တနိုင်ငံလုံးအနှံ့ စစ်ပွဲကျယ်ပြန့်လာနေမှုနှင့် ရင်ဆိုင်နေရသော အာဏာသိမ်းစစ်ကောင်စီသည် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေတခုအား လွှတ်တော်မရှိဘဲ အတည်ပြုကာ ကာကွယ်ရေးအသုံးစရိတ်ကို ပိုမိုတိုးချဲ့လိုက်သည်။
ထိုဥပဒေအရ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်အတွက် ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ နှင့် နိုင်ငံပိုင်လုပ်ငန်းများ အတွက် ထပ်တိုးဘတ်ဂျက်အဖြစ် ကျပ်ဘီလီယံ ၂၆၀၀ ဝန်းကျင်ကို ခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီ အာဘော်သတင်းစာက ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ ထပ်တိုးဘတ်ဂျက်ထဲမှ ကျပ်ဘီလီယံ ၄၄၀ ကျော်ကို ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်အဖြစ် အများဆုံးခွဲဝေပေးထားကာ ထပ်တိုးအသုံးစရိတ်စုစုပေါင်း၏ ၁၇ ရာခိုင်နှုန်းနီးပါးအထိ ရှိနေသည်။ အဆိုပါဘတ်ဂျက်သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီ မှ မတ်လ အထိ ၃ လ အတွင်းသာ အသုံးပြုသွားမည့် အသုံးစရိတ်ဖြစ်သည်။
စစ်ကောင်စီ၏ ၂၀၂၂-၂၃ ဘဏ္ဍာနှစ် တနှစ်လုံးစာအတွက် ကာကွယ်ရေးအသုံးစရိတ်သည် ကျပ်ဘီလီယံ ၄၀၀၀ ကျော်အထိ ရှိသွားမည်ဖြစ်သည်။ ထပ်တိုးဘတ်ဂျက်မတိုင်ခင်က ကာကွယ်ရေး ဝန်ကြီးဌာန၏ ယခုဘဏ္ဍာနှစ်အသုံးစရိတ်သည် ကျပ်ဘီလီယံ ၃၇၀၀ ကျော်ဖြစ်ကာ ဝန်ကြီးဌာနများ နှင့် ဦးစီးဌာနများ အသုံးစရိတ်စုစုပေါင်း၏ ၂၀ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိသည်။
ယခုကာကွယ်ရေးအသုံးစရိတ်သည် ပြီးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရပ်သား အစိုးရ လက်ထက် နောက်ဆုံးနှစ်ဖြစ်သော ၂၀၂၀ ခုနှစ်ကထက် ကျပ်ဘီလီယံ ၆၀၀ ကျော် တိုးမြှင့် လာခြင်းလည်း ဖြစ်သည်။
ထို့ပြင် စစ်ကောင်စီ၏ ကာကွယ်ရေးအသုံးစရိတ်သည် ကျန်းမာရေး နှင့် ပညာရေး အသုံးစရိတ်များနှင့် နှိုင်းယှဉ်ကြည့်ပါကလည်း အဆပေါင်းများစွာကို ကွာခြားနေလျက်ရှိသည်။
စစ်ကောင်စီ၏ ထပ်တိုးဘတ်ဂျက်အရ ကျန်းမာရေးအသုံးစရိတ်သည် ကျပ် ၁ ဒသမ ၂ ဘီလီယံ ရှိပြီး ကာကွယ်ရေးအသုံးစရိတ် ကျပ် ၄၄၀ ဘီလီယံ နှင့် နှိုင်းယှဉ်ပါက အဆပေါင်းလေးရာကျော် ကွာဟနေသလို ပညာရေး အသုံးစရိတ်ကိုလည်း ကျပ် ၉၇ ဘီလီယံ သာထပ်တိုးလိုက်ခြင်းကြောင့် ကာကွယ်ရေးအသုံးစရိတ်နှင့် ၄ ဆ ကျော် ကွာဟ နေလျက်ရှိသည်။
ယခုလို စစ်ရေးအသုံးစရိတ် ပိုမိုမြင့်တက်လာခြင်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း၌ လက်နက်ကိုင် ပဋိပက္ခများ ပိုမိုပြင်းထန်လာခဲ့သည့်အတွက် စစ်ရေးအသုံးစရိတ်ကို မူလခန့်မှန်းထားခဲ့သည့်ထက် ပိုလိုအပ်လာခြင်းကြောင့် ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးရဲထွန်း (သီပေါ)က ပြောသည်။
“အစိုးရရဲ့ ဌာနဆိုင်ရာတွေက တနှစ်လုံး သုံးမယ့် ငွေကြေးကို ခန့်မှန်းပြီး ဘတ်ဂျက်တောင်းလိုက်တာပေါ့။ နှစ်ကုန်ခံနီးမှာ မလောက်ခဲ့လို့ရှိရင် ထပ်တိုးတောင်းတဲ့ အစဉ်အလာက တော့ ရှိတယ်။ ပြန်ပြီး ထိန်းညှိတဲ့သဘောပေါ့။ ငွေကြေးဖောင်းပွသွားတာမျိုးနဲ့ ငွေလဲလှယ်နှုန်းတွေ ကွာသွားကြောင့်လည်း ကုန်ကျစရိတ်တွေ ပိုကုန်လာတာမျိုးလည်း ရှိနိုင်တယ်” ဟု သူက ဆိုသည်။
ထို့အပြင် ယခုနှစ်ပိုင်းတွင် တော်လှန်ရေးအင်အားစုများဘက်မှ ဒရုန်းကဲ့သို့သော လေကြောင်း တိုက် ခိုက်မှုများကို တွင်ကျယ်စွာ အသုံးပြုလာခြင်းကြောင့် လေကြောင်းရန်ကာကွယ်ရေး နည်းပညာများ အတွက် ကြိုတင်ပြင်ဆင်ခြင်းများ ရှိနိုင်သလို ၂၀၂၃ ခုနှစ်တွင် ကျင်းပရန် ရည်ရွယ်ထားသော အထွေ ထွေရွေးကောက်ပွဲအတွက် လုံခြုံရေးအသုံးစရိတ်များ တိုးမြှင့်ခြင်းလည်းဖြစ်နိုင်ကြောင်း ဦးရဲထွန်းက မှတ်ချက်ပြုသည်။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလပိုင်းကစတင်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလလယ်ပိုင်းအထိ တိုက်ပွဲပေါင်း ၇၈၀၀ ကျော်အထိ ဖြစ်ပွားခဲ့ပြီး ထိုအထဲမှာ ၅၇ ရာခိုင်နှုန်းသည် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) များ တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲအရေအတွက်ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFs များနှင့်မူ တိုက်ပွဲပေါင်း ၂၂၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ(ISP)၏ စစ်တမ်းအရ သိရသည်။
အဆိုပါ အခြေအနေများသည် လွတ်လပ်သော သတင်းမီဒီယာများ နှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ် ပြန်ချက်အပေါ် အခြေခံထားခြင်းဖြစ်ပြီး မြေပြင်တွင် ယခုထက် တိုက်ပွဲများ ပိုမိုများပြားနိုင် ကြောင်း ISP မြန်မာက ဆိုထားသည်။
ထိုတိုက်ပွဲများကြောင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် စစ်ဘေးရှောင်နေရသော ပြည်သူအရေ အတွက်သည် ၂ သန်း နီးပါးအထိ ရှိလာနေပြီဖြစ်သည်။
ထို့ပြင် အာဏာသိမ်းပြီးကာလ ၂ နှစ်နီးပါးအတွင်းတွင် စစ်ကောင်စီသည် အရေအတွက် ရာနှင့်ချီသော လေကြောင်း တိုက်ခိုက်မှုမျိုးစုံကို ပြုလုပ်ခဲ့ပြီး ထိုလေကြောင်းတိုက်ခိုက်မှုအရေအတွက်များသည် ပြီးခဲ့သည့် ဆယ်စုနှစ်တခုအတွင်းက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအပေါ် တိုက်ခိုက်ခဲ့သော လေကြောင်းတိုက်ခိုက်မှုများထက်ပင် ပိုများကြောင်း မြန်မာ့တိုင်းရင်းသားအရေး နှင့် စစ်ရေးလေ့လာသူများက ဆိုထားကြသည်။
ယူကေအခြေစိုက် Amnesty International ၏ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက ထုတ်ပြန်ခဲ့သော အစီအစင်ခံစာအရလည်း အာဏာသိမ်းပြီးနောက် ၂ နီးပါးကာလအတွင်း၌ အာဏာသိမ်းစစ်တပ်၏ အရပ်သားများအပေါ် ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၆ ဒါဇင်ခန့်ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ဆက်တိုက်မြင့်တက်လာနေသော တိုက်ပွဲအခြေအနေများနှင့် မြေပြင်ကြည်းတပ်များထက် လေ ကြောင်းချီစစ်ဆင်ရေးနှင့် လေကြောင်းတိုက်ခိုက်မှုများကို အဓိက အသုံးပြုနေခဲ့ရသောကြောင့် ပုံမှန်ထက် စစ်အသုံးစရိတ် ပိုမိုကုန်ကျနေခြင်းမှာ ဆန်းတော့မဆန်းပေ။
မြန်မာစစ်တပ်၏ စစ်ရေးဆိုင်ရာ ဘတ်ဂျက်သုံးစွဲမှုများသည် ပွင့်လင်းမြင်သာမှု မရှိသလို တရားဝင် ဘတ်ဂျက်မှ မဟုတ်သော တခြားသော ဝင်ငွေလမ်းကြောင်းများမှလည်း ဝင်ရောက်နေခြင်းတို့ကြောင့် စစ်တပ်၏ ဘတ်ဂျက်တိုးချဲ့မှုအခြေအနေများကို အမှန်တကယ်သိရှိနိုင်ရန် ခက်ခဲကြောင်း မြန်မာ့ပဋိ ပက္ခ၊ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေးကိစ္စရပ်များကို လေ့လာနေသူ ဒေးဗစ်စကော့ မက်သီဆန် က ဧရာဝတီသို့ ပြောသည်။
” နေရာဒေသအမျိုးမျိုးမှာ အရှိန်မြင့်တက်လာနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ကြောင့် စစ်တပ်က မြေပြင်စစ်ကြောင်းထိုးမှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ ပိုမိုသုံးစွဲလာနေရတဲ့အတွက် ဒီအကြမ်းဖက်မှုတွေအတွက် သူတို့ ဘတ်ဂျက်တွေကို ချိန်ညှိသုံးစွဲနေရတယ်ဆိုတာက အထင်အရှားတွေ့နေရတာပဲလေ။ မေးခွန်းတခုရှိတာက ကျယ်ပြန့်လာတဲ့ တိုက်ပွဲတွေကြောင့် ကပစ(ကာကွယ်ရေးပစ္စည်းစက်ရုံ)ရဲ့ လက်နက်ခဲယမ်းထုတ်လုပ်မှုအပေါ် ဘယ် လောက်အထိ ဖိအားသက်ရောက်နေလဲပြီဆိုတာပါ ” ဟု ပြောဆိုသည်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဖျက်ဆီးလိုက်သော မြန်မာ့စီးပွားရေးကြောင့်လည်း စစ်တပ် အတွက် လောင်စာဆီနှင့် အခြေခံစားနပ်ရိက္ခာ ကုန်ကျစရိတ်များသည် ပိုမိုကုန်ကျခဲ့သလို စစ်ကောင်စီကို ခုခံတော်လှန်မှုများသည် ဆက်လက်ရှိနေမည်ဖြစ်ခြင်းကြောင့် မြန်မာစစ်တပ်သည် စစ်ဆင်ရေး အရှိန်မလျော့ကျစေရန်အတွက် အခွန်ပိုမိုကောက်ခံခြင်း ပိုမိုလုပ်ဆောင်လာနိုင်ကြောင်း ဒေးဗစ်စကော့ မက်သီဆန်က ဆိုထားသေးသည်။
ထို့ပြင် ၂၀၂၃ ခုနှစ်အတွင်း၌လည်း အတိုက်အခံတော်လှန်ရေး အင်အားစုများဘက်ကလည်း စစ်ရေး အရှိန်မြှင့်တင်လာမည့် အခြေအနေများနှင့် စစ်ကောင်စီ၏ တရုတ်နှင့် ရုရှားလုပ် တိုက်လေယာဉ်မျာ နှင့် လက်နက်တင်သွင်းမှုအသစ်များကြောင့်လည်း စစ်တပ်၏ အသုံးစရိတ်များသည် ပိုမိုတိုးချဲ့လာဦးမည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး နှင့် စစ်ရေးလေ့လာသုံးသပ်သူများက ခန့်မှန်းထားကြသည်။
ဒေးဗစ်စကော့ မက်သီဆန်က “ မင်းအောင်လှိုင်က သူအာဏာတည်မြဲဖို့အတွက်ကို တိုင်းပြည်ဆီက ခိုးယူသွားမှာဖြစ်သလို သူ့ဘေးနားက စစ်ရာဇဝတ်ကောင် သူခိုးဓားပြတွေကလည်း သူတို့ လက်နက် မချခင်အထိ တိုင်းပြည်တခုလုံးကို ချွတ်ခြုံကျသွားအောင် လုပ်လိမ့်မယ်။ ဒီအရာတွေက မြန်မာစစ်တပ်ရဲ့ အရင်ကတည်းက ရှိနေခဲ့တဲ့ သရုပ်မှန်ပဲ” ဟု ပြောဆိုသည်။
You may also like these stories :
စစ်တပ်ရဲ့ တရားဝင်မှုနဲ့ အမျိုး ဘာသာ သာသနာ
စစ်ကောင်စီ ကိုယ်တိုင်ထုတ် လေ့ကျင့်ရေး လေယာဉ် MTX – 1A
သတိထားရမယ့် တရုတ်လုပ် FTC – 2000G တိုက်လေယာဉ်များ
ကုန်းသာတိုက်ပွဲ အလိမ်အညာသတင်း နောက်ကွယ်
စစ်ကောင်စီ သက်ဆိုးမရှည်တော့ဟု KIA ဗိုလ်ချုပ် ပြော