စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ အလယ်ရှိုကျေးရွာသို့ ဝင်လာသည့် စစ်ကောင်စီတပ်က ရွာခံ ၈ဦးကို သတ်ဖြတ်ခဲ့သလို ၁၂ ဦးခန့်မှာလည်း ပျောက်ဆုံးနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်က ရွှေဘိုမြို့ အခြေစိုက် အမှတ် (၈) လေ့ကျင့်ရေးတပ်မှ အင်အား ၅၀ ခန့်နှင့် ပျူစောထီးများ ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် အဆိုပါရွာတွင် ၅ရက်ကြာ စခန်းချပြီးနောက် ဒေသခံကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ရာ မရှောင်တိမ်းနိုင်သည် ရွာခံ ၂၀ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး၊ ၈ ဦးကို သတ်ဖြတ်သွားခြင်း ဖြစ်သည်။
ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦး၏ အဆိုအရ “ရွာအပြင်မှာ ပစ်သတ်ထားတာ ပုပ်ပွနေပြီ။ သူတို့ ဝင် ကတည်းက ပြေးလွှားရင်း ပစ်သတ်ထားလို့ မှန်ပြီး သေတဲ့ပုံပဲ။ ရွာပြင်စည်းရိုးနှုတ်ခမ်းပေါ်မှာ ထွက်ပြေးတဲ့ လမ်းကြောင်း ပေါ်မှာပဲ ပြေးရင်းလွှားရင်းနဲ့ ပစ်သတ်ခံရတဲ့ သဘောပေါ့။ တောင် တယောက်၊ မြောက်တယောက်တွေ့တာ။ ဒါကပစ်သတ် တာပဲ ရှိသေးတယ်။ မီးရှို့ပြီး အလောင်းဖျောက်တာလည်း ရှိနိုင်တယ်” ဟု ပြောသည်။
ယမန်နေ့ ညနေပိုင်းကမူ စစ်ကောင်စီ စစ်ကြောင်း ထွက်သွားပြီးနောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် ဒေသခံတချို့ ရွာတွင်းသို့ ပြန်လည်ဝင်ရောက်ရာ ရွာပြင်တွင် အသတ်ခံထားရသည့် အလောင်းများတွေ့ခြင်း ဖြစ်ကြောင်း ပျောက်ဆုံးနေ သည့်သူများလည်း ရှိသေးကြောင်း ၎င်းက ဆိုသည်။
သေဆုံးသူ ၈ ဦးတွင် အမျိုးသမီး ၂ ဦး ပါဝင်ပြီး ကျန်သူများမှာ အမျိုးသား ၆ ဦး ဖြစ်ကြောင်း၊ မည်သူမည်ဝါ ဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ဝင်များထံမှ သိရသည်။
စစ်ကောင်စီ စစ်ကြောင်းနှင့်အတူ အလယ်ရှို ရွာခံပျူစောထီးများလည်း ပါဝင်ပြီး ရွှေဘိုတွင် စစ်သင်တန်းဆင်းပြီးနောက် ရွာတွင် တပ်စွဲရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဒေသခံ တဦးက “အလယ်ရှိုက ဒလန်တွေက ထွက်ပြေးပြီးတော့ ရွှေဘိုမှာ လူစုပြီး လေ့ကျင့်ရေး ၈ ထဲမှာ ပျူစောထီး သင်တန်းတက်ပြီး ကျေးရွာကို တပ်စွဲဖို့ လာကြတာပေါ့။ ကျေးရွာ စာသင်ကျောင်းထဲမှာ ကတုပ်ကျင်းတွေ၊ ဘန်ကာတွေကို ၅ ရက်အတွင်းကို အခိုင်အမာ ဆောက်ပြီးပြီ။ သူတို့ အတိုက်ခံရတော့ လက်နက်တွေ ကျည်တွေကုန်သွားတယ် တူပါ တယ်” ဟု ပြောသည်။
ဒီဇင်ဘာ ၂၉ရက်၊ ၃၁ရက် နှင့် ဇန်နဝါရီ ၁ ရက်နေ့တို့တွင် ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့များက အလယ်ရှိုရွာအတွင်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရွာတွင်း ပိတ်မိနေသာ ပြည်သူ ၁၉ ဦးနှင့် သံဃာ ၅ ပါးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ နံနက်က စစ်ကူလာသည့် အမှတ် (၈) ရွှေဘိုလေ့ကျင့်ရေးတပ်က လာသော ၁၂ ဘီးကား ၁ စီးကို ရွှေဘို- မြစ်ကြီးနားလမ်းပေါ်တွင် ဒေသကာကွယ်ရေးများက တိုက်ခိုက်ရာ တိုက်ပွဲကြောင့် ခရီးသည်တင်ယာဉ်များ ရာနှင့်ချီ ပိတ်မိနေကြောင်း သိရသည်။
You may also like these stories:
စစ်ကိုင်းတွင် အရပ်သားများသတ်ဖြတ်ခံရပြီး ကျေးရွာများပါ မီးရှို့ခံနေရ
စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေကို စစ်ကောင်စီ မီးတိုက်ရှို့
စစ်တပ်ဝင်စီးတဲ့ စစ်ကိုင်းတိုင်းက မြို့နယ် ၃ ခုမှာ ၂၉ ဦး သတ်ခံရ
ပျူစောထီးသင်တန်းတက်ရန် ကန့်ဘလူဒေသခံများ ဖိအားပေးခံနေရ