ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ စစ်ဦးစီးချုပ် အပါအဝင် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင် ၃ ဦး ယမန်နေ့က အသတ်ခံရမှုမှာ ရက္ခိုင့်တပ်တော် (AA) ၏ အကြမ်းဖက်လုပ်ကြံမှု ဖြစ်ကြောင်း ALP ပါတီက ယနေ့ သတင်းထုတ်ပြန် သည်။
သေဆုံးသွားသည့် ALP ၏ စစ်ဘက်ခေါင်းဆောင် ၃ ဦးမှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြ၊ အမှတ် (၁၀၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ခိုင်ကျော်စိုးနှင့် ဗိုလ်ကြီး ခိုင်သူရိန္ဒတို့ ဖြစ်ပြီး ဇန်နဝါရီ ၄ ရက် နံနက် ၈ နာရီကျော်က စစ်တွေမြို့၌ ကားဖြင့် သွားနေစဉ် ထိုသို့ သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ရခိုင်အမျိုးသားအချင်းချင်းကြား လူသားမဆန် အကြမ်းဖက်လုပ်ကြံခြင်းသည် ရခိုင်တမျိုးသားလုံးစည်းညွတ်ရေးကို ထိခိုက်ပျက်စီးစေသည်သာမက ရခိုင်ပြည်သူများကိုပါ တုန်လှုပ်ချောက်ချားစေသည့် အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်ဟုလည်း ALP က ဆိုထားသည်။
ထိုသို့ ALP ၏ ခေါင်းဆောင်များ သတ်ဖြတ်ခံရမှု၊ AA ၏ လက်ချက် ဖြစ်ကြောင်း ထုတ်ပြန်မှုများနှင့် ပတ်သက်ပြီး ပိုမိုသိရှိ နိုင်ရန် ဧရာဝတီက ALP ပါတီ ဒုက္ကဌ ဒေါ်စောမြရာဇာလင်းအား ဆက်သွယ်မေးမြန်းရာ ကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ် သည့်အတွက် လတ်တလောတွင် သတင်းမီဒီယာများနှင့် စကားမပြောလိုကြောင်း ၎င်း၏ ရုံးအဖွဲ့ဝင်များမှတဆင့် ပြန်လည် ပြောဆိုသည်။
ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကမူ ALP ပါတီ၏ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်ပိုင်း ၃ ဦး လုပ်ကြံ သတ်ဖြတ်ခံရမှုသည် ၎င်းတို့ တပ်ဖွဲ့ဝင်များနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိကြောင်း ဧရာဝတီကို ပြောသည်။
၎င်းက “ကျနော်တို့ ULA/AA ကို နာမည်ထုတ်ပြီး အခြေအမြစ်မရှိဘဲ စွပ်စွဲတယ် ဆိုတာက နာမည်သေနေတဲ့ သူတို့ ALP ကို နာမည်ကြီးအောင် လုပ်ချင်လို့ စွပ်စွဲတာလည်း ဖြစ်နိုင်တယ်။ နောက်တခုက သူတို့ ALP အဖွဲ့ကလည်း အချင်းချင်း နှစ်ဖွဲ့ကွဲနေတာ ရှိတယ်။ နှစ်ဖက်တိုက်ခိုက်နေတာတွေ၊ နေပြည်တော်ကို အစည်းအဝေးတက်ဖို့ သွားမယ်ဆိုရင်တောင်မှ နှစ်ဖွဲ့ လုပ်နေကြတဲ့ အနေအထားမှာ ရှိတယ်။ ကွဲနေတဲ့ နှစ်ဖွဲ့ကြားမှာလည်း အာဏာဆိုင်ရာ၊ ငွေကြေးဆိုင်ရာ အတွင်း ပဋိပက္ခတွေလည်း အများကြီး ရှိပါတယ်” ဟု ဆိုသည်။
ထို့ပြင် ရခိုင်လက်နက်ကိုင်အချင်းချင်းကြား ပြဿနာ ပိုမိုရှုပ်ထွေးစေရန် ဖန်တီးပြီး တခြားအင်အားစုတခုခုက လုပ်ကြံ သတ်ဖြတ်မှု ဖြစ်နိုင်ကြောင်းလည်း ဦးခိုင်သုခက ပြောသည်။
ရခိုင့်နိုင်ငံရေးသမား ဦးဖေသန်းက “ALP ရဲ့ စွပ်စွဲချက်ကတော့ Confirm (ခိုင်မာဖို့) ဖြစ်ဖို့ လိုတာပေါ့။ ကျနော့်အနေနဲ့ ကတော့ တဖက်ကလည်း ဘာမှတုံ့ပြန်တာ မတွေ့သေးတော့ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ ပြောဆိုဖို့ ခက်တယ်။ ကျနော် တို့ ဖြစ်စေချင်တာက ဒီအချိန်အခါမှာ ရခိုင်သားတိုင်း စည်းစည်းလုံးလုံးနဲ့ ကိုယ်တို့ရဲ့ မျှော်လင့်ချက်တွေကို ရအောင် လုပ်စေချင်တယ်” ဟု မှတ်ချက်ပြုသည်။
ရခိုင်ပြည်နယ်အတွင်း တော်လှန်ရေးလက်ကိုင်အဖွဲ့ ၂ ဖွဲ့ ဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် ရက္ခိုင့် တပ်တော် (AA) တို့ကြား ခံယူချက်၊ နိုင်ငံရေးယုံကြည်ချက်များ ကွဲလွဲမှုနှင့်အတူ တဖွဲ့နှင့်တဖွဲ့ကြား ပဋိပက္ခများ အရှိန်မြင့်လာနေပြီး အပြန်အလှန် ဖမ်းဆီးမှုများ မကြာခဏ ဖြစ်ပေါ်လျက် ရှိသည်။
ALP ၏ ယနေ့ ထုတ်ပြန်ချက်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) သည် ALP ပါတီမှ ခေါင်းဆောင်များ၊ ပါတီဝင်များ နှင့် တပ်ဖွဲ့ဝင်များအား ဖမ်းဆီးနှိပ်စက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းများကို ပြုလုပ်လျက် ရှိသည်သာမက ရခိုင်နိုင်ငံရေးပါတီ မှ ခေါင်းဆောင်များ၊ ပါတီဝင်များ၊ အပြစ်မဲ့ ရဟန်းသံဃာများနှင့် ပြည်သူများကိုပါမချန် ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ လုပ်ကြံသတ် ဖြတ်ခြင်းများကိုပါ ဆက်တိုက် ပြုလုပ်နေသည့်အတွက် တရားမျှတမှုရအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆိုထား သည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သည် ၂၀၁၂ တွင် စစ်တွေမြို့၌ ပဏာမ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ တွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ရေးထိုး ထားကာ လက်ရှိတွင်လည်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၌ ပါဝင်တက်ရောက် လျက် ရှိသည်။
You may also like these stories:
စစ်တွေတွင် ALP ခေါင်းဆောင် ၃ ဦး ပစ်သတ်ခံရ
ALP ဗဟိုကော်မတီဝင် ၁ ဦးကို AA ဖမ်းဆီးသွားဟုဆို
ဒုဗိုလ်မှူးကြီးဖမ်းခံရမှု တန်ပြန်ဖမ်းဆီးမှုများ ပြုလုပ်သွားမည်ဟု ALP ဆို