့ အနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းများ လိုက်နာမှု မရှိဘဲ ဆောင်ရွက်မှုကြောင့် နိုင်ငံတော်ငွေကြေး နစ်နာ ဆုံးရှုံးမှုများ ရှိသည်ဟု စွပ်စွဲကာ စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုသည့် အမှုများ ဖြစ်သည်။
အမှု ၅ မှုတွင် ၁ မှုလျှင် ၃ နှစ်စီဖြင့် ၄ မှုအား တပေါင်းတည်းကျခံစေရန် အမိန့်ချခဲ့ပြီး ကယ်ဆယ်ရေး ရဟတ်ယာဉ် ဝယ်ယူ မှုအတွက် စွဲဆိုသည့် အမှု ၁ မှုအတွက် ထောင် ၄ နှစ်အား သီးခြားစီ ကျခံစေခဲ့သည့်အတွက် စုစုပေါင်းအမှု ၅ မှုအတွက် ထောင် ၇ နှစ် ချခဲ့ခြင်း ဖြစ်သည်။
တရားရုံးနှင့် နီးစပ်သူတဦးက “သမ္မတကြီးရော၊ ဒေါ်အောင်ဆန်းစုကြည်ရော နှစ်ဦးစလုံး ကျန်းမာရေး ကောင်းကြတယ်။ ပြည်သူတွေ အားလုံးလည်း ကျန်းမာကြပါစေလို့ မေတ္တာပို့ပေးတယ်လို့ ပြောတယ်။ အမှုအတွက်တော့ ဥပဒေအတိုင်းပဲ ဆက်လက် လုပ်ဆောင်ဖို့ ပြောခဲ့တယ်” ဟု ပြောသည်။
ကယ်ဆယ်ရေး ရဟတ်ယာဉ်အား ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကျခံသုံးစွဲပြီး ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ခဲ့ ခြင်း ဖြစ်သည်။
အဆိုပါ ငှားရမ်း၊ ဝယ်ယူမှုနှင့် ပတ်သက်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် စစ်ကောင်စီက အမှုဖွင့်ထားသည်။
ယင်းသို့ သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာဝင်းမြတ်အေးတို့အား စွပ်စွဲအမှုဖွင့်ကာ တရားစွဲထား သော်လည်း အဓိက တာဝန်ရှိသူ ဖြစ်သည့် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကိုမူ စစ်ကောင်စီက အမှုဖွင့်တရားစွဲဆိုခြင်း မရှိ သေးပေ။
သို့သော် ဦးဟင်နရီဗန်ထီးယူသည် အမှုတွင် သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေအဖြစ် တရားရုံး၌ ထွက်ဆိုပေးခဲ့ပြီး ကယ်ဆယ်ရေး ရဟတ်ယာဉ်အား အမျိုးသားအဆင့် အနေဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်သည့် အခါ ကယ်ဆယ်ရေးအတွက် အသုံးပြုရေး ဝယ်ယူရန် လိုအပ်သည့်အတွက် ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဘဏ္ဍာရေးစည်း မျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် အညီသာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။
ယင်းသို့ ကယ်ဆယ်ရေး ရဟတ်ယာဉ် ဝယ်ယူသည့်ကိစ္စတွင် အဓိကတာဝန်ရှိသူ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက စွပ်စွဲ ချက်များအား ချေပထွက်ဆိုခဲ့သည့်အပြင် သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က စွပ်စွဲချက်များမှာ မှန်ကန်မှု မရှိကြောင်း ထွက်ဆိုခဲ့ကြသော်လည်း စစ်ကောင်စီ လက်အောက်ခံ ထောင်တွင်းတရားရုံး၌ မန္တလေးတိုင်းတရားလွှတ်တော် တရားသူကြီး ဦးမြင့်ဆန်းက ထောင်ဒဏ်ချလိုက်ခြင်း ဖြစ်သည်။
ယခုကဲ့သို့ ထောင်ဒဏ် ထပ်မံ ချမှတ်လိုက်သည့်အတွက် စစ်ကောင်စီ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှုပေါင်း ၁၉ မှုအတွက် ချမှတ်ခဲ့သည့် ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ်ထိရှိပြီ ဖြစ်ပြီး သမ္မတဦးဝင်းမြင့် အနေဖြင့်လည်း ချမှတ်ခံရ သည့် ထောင်ဒဏ် စုစုပေါင်း ၁၂ နှစ်ရှိပြီ ဖြစ်သည်။
စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးခံထားရသည့် အရပ်သားအစိုးရ ခေါင်းဆောင် သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စစ်ကောင်စီက စွပ်စွဲတရားစွဲဆိုမှုများအားလုံး အမိန့်ချမှတ်ပြီး ဖြစ်သည့်အတွက် လတ်တလောတွင် ၎င်းတို့အပေါ် စွဲဆိုထားသည့်အမှုများ မရှိတော့ပေ။
လက်ရှိတွင် ထောင်ဒဏ်များ ချမှတ်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ နေပြည်တော်အချုပ်ထောင်အတွင်းရှိ သီးခြား အဆောက်အအုံတခုတွင် အကျဉ်းချခံထားရပြီး သမ္မတဦးဝင်းမြင့်မှာ စစ်ကောင်စီက လျှို့ဝှက်ထားသည့် နေရာတခု၌ အကျဉ်းချခံထားရသည်။
ယခုလို အမှုများအားလုံး အမိန့်ချပြီး ဖြစ်သော်လည်း မည်သည့်နေရာသို့ ပြောင်းရွှေ့ချုပ်နှောင်မည်ကိုမူ မသိရသေးပေ။
You may also like these stories:
သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်အား အဂတိ ၅ မှုအတွက် ဒီဇင်ဘာ ၃၀ တွင် အမိန့်ချမည်
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းပိုင် ငွေနှင့်ပစ္စည်းများ သိမ်းယူရန် စစ်ကောင်စီလုပ်ဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှု ၄ မှုဖြင့် စွဲချက်တင်
ဒေါ်အောင်ဆန်းစုကြည်အား တရားမဲ့ဖမ်းထားမှု ကုလသမဂ္ဂတွင် တိုင်ကြား