စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာကို ပျူစောထီးနှင့် စစ်တပ်က ယနေ့ နံနက်ပိုင်းက ဝင်စီးပြီး သီတဂူ ဗုဒ္ဓတက္ကသိုလ်ဆင်း သံဃာတပါးဖြစ်သည့် မန္တလေးမြို့ မဟာမင်းထင်စာသင်တိုက်မှ စာချဆရာတော် အရှင်ဂန္ဓသာရ နှင့် အမျိုး သမီးတဦးတို့ကို သတ်ဖြတ်သွားကြောင်း သိရသည်
ဆရာတော် အရှင်ဂန္ဓသာရသည် သီတဂူ နာယက ၁ဝ ပါးဝင်ဖြစ်ပြီး ယမန်နေ့ ညနေပိုင်းကမှ မန္တလေးမြို့မှ ဒီပဲယင်းကွဲ ကျေးရွာသို့ ခေတ္တ ကြွရောက်လာခြင်းဖြစ်ကြောင်း၊ ရွှေဂူကြီးကျောင်းတိုက်တွင် သီတင်းသုံးနေစဉ် စစ်ကောင်စီတပ်များ ရောက်လာပြီး ဆရာတော်နှင့် ရွာခံတဦးဖြစ်သည့် မခင်စုမွန်တို့ကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရ သည်။
“သူတို့နဲ့ ပကဖအဖွဲ့တွေ တိုက်ပွဲဖြစ်သေးတယ်။ ပြန်အထွက်မှာ ရွာကို မီးရှို့သွားကြတာ။ တိုက်ပွဲဖြစ်တာမှာ ကျနော်တို့ ဘက်က ရဲဘော်၂ ယောက် ကျဆုံးတဲ့အပြင် ရွှေဂူကြီးကျောင်းတိုက် အောက်ထပ်မှာ ပုန်းနေတဲ့ ဦးပဉ္ခင်းတပါးရယ်၊ အမျိုးသမီး တယောက်ရယ်ကို သတ်ဖြတ်သွားကြတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်တဦးက ပြောသည်။
ထို့ပြင် ရွာကိုပါ မီးရှို့သွားသည့်အတွက် အိမ်ခြေ ၇၀ ကျော်ကို မီးလောင် ပျက်စီးခဲ့ရသလို ရွာသားများလည်း ဘေး လွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။
ဒီပဲယင်းကွဲကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီနင်းရခြင်းမှာ ဇန်နဝါရီ ၅ ရက်က စစ်ကိုင်းခရိုင် တပ်ရင်း (၁)၊ စစ်ကိုင်းခရိုင် တပ်ရင်း (၈) နှင့် ဒီပဲယင်းကွဲ ပကဖမှ စနိုက်ပါဖြင့် ပစ်ခတ်ခြင်းကြောင့် ကြွယ်ပုံကျေးရွာမှ ပျူစောထီး တဦး သေဆုံးခဲ့ရခြင်းကြောင့် ယနေ့နံနက် ၅ နာရီကျော်အချိန်တွင် ကြွယ်ပုံပျူစောထီးနှင့် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်ဝင်ရောက်ခဲ့ကြခြင်းဟု သိရသည်။
“ကြွယ်ပုံမှာ ပျူတွေက စခန်းအထိုင်ချထားပြီး တပ်တွေကလည်း မကြာခဏ အပြောင်းအလဲလုပ်နေတော့ ဘယ်တပ် ဆိုတာတော့ မသိရသေးဘူး။ မနေ့ကတည်း လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်တာမျိုးတွေလည်း ရှိတယ်၊ အခုမနက်မှ အကြောင်းမဲ့ ဒီပဲယင်းကွဲကို ဝင်စီးသွားတာပဲ။ ဒါဟာ စစ်ကောင်စီနဲ့ ပျူတွေရဲ့ စစ်ရာဇဝတ်မှု ကျူး လွန်မှု တွေပဲ” ဟု PDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။
ဒီပဲယင်းကွဲကျေးရွာအား စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ဝင်ရောက်စီနင်းချိန်တွင် စစ်ကိုင်းခရိုင် တပ်ရင်း(၁)၊ စစ်ကိုင်းခရိုင် တပ်ရင်း ၈၊ ဒီပဲယင်းကွဲ ပကဖ တို့ ပူးပေါင်း ကာကွယ်ခဲ့ကြသော်လည်း လက်နက်အင်အား မမျှသည့် အတွက် ခေတ္တ ဆုတ်ခွာပေးခဲ့ရပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦးမှာ ခုခံရင်း သေဆုံးခဲ့ရကြောင်း သိရသည်။
ဇန်နဝါရီ ၅ ရက်၊ ညနေပိုင်းမှ စတင်ကာ ကြွယ်ပုံပျူစောထီးနှင့် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ပစ် ခတ်သဖြင့် မိုးကြိုး၊ တောင်ကြား အင်းမ၊ ဒီပဲယင်းကွဲ၊ စံသစ် စသည့် ပကဖအဖွဲ့များနှင့် မုံရွာ ပကဖ၊ စစ်ကိုင်းခရိုင် တပ် ရင်း ၈၊ စစ်ကိုင်းခရိုင် တပ်ရင်း ၁ တို့ ပူးပေါင်းပြီး လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြရာ စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ ထိခိုက်ဒဏ်ရာရမှုများရှိသဖြင့် လူနာတင်ယာဉ် ၅ စီးဖြင့် လာရောက်သယ်ယူသွားခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
You may also like these stories:
ခင်ဦး အလယ်ရှိုရွာ၌ ရွာခံ ၈ဦး အသတ်ခံရပြီး ၁၀ဦးထက်မနည်း ပျောက်ဆုံးနေ
နွားထိုးကြီး၌ စစ်တပ်က ရွာခံ ၃ ဦးကို သတ်၍ လမ်းဘေးစွန့်ပစ်