ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှ စစ်တွေမြို့ပေါ်သို့ ဈေးဝယ်လာသော စက်လှေများအား စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များမှ ငွေကြေးတောင်းခံမှုများ ရှိနေကြောင်း ယင်းမြို့နယ်အတွင်းရှိ စက်လှေသားများထံက သိရသည်။
စစ်တွေမြို့ပေါ်သို့ အခြေခံ စားသောက်ကုန်များ ဝယ်ရန် လာရောက်သော စက်လှေများအား စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များမှ လိုင်စင်များ အဆင့်ဆင့် စစ်ဆေးခြင်းတို့ကြောင့် အချိန်ကြန့်ကြာမှုဖြစ်နေသလို လိုင်စင်မရှိသော စက်လှေ ကိုလည်း ငွေရပေါက်လမ်း တခုကဲ့သို့ သတ်မှတ်ကာ ငွေကြေး အဆမတန် တောင်းခံလျက်ရှိကြောင်း ရသေ့တောင် မြို့နယ်အတွင်း ပြေးဆွဲနေသည့် စက်လှေသမားများက ပြောသည်။
အမည်မဖော်လိုသည့် စက်လှေသမားတဦးက “အရင်တုန်းက တမြို့နယ်နဲ့တမြို့နယ် သွားတာလောက်ကိုတော့ လိုင်စင် မစစ်ဘူး။ စက်လှေ အများစုကလည်း လိုင်စင်မရှိတာ များတယ်။ အခု အပစ်ရပ်ပြီး လမ်းကြောင်းပြန်ဖွင့်တဲ့အချိန်မှာ လိုင် စင်တွေ စစ်ဆေးလာတာ။ အဆိုးဆုံးကတော့ စစ်တွေမြို့ ဆပ်ရိုးကျတံတားအနီး ရဲတပ်ရင်း စစ်ဆေးရေးဂိတ်က ကူလီ ခေါင်းတွေကို တဆင့်ထားပြီးတော့ စက်လှေ ၁ စီးကို ၈ သောင်းကနေ ၁ သိန်းအထိ ပေးရတယ်။ ငွေမပေးတဲ့ စက်လှေ တွေကို မထွက်ရတော့ဘူး။ အမျိုးမျိုးကို ညစ်ပတ်နေတာ” ဟု ဧရာဝတီသို့ ပြောသည်။
စက်လှေလိုင်စင် ထုတ်ပေးရာတွင် မြင်းကောင်ရေ ၂၀ အထက် စက်လှေများအား ပြည်နယ် ရေကြောင်းဦးစီးဌာနမှ လိုင်စင်ထုတ်ပေးပြီး မြင်းကောင်ရေ၂၀ အောက်ဆိုပါက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တနှစ်တာ သက် တမ်းဖြင့် လိုင်စင်ထုတ်ပေးကြောင်း စက်လှေသားများထံမှ သိရသည်။
ထိုသို့ စက်လှေလိုင်စင်များ အစစ်အဆေးကြမ်းသည့်အတွက် သက်တမ်းကုန်သော စက်လှေများနှင့် အသစ်တည် ဆောက်သော စက်လှေများမှာ သက်ဆိုင်ရာဌာနများထံ လိုင်စင်လျှောက်ထားသော်လည်း သတ်မှတ်ထားသည့် ဘတ်ဂျက်ကာလ (လာမည့် မတ်လ) မှ လိုင်စင်ထုတ်ပေးနိုင်မည်ဟု အကြောင်းပြကြောင်း စက်လှေသားများထံက ပြောသည်။
စက်လှေပိုင်ရှင်တဦးက “ကျနော်တို့ လိုင်စင်ရှိတဲ့ စက်လှေတွေဆိုရင် ငွေပေးရတာပဲ။ တရားဝင် တောင်းတာတော့ မဟုတ်ဘူး။ လက်ဆောင်သဘောမျိုး ပေးရတာ။ မပေးရင် စစ်ဆေးတဲ့အခါ ညစ်တာပေါ့။ စက်သုံးဆီတွေ ပါရင် သူတို့က တရားမဝင် ကုန်စည်လိုမျိုး ကန့်သတ်ထားတယ်။ အဆိုးဆုံးကတော့ နေဗီက အဆင့်ဆင့် စစ်ဆေးပြီးတော့ အမြင့်ကျွန်း တံတား စစ်ဆေးရေးဂိတ်မှာတခါ ဖောင်တော်လည်း (ကမ်းကပ်ရန်နေရာ) မရှိတော့ ရေထဲကို ဆင်းပြီးတော့ကို အစစ်ဆေး ခံရသေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီနှင့် ရက္ခိုင်စစ်တပ် (AA) တို့ နိုဝင်ဘာလအတွင်းက နှစ်ဖက် ယာယီ အပစ်ရပ်စဲပြီးနောက် ပိတ်ဆို့ထားသည့် ကုန်းလမ်း၊ ရေလမ်းများကို ဖွင့်ပေးထားသော်လည်း ရသေ့တောင်- ပုဏ္ဏားကျွန်းကားလမ်းကို လက်ရှိ အချိန်အထိ ဆက် လက် ပိတ်ဆို့ထားသည့်အတွက် ရသေ့တောင်မြို့နယ်အတွင်းက ဒေသခံများမှာ ရေလမ်းကိုသာ အားကိုးပြီး အသုံးပြုနေရ ကြောင်း သိရသည်။
ယင်းပြင် အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များအတွင်းရှိ ဘိလပ်မြေ၊ သံချောင်း၊ ဓာတ် မြေသြဇာနှင့် ဆေးဝါးများကို ကန့်သတ်ကုန်များအဖြစ် သတ်မှတ်ကာ တမြို့နယ်နှင့်တမြို့နယ် သယ်ယူခွင့်ကို လက်ရှိ အချိန်အထိ ပိတ်ပင်ထားဆဲပင် ဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် AA တို့ ဖြစ်ပွားခဲ့သည့် တကျော့ပြန် တိုက်ပွဲကာလအတွင်းလည်း စစ်ကောင်စီ က ရေလမ်း၊ ကုန်းလမ်းများကို ပိတ်ဆို့ထားခဲ့သလို ဒေသအတွင်း ပြေးဆွဲနေသော စက်လှေများကိုလည်း မတရား ငွေ ကြေး တောင်းခံမှုများလည်း ရှိခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ ပိတ်ဆို့မှုကြောင့် စားသောက်ကုန်များ လာဝယ် သည့် ရသေ့တောင်မြို့နယ်နှင့် ပေါက်တောမြို့နယ်တို့မှ စက်လှေ ၉ ဦးမှာ စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်း တံတားအောက်တွင် စစ်ကောင်စီတပ်သားများထံ ဖမ်းဆီးခံခဲ့ရကာ စက်လှေသမား ၉ ဦးမှာလည်း လက်ရှိအချိန်အထိ ရေကြောင်းဥပဒေဖြင့် အမှု ရင်ဆိုင်နေရဆဲ ဖြစ်သည်။
You may also like these stories:
စစ်ဦးစီးချုပ်နှင့် တပ်မှူး ၂ ဦး အသတ်ခံရမှု AA လက်ချက်ဟု ALP ထုတ်ပြန်
စစ်တွေတွင် ALP ခေါင်းဆောင် ၃ ဦး ပစ်သတ်ခံရ
စစ်တွေသို့ ဈေးဝယ်လာသည့် စက်လှေ ၉ စီးကို စစ်တပ် ဖမ်းဆီး