အာဏာသိမ်း စစ်ကောင်စီ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုနှစ် အတွင်း ကျင်းပရန် ပြင်ဆင်နေသော အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရပါတီကို အာဏာလွှဲပေး မည်ဖြစ်ကြောင်း ယနေ့ကျရောက်သည့် ၇၅နှစ်မြောက် စိန်ရတု လွတ်လပ်ရေး မိန့်ခွန်းတွင် ထည့်သွင်းပြောခဲ့သည်။
၎င်းက “ ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖယ်သွားနိုင်တဲ့ လုပ်ဆောင်ချက်တွေကို ရှောင်ရှားပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ အညီ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာကြရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူအားလုံးဆန္ဒဖြစ်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရာမှာ ဒီမိုကရေစီနဲ့ပတ်သက်ပြီးလည်းကောင်း၊ ဖက်ဒရယ်စနစ်နဲ့ ပတ်သက်ပြီး လည်း ကောင်း ဘယ်လိုပင်အယူအဆကွဲပြားနေကြသော်ငြားလည်း မိမိတို့နိုင်ငံနဲ့ သဟဇာတဖြစ်တဲ့ စနစ်မျိုး ကို ရွေးချယ်ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ် ” ဟု ပြောသည်။
ထို့အပြင် ပုဂ္ဂိုလ်ရေး လွန်ကဲစွာ ယုံကြည်ကိုးကွယ်ခြင်းသည် လူ့အဖွဲ့အစည်းအတွင်း ကွဲပြားမှုများကို ဖြစ်ပေါ်နိုင်ပြီး အမျိုးသားစည်းလုံးညီညွှတ်ရေးကို ထိခိုက်စေနိုင်သည့်အတွက် ဒီမိုကရေစီနှင့် ဆန့်ကျင် ဘက်ဖြစ်ကြောင်း ၎င်းက ဆိုသေးသည်။
စစ်ကောင်စီက ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ်အထွေထွေရွေးကောက်ပွဲကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် တော်လှန်ရေးအင်အားစုပေါင်းစုံပါဝင်သော အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့က ရွေးကောက်ပွဲဆိုသော အသုံးအနှုန်းကို သုံးစွဲပြီး အမှန်တရားကို ဖုံးကွယ်ပုံဖျက်နေမှုသာ ဖြစ်ကြောင်း ထုတ်ပြန် ပြောဆိုထားကြသည်။
NUG ၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “ ဒီအတုအယောင် ရွေးကောက်ပွဲကို စစ်ကောင်စီ အနေနဲ့က လုပ်ပိုင်ခွင့်ရှိတဲ့ Legitimacy မရှိဘူး။ တရားဝင်မှု မရှိဘူး။ သူတို့အနေနဲ့လည်း ရွေးကောက်ပွဲကို လုပ်နိုင်စွမ်းလည်း ရှိမနေပါဘူး။ တနိုင်ငံလုံးမှာ တိုင်းရင်းသားအင်အားစုတွေ၊ NUG နဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေ၊ တရားဝင်တာ မထုတ်ပြန်သေးတာ၊ စစ်ကောင်စီခြေချလို့မရတဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေ ရှိနိုင်နေပါပြီ ” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ရွေးကောက်ပွဲများသည် ပြည်သူလူထုက ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည်ဖြစ်ပြီး ပြည်သူများ၏ ထိုရွေးကောက်ပွဲအပေါ် ပူးပေါင်းဆောင်ရွက်လိုသောစိတ်ဆန္ဒရှိမရှိဆိုသည်မှာ နည်းလမ်းပေါင်းစုံဖြင့် ထုတ်ဖော်ပြောကြားနေကြသည်ကို အားလုံးမျက်မြင်ပင် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက “ မိန့်ခွန်းတွေထဲမှာ ဝေဝေဆာဆာ ပြောနေမှာပဲ။ ဒီလိုစကားလုံးတွေကိုပဲ ကျနော်တို့ ကြည့်နေလို့ မရဘူး။ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက် စစ်တပ်ဟာ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေကို သက်ကြီးရွယ်အို၊ ကလေးသူငယ်မချန် ၊ ဘာသာရေး အဆောက်အအုံတွေ အကုန်လုံးကို ရက်ရက်စက်စက်လုပ်ခဲ့တဲ့ လုပ်ရပ်တွေက ဒီ ၁ နှစ်နဲ့ ၁၁ လကာလမှာ ရေတွက်လို့ မရအောင် ရှိနေခဲ့တယ် ” ဟု ပြောသည်။
စစ်ကောင်စီသည် ရွေးကောက်ပွဲကို နိုင်သူ အကုန်ယူ( FPTP)စနစ်မှ အချိုးကျကိုယ်စားပြု (PR) စနစ်ဖြင့် ကျင်းပနိုင်ရန် ပြင်ဆင်လျှက်ရှိပြီး ယင်းသို့ ပြင်ဆင်ခြင်းသည် စစ်တပ်နှင့် ၎င်း၏ မဟာမိတ် နိုင်ငံရေးပါတီများကို အကြီးအကျယ် အသာစီးရစေမည့် လုပ်ဆောင်မှုဖြစ်သည်။
စစ်တပ်မှ ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်ခေါင်းဆောင်သည် အရေးပေါ် အခြေအနေကို ၁ နှစ်ချမှတ်ပြီး ၁ ကြိမ်လျှင် ၆ လဖြင့် ၂ ကြိမ် သက်တမ်းတိုးနိုင်သည်။ အရေးပေါ်အခြေအနေသည် လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ထိုနေ့မှ ၆ လအတွင်း ရွေးကောက်ပွဲ ကျင်းပရမည်ဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁အတွင်း ကျင်းပနိုင်ရန် ပြင်ဆင်နေသော်လည်း လတ်တလော နိုင်ငံတဝှမ်းဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အခက်အခဲ များစွာရှိကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုကြသည်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင် (UEC)က ဩဂုတ်လအတွင်း ထုတ်ဝေသည့် မြန်မာနိုင်ငံတွင် ပြောင်းလဲ ကျင့်သုံးမည့် အချိုးကျကိုယ်စားပြုစနစ်(PR) စာအုပ်တွင် “စာရင်းပိတ်စနစ်” (Closed List PR) ကျင့်သုံးမည်ဟု ဖော်ပြထားပြီး မဲဆန္ဒရှင်တစ်ဦးသည် အမျိုးသားလွှတ်တော်၊ တိုင်းနှင့် ပြည်နယ်လွှတ်တော်တို့အတွက် စနစ်သစ် PR၊ ယခင် မဲပေးနေကျပုံစံ နိုင်သူအကုန်ယူ (FPTP) စနစ် နှစ်ခုစလုံး ရောပြွန်း၍ မဲပေးရမည့် ရွေးကောက်ပွဲစနစ်ဖြစ်သည်။
သို့သော်လည်း ၂၀၂၃ ရွေးကောက်ပွဲကို မည်သည့်PR စနစ်မျိုးဖြင့် ကျင်းပပြီး မဲအနိုင်ရ ပါတီက မည်သို့ အစိုးရဖွဲ့မည် ဆိုသော ကိစ္စရပ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အသေးစိတ် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
စစ်ကောင်စီ၏ လာမည့် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဝင်ရောက် ယှဉ်ပြိုင်ခြင်းရှိမရှိက အရေးကြီးသော အချက်တခုဖြစ်ပြီး NLD ဝင်ရောက်ယှဉ်ပြိုင်ပါက တိုင်းပြည် အေးအေးချမ်းချမ်းဖြစ်ရန် မျှော်လင့်ချက် ရှိနိုင်သော်လည်း NLD သာဝင်ရောက်မယှဉ်ပြိုင်ပါက ပြည် တွင်းပြည်ပ ထောက်ခံမှုလည်း နည်းနိုင်သလို လက်ရှိဖြစ်ပွား နေသော ပဋိပက္ခများ အရှိန်လျော့ကျသွား ရန် မရှိကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍ “ ပြည်ခိုင်ဖြိုးပါတီထဲက အမာခံတွေ၊ တပ်ထဲက အမာခံတွေနဲ့ တခြားသော နိုင်ငံရေးပါတီတွေက လည်း NLD ကိုမပါစေချင်ဘူး။ NLD ပါရင် သူတို့မဲရဖို့မှ မသေချာတာ။ အဲဒီတော့ တကယ့်အတွင်းပိုင်းကလူတွေက မပါစေချင်ဘူး။ ကျနော်တို့လေ့လာသူတွေက အေးအေးချမ်းချမ်း ဖြစ်စေချင်ပေမယ့် လက်ရှိအနေအထားအရဆိုရင် အဲဒီလိုဖြစ်နိုင်ချေက အင်မတန်နည်းပါတယ်။” ဟု မှတ်ချက်ပြုသည်။
တိုင်ရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs)အများစုကလည်း စစ်အာဏာရှင် ပြုတ်ကျသွားသည်အထိ ခုခံတော်လှန်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် နှစ်သစ်ကူး ထုတ်ပြန်ကြေညာချက်များတွင် ထုတ်ဖော်ပြောဆိုထားကြသည်။
You may also like these stories:
ရွေးကောက်ပွဲရွှေ့ဆိုင်းရန် စစ်ကောင်စီခေါင်းဆောင် လေသံပစ်
စစ်ကောင်စီခေါင်းဆောင် သမ္မတဖြစ်ရေး ကြံ့ခိုင်ရေးပါတီကို အကွက်ရွှေ့
၂၀၂၃ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး ထွက်ပေါက် မဟုတ်