ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီ အခြေစိုက် တပ်ရင်းများအား ကရင်မဟာမိတ် ပူးပေါင်း တပ်များက တိုက်ခိုက်ခဲ့ကြောင်း ကရင်မဟာမိတ်တပ်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ဆိုသည်။
တိုက်ခိုက်ခံနေရသော စစ်ကောင်စီတပ်များမှာ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် အမှတ်၂၈၃၊ အမှတ် ၂၈၄ နှင့် အမှတ် ၃၂ ခြေလျင်တပ်ရင်းများဖြစ်ပြီး၊ ယနေ့မနက် ၆ နာရီခန့်တွင် ကရင်မဟာမိတ်တပ် အင်အား ၅၀၀ ခန့်သည် ကြာအင်းဆိပ်ကြီးမြို့နယ် အနောက်ဘက်မှတဆင့် လာရောက် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် ချန်နယ်များကလည်း ဖော်ပြသည်။
ကရင် အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ မှ အရာရှိတဦးက ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီ တပ် ရင်းများကို ကရင်ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်းနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့ကို အရှင်ဖမ်းဆီးနိုင်ခဲ့ ကြောင်း ဧရာဝတီသို့ ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျဆုံးမှုရှိပြီး အရှင်အဖမ်းခံရမှုများရှိနေသည်ဆိုသည့် သတင်းနှင့် ခလရ ၃၂ တပ်၏ လက်နက်တိုက်အား သိမ်းဆည်းနိုင်သည်ဆိုသည့် သတင်းများ ထွက်ပေါ်လျက်ရှိသော်လည်း အသေးစိတ် အခြေအနေကိုမူ ဧရာဝတီအနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ ကြားအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း စစ်ကောင်စီ၏ အမှတ် ၃၂ ခြေလျင်တပ်ရင်းတွင် တိုက်ပွဲဖြစ်နေသဖြင့် ပြည်သူလူအနေနှင့် လေကြောင်းအန္တရာယ် သတိထားကြရန် ဇန်နဝါရီလ ၄ ရက်က ၎င်းတို့ Facebook ၌ ရေးသားထားသည်။
စစ်ကောင်စီဘက်ကမူ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ ၆ တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်များသည် ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီ၏ နယ်မြေခံ အခြေ ချ စစ်ဗျူဟာနှင့် တပ်ရင်းဌာနချုပ်များအား ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဇန်နဝါရီ ၄ ရက် ညနေပိုင်းတွင် သတင်း ထုတ်ပြန်သည်။
ထိုသို့ တိုက်ခိုက်ခံရသော်လည်း တပ်နယ်အတွင်းရှိ အရာရှိ၊ စစ်သည်၊ ရဲမေ၊ မှီခိုသူများ၏ ကြံ့ကြံ့ခံ ပြန်လည် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကရင်ပူးပေါင်းတပ်များ ဆုတ်ခွာသွားရသည်ဟုလည်း စစ်ကောင်စီ၏ ကြေညာချက်၌ ဖော်ပြထား သည်။
ယနေ့မနက် တိုက်ပွဲနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေများကို KNU/KNLA ဘက်မှ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်ကလည်း ဘုရားသုံးဆူမြို့နယ် တောင်စွန်းရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF တပ်စခန်းအား ကော်သူးလေတပ် (KTLA) လက်အောက်ခံ Lion Battalion Commando ဗျူဟာစစ်ကြောင်းနှင့် အခြားကရင်မဟာမိတ်တပ်များသည် သွားရောက် တိုက်ခိုက်ခဲ့သေးသည်။
ယင်းတိုက်ပွဲတွင် ကရင်မဟာမိတ်တပ်များဘက်က တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့ကြောင်း ကရင်မဟာမိတ်တပ်များထံမှ သိရသည်။
You may also like these stories:
အာရှလမ်းပိတ်ထား၍ မြဝတီနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်
ဗိုလ်ချုပ်ကြီး ဂမ်ရှောင် KIO ဥက္ကဋ္ဌ ဖြစ်လာ