ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ စစ်ဦးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြ အပါအဝင် ခေါင်းဆောင် ၃ ဦး ယနေ့ နံနက် ၇နာရီဝန်းကျင်က စစ်တွေမြို့ စက်ရုံစုရပ်ကွက် ဆီဆိုင်တန်းအနီးတွင် လုပ်ကြံသတ်ဖြတ်ခံရကြောင်း သိရသည်။
ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြနှင့်အတူ လုပ်ကြံခံရသူများမှာ ALP/ ALA စစ်ရုံးချုပ်မှ ဒုဗိုလ်မှူးကြီး ခိုင်ကျော်စိုးနှင့် အရာရှိအဆင့် ၁ ဦးတို့ ဖြစ်ကြောင်း ALP ပါတီနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “သတ်ပစ်ခံရတဲ့ အနေအထားကိုကြည့်ရင် လည်ပင်းမှာ ကတ်ပြားတွေ ဆွဲထားတယ်ဆိုတော့ စစ်တွေမြို့ ဝေသာလီ ကွင်းမှာ ပြုလုပ်တဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကိုတက်ဖို့ ကားနဲ့သွားတဲ့အချိန် ပစ်သတ်ခံရတာ ထင်တယ်။ သေသွား တာ ခေါင်းဆောင်ပိုင်းထဲက ၃ ယောက်လို့ ပြောတယ်။ သူတို့က စစ်တွေမှာရှိတဲ့ သူတို့ရုံးမှာ နေသလား၊ လွတ်လပ်ရေးနေ့ အခမ်းအနားကို တခြားနေရာကနေလာပြီး တက်တာလားဆိုတာတော့ သေချာမသိဘူး” ဟု ဆိုသည်။
ALP ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ ယခုလို ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် ပါတီဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းနှင့် ခေါင်းဆောင်များအား ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ခြင်း မရှိသလို ပါတီဘက်က လည်း တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။
ထို့အတွက် ALP ပါတီ ခေါင်းဆောင်များအား မည်သည့်အဖွဲ့က ပစ်ခတ်သတ်ဖြတ်သွားသည် ဆိုခြင်းနှင့် ပတ်သက်၍ ပြည်သူများကြား စိတ်ဝင်စားနေကြသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီသည် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်တွင် ရုံးဖွင့်ပြီး စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ကာ လမ်း သွားလမ်းလာ ပြည်သူများအား စစ်ဆေးမှုများ ပြုလုပ်နေခြင်းကြောင့် ရခိုင်လူထုကြား ဝေဖန်နေကြသလို လူထုထောက်ခံမှု လည်း ကျဆင်းနေသည်။
တဖက်တွင်လည်း ရခိုင်ပြည်နယ်အတွင်း တော်လှန်ရေးလက်ကိုင်အဖွဲ့ ၂ ဖွဲ့ ဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ခံယူချက်၊ နိုင်ငံရေးယုံကြည်ချက်များ ကွဲလွဲမှုနှင့်အတူ တဖွဲ့နှင့်တဖွဲ့ကြား ပဋိပက္ခများ အရှိန်မြင့်လာနေပြီး အပြန်အလှန် ဖမ်းဆီးမှုများလည်း ရှိနေသည်။
AA သည် စစ်ဘက်ဆိုင်ရာလုံခြုံရေး အကြောင်းပြချက်ဖြင့် ALP ပါတီမှ ရဲဘော်များအား မကြာခဏ ဖမ်းဆီးမှုများ ရှိသလို ပြီးခဲ့သည့် ၂၀၂၂ သြဂုတ် ၂ ရက်ကလည်း ALP ပါတီ စစ်တွေ ဆက်ဆံရေးရုံးတာဝန်ခံလည်းဖြစ်၊ ALP ပါတီ၏ လုံခြုံရေးမှူး လည်း ဖြစ်သူ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ULA /AA ၏ အောက်ခြေတာဝန်ခံများက ဖမ်းဆီးခဲ့သည်။
ယင်းဖြစ်စဉ်အပြီး သြဂုတ် ၇ ရက်တွင် ALP ပါတီဝင်များက စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှ ကိုသိန်းဆန်းနှင့် ကိုအေးကို တို့ကို သေနတ်ဖြင့် ပစ်ခတ်ပြီး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ကိုသိန်းဆန်းမှာ သေနတ်ဒဏ်ရာဖြင့် ထွက်ပြေး လွတ်မြောက်ခဲ့ပြီး ကိုအေးကိုမှာ ALP ပါတီဝင်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။
ALP ပါတီခေါင်းဆောင်များက ၎င်းတို့ ၂ ဦး ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ၎င်းတို့တပ်ဖွဲ့မှ ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ရာတွင် ပူးပေါင်း ပါဝင်ခဲ့သူများဖြစ်သဖြင့် တန်ပြန်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ထိုသို့ ဖမ်းဆီးစဉ် သေနတ်ပစ်ခတ်ခြင်း၊ သေနတ်ကိုင်ဆောင်ခြင်းများ မရှိခဲ့ကြောင်း သတင်းမီဒီယာများသို့ ပြောဆိုထားသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သည် ၂၀၁၂ တွင် စစ်တွေမြို့၌ ပဏာမ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ တွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ရေးထိုး ထားကာ လက်ရှိတွင်လည်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၌ ပါဝင်တက်ရောက် လျက် ရှိသည်။
You may also like these stories:
ALP ဗဟိုကော်မတီဝင် ၁ ဦးကို AA ဖမ်းဆီးသွားဟုဆို
ဒုဗိုလ်မှူးကြီးဖမ်းခံရမှု တန်ပြန်ဖမ်းဆီးမှုများ ပြုလုပ်သွားမည်ဟု ALP ဆို
ALP သစ္စာဖောက်လုပ်ရပ်များ လုပ်နေဟု AA ပြော
BGF အသွင်ပြောင်းတော့မည်ဆိုသော ပြောဆိုချက်များ ALP ငြင်း