တရုတ်ပြည်မကြီးတွင် ခရီးသွားလာမှု ကန့်သတ်ချက်များ ရှိနေသော်လည်း ထိုင်းနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း ကွန်ဒို ဝယ်ယူ လွှဲပြောင်းရယူမှုစာရင်းတွင် တရုတ်နိုင်ငံသားများ လွှမ်းမိုနေဆဲဖြစ်ပြီး မြန်မာနိုင်ငံသားများ ထိုင်းတွင် ကွန်ဒို ဝယ်ယူမှုသည် စီးပွားရေးနှင့် နိုင်ငံရေးအကြောင်းများကြောင့် ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် ပထမဆုံးအကြိမ် ပါဝင်လာသည်။
ရန်ကုန်အခြေစိုက် အိမ်ခြံမြေ အတိုင်ပင်ခံလုပ်ငန်း CIM Property Consultants Company မှ မန်နေဂျင်း ဒါရိုက်တာ ကာလိုပိုဘာက စီးပွားရေး အကျပ်အတည်းများကြောင့် ချမ်းသာကြွယ်ဝသော မြန်မာနိုင်ငံသားများသည် ပိုမိုတည်ငြိမ် လုံခြုံသည့် ဈေးကွက်များတွင်၊ အထူးသဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ဒုတိယအိမ်များ ဝယ်ယူကြကြောင်း ပြောသည်။
“မြန်မာက မိသားစုအများအပြားက အဓိက အကြောင်းရင်း ၃ ခုကြောင့် ထိုင်းနိုင်ငံမှာ ဒုတိယအိမ်တွေ ဝယ်ကြတယ်” ဟု သူကပြောသည်။ “ပထမအချက်က ဥစ္စာဓနသိုမှီးရေးအဖြစ် ရင်းနှီးမြှုပ်နှံဖို့ ဖြစ်တယ်။ ဒုတိယအကြောင်းရင်းက ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးဝန်ဆောင်မှုအတွက် ဖြစ်တယ်။ တတိယအကြောင်းရင်းက သူတို့ကလေးတွေရဲ့ အနာဂတ်ပညာရေးအတွက် အသုံးပြုဖို့ဖြစ်တယ်” ဟု ရှင်းပြသည်။
အိမ်ခြံမြေ သတင်းအချက်အလက်ဌာန (REIC) ၏ အချက်အလက်များအရ မြန်မာနိုင်ငံသားများသို့ လွှဲပြောင်းပေးသည့် ကွန်ဒိုအရေအတွက်သည် ၂၀၂၁ ခုနှစ်တွင် ၃၀ နှင့် ၂၀၂၀ ပြည့်နှစ်တွင် ၂၆ ခန်းရှိရာမှ ၂၀၂၂ ခုနှစ် ပထမ ၉ လအတွင်း ၆ ဆ တိုးကာ ၁၈၈ ခန်းအထိ ရှိလာသည်။
ထို့ကြောင့် မြန်မာနိုင်ငံသားများသည် ၂၀၂၂ ပထမ ၉ လအတွင်း ထိုင်းနိုင်ငံတွင် ကွန်ဒိုလွှဲပြောင်းလက်ခံမှု သတ္တမအများဆုံး နိုင်ငံသားများ ပထမဆုံးအကြိမ် ဖြစ်လာသည်။ ၎င်းတို့သည် REIC က ၂၀၁၈ ခုနှစ် စာရင်းစတင် ကောက်ယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် ပါဝင်လာသည်။
၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံသားများသို့ လွှဲပြောင်းပေးသော ထိုင်းရှိကွန်ဒို ၄၈ ခန်းရှိပြီး ၂၀၁၉ ခုနှစ်တွင် ၅၄ ခန်းအထိ မြင့်တက်လာကာ ၂၀၂၀ ပြည့်နှစ်တွင် ၂၆ ခန်းသို့ ပြန်လည်ကျဆင်းသည်။
၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသားများ ကွန်ဒိုဝယ်ယူမှု ကျဆင်းသွားခြင်းမှာ ကပ်ရောဂါ ဖြစ်ပွားရာမှ လေဆိပ်များ ပိတ်ထားသောကြောင့် ဖြစ်နိုင်ကြောင်း မစ္စတာ ပိုဘာက ပြောသည်။
၂၀၂၂ ခုနှစ် ပထမ ၉ လအတွင်း မြန်မာနိုင်ငံသားများ ထိုင်းတွင် ကွန်ဒိုဝယ်ယူမှု တိုးလာခြင်းသည် ၂၀၂၂ ခု ဇွန်လတွင် မြန်မာလေဆိပ်များ ပြန်လည်ဖွင့်လှစ်သောကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံသားများသို့ လွှဲပြောင်းပေးသော ကွန်ဒိုတိုက်ခန်းများ၏ ပျှမ်းမျှတန်ဖိုးသည်လည်း နိုင်ငံခြားသားများသို့ လွှဲပြောင်းပေးသည့် ကွန်ဒိုများအနက် တန်ဖိုးအမြင့်မားဆုံးဖြစ်ပြီး ဘတ် ၇ ဒသမ ၁ သန်းအထိ ရှိသည်။ ဒုတိယ တန်ဖိုးအမြင့်မားဆုံး ကွန်ဒိုများကို ဝယ်ယူသူများမှာ ထိုင်ဝမ်နိုင်ငံသားများနှင့် ပြင်သစ်နိုင်ငံသားများဖြစ်ပြီး ဘတ် ၆ ဒသမ ၃ သန်း ဖြစ်သည်ဟု REIC ၏ အဆိုအရသိရသည်။
ရန်ကုန်ရှိ ကွန်ဒိုများကို မြန်မာနိုင်ငံသားများ ဝယ်ယူသည့် ပျှမ်းမျှဈေးနှုန်းမှာ အမေရိကန် ဒေါ်လာ ၂ သိန်းခွဲ သို့မဟုတ် ဘတ် ၈ ဒသမ ၅ သန်းဖြစ်ပြီး အကျယ်အဝန်းမှာ စတုရန်းမီတာ ၇၀ မှ ၁၀၀ အထိ သို့မဟုတ် အိပ်ခန်း နှစ်ခန်းပါသည်ဟု မစ္စတာ ပိုဘာက ပြောသည်။ မြန်မာတို့သည် ထုံးစံအားဖြင့် ကြီးမားသော မိသားစုများဖြင့် ထိုသို့သောကွန်ဒိုများတွင် မျိုးဆက် နှစ်ဆက်၊ သုံးဆက် အထိနေထိုင်ကြောင်းလည်း သူက ရှင်းပြသည်။
“အဲဒီလောက်ငွေနဲ့ဆို ထိုင်းနိုင်ငံမှာ နှိုင်းယှဉ်ချက်အားဖြင့် ပိုမိုအရည်အသွေးမြင့်ပြီး ပိုမိုခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်တယ်” ဟု အိမ်ခြံမြေ အကြံပေးလုပ်ငန်း Colliers Thailand ၏ ဒုတိယ မန်နေဂျင်း ဒါရိုက်တာလည်းဖြစ်သော မစ္စတာ ပိုဘာက ပြောသည်။
မြန်မာနိုင်ငံသားများ ဒုတိယအိမ်အဖြစ် ကွန်ဒိုဝယ်ယူရာတွင် ဘန်ကောက်၌ အများဆုံးဖြစ်သည်။ ၎င်းတို့သည် အများပြည်သူ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများနှင့် နီးသော ဆုခွန်ဗစ်ကို ပိုမိုနှစ်သက်ပြီး ဒုတိယ အနှစ်သက်ဆုံးမှာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးအဖွဲ့အစည်းများနှင့် နီးကပ်သော နေရာများဖြစ်သည်။
၂၀၂၂ ခုနှစ်၊ ဇွန်လက မြန်မာတွင် လေဆိပ်များ ပြန်လည် ဖွင့်လှစ်သောအခါ CIM နှင့် Colliers Thailand တို့သည် မြန်မာမှ အလားအလာရှိသော ဝယ်ယူသူများ ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု စီမံချက်ထားရှိရန် အသိပညာပေးသည့် အနေဖြင့် ဗီဒီယိုမှတဆင့် ဈေးကွက်မြှင့်တင်မှုများကို ၃ လတကြိမ် ကျင်းပသည်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပသော နောက်ဆုံး ဈေးကွက်မြှင့်တင်သည့် ဗီဒီယို အခမ်းအနားသို့ တက်ရောက်သော မြန်မာနိုင်ငံသား ၁၀ ဦးမှ ၅၀ ဦးသည် ထိုင်းတွင် တိုက်ခန်းဝယ်ယူရန် စိတ်ဝင်စားပြီး ငါးဦးသည် ယခုနှစ်အတွင်း ထိုင်းသို့ သွားရောက်ကြည့်ရှုရန် စီစဉ်နေသည်ဟု မစ္စတာ ပိုဘာက ပြောသည်။
REIC ၏ အဆိုအရ တရုတ်နိုင်ငံသားများသည် ၂၀၂၂ ခုနှစ် ပထမ ၉ လအတွင်း ကွန်ဒိုအများဆုံး လွှဲပြောင်းရယူသည့် နိုင်ငံသားများဖြစ်သော်လည်း ၎င်းတို့၏ဝယ်ယူမှုသည် ၆၀ ရာခိုင်နှုန်းမှ ၄၈ ဒသမ ၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း သိရသည်။
ကိုးကား ။ ။ Bangkok Post သတင်း Condo transfers dominated by Chinese nationals in 2022
You may also like these stories:
စစ်အုပ်ချုပ်ရေးအောက်က ဖရိုဖရဲ ဘဝများ
စစ်အုပ်စု အဆက်ဆက် မြန်မာပြည်သူ သန်းပေါင်းများစွာကို မောင်းထုတ်ခဲ့သည်
စစ်အုပ်ချုပ်ရေးကြောင့် မြန်မာတွင် ဦးနှောက်ယိုစီးမှု ထပ်မံဖြစ်ပေါ်
ရင်းနှီးမြှုပ်နှံသူများ ရှိလာ၍ ရန်ကုန် အိမ်ခြံမြေဈေးတက်လာ