စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများ၊ ပျူစောထီးအဖွဲ့များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ တာဝန်ရှိသူများက အတင်းအကျပ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု များ ပြုလုပ်နေကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။
၎င်းတို့၏ ပြောပြချက်အရ ယင်းအဖွဲ့များ အနေဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းမှ စတင်၍ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ကန့်ဘလူခရိုင်နှင့် မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်းက မြို့နယ်များတွင် တအိမ်တယောက် မတက်မနေရ ဖိအားပေး ခြိမ်း ခြောက်ခေါ်ယူပြီး စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောဆိုခြင်း၊ မဲဆွယ်စည်းရုံး ခြင်းများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ဆိုသည်။
ကန့်ဘလူဒေသခံတဦးက “ကျနော်တို့ဘက်မှာက ပျူဘုန်းကြီးဝါသဝက ရွာတွေကို ပျူသင်တန်းတက်ဖို့ စည်းရုံးတာတွေ အပြင် အခုနောက်ပိုင်းမှာ ရွေးကောက်ပွဲကျရင် အမျိုးဘာသာသာသနာကို ကာကွယ်နိုင်မယ့်သူတွေကိုကြည့်ဖို့၊ NLD လက် ထက်မှာ ဘာသာသာသနာ ဘယ်လို ဆုတ်ယုတ်တာ ဆိုတာတွေအပြင် လက်ရှိ PDF တွေကိုသတ်ဖို့၊ စစ်တပ်ကို ကိုးကွယ် ဖို့ ဆိုတာမျိုးတွေ အများကြီးပြောတာတွေ ရှိတယ်။ အဆိုးဆုံးကတော့ အဲဒီလိုပြောဖို့ အစည်းအဝေးတွေခေါ်လို့ မတက်ရင် ရွာတွေကို မီးရှို့ပစ်ဆိုပြီး ဖိအားပေး ခြိမ်းခြောက်တာတွေ လုပ်တာပဲ” ဟု ပြောသည်။
ယင်းသို့ အစည်းအဝေး တက်ရောက်ရန် ခေါ်ယူရာတွင် ဖိအားပေး ခြိမ်းခြောက်ခြင်း၊ လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက် သည့်စကားများ ဟောပြောခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အား အကြမ်းဖက်အဖြစ် ပုံဖော်ဟောပြောခြင်းတို့အပြင် ရွေးကောက်ပွဲ မဲမသမာမှုများကြောင့်သာ စစ်တပ်က အာဏာဝင်ထိန်းရခြင်း ဖြစ်ကြောင်းနှင့် ပြည်သူများ အနေဖြင့် ၂၀၂၃ ရွေးကောက်ပွဲ ပါဝင်ရေးကိစ္စများကို အဓိကထား ဟောပြောကြောင်း သိရသည်။
တောင်သာမြို့နယ်အတွင်း၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးကို တက်ရောက်ခဲ့ရသူတဦးက “အဓိက သူတို့ ပြောတာတွေက စစ်တပ်ရဲ့ လက်ရှိအခြေအနေတွေနဲ့ ရွေးကောက်ပွဲပြီးရင် အာဏာပြန်လွှဲပေးမယ့်အကြောင်း၊ PDF တွေဟာ အကြမ်းဖက် လုပ်ရပ်တွေ လုပ်နေတဲ့အကြောင်း၊ နိုင်ငံဒုက္ခရောက်မယ့်အချိန်တိုင်း တပ်မတော်ကသာ ကယ်တင်ပေးနေရတဲ့အကြောင်း တွေနဲ့ လူမျိုးရေး၊ ဘာသာရေးကို မှိုင်းတိုက်တဲ့ အမုန်းစကားတွေကို အများဆုံး ပြောတယ်။ ပြီးတော့ ရွေးကောက်ပွဲမှာ ပြည်သူတွေ ပါဝင်ပေးဖို့လိုတယ် ဆိုတာမျိုးတွေပေါ့” ဟု ရှင်းပြသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်တွင် ကန့်ဘလူခရိုင်အတွင်းက အိမ်ခြေ ၉၀၀ ကျော်ရှိသည့် ကာဘိုးစံပြကျေးရွာ အထက်တန်း ကျောင်းအတွင်း၌ ပြုလုပ်သော ဟောပြောပွဲကို တအိမ်တယောက်တက်ရန် အမျိုုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဆရာတော် ဦးဝါသဝ ဦးဆောင်သည့် ပျူစောထီးအဖွဲ့က ဖိအားပေး ခေါ်ဆောင်ခဲ့ရာ လူဦးရေ ၇၀၀ ခန့် တက် ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲကို မတက်ရောက်သည့်အိမ်အား ဒဏ်ရိုက်မည်ဆိုကာ မိုက်ဖြင့်အော်ပြီး ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း၊ PDF များအား အကြမ်းဖက်အဖြစ် ပုံဖော်ဟောပြောခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ကန့်ဘလူခရိုင်တွင်း ပျူစောထီးများ ကြီးစိုးလာသည်နှင့်အမျှ ဒေသခံပြည်သူများ အနေဖြင့် နေ့စဉ်နီးပါး လူ့အခွင့်အရေးများ ချိုးဖာက်ခံနေရကြောင်း ယင်းဒေသခံတဦးက ပြောသည်။
အလားတူ မြင်းခြံခရိုင်အတွင်း၌လည်း ကြံ့ခိုင်ရေးပါတီမှ လေတပ် ဗိုလ်မှူးကြီးဟောင်း ဦးဉာဏ်ထွန်းအောင် ဦးဆောင် သောအဖွဲ့က ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ တအိမ်ထောင်လျှင် တယောက်၊ အသက် ၁၈ နှစ်မှ ၆၀ ကြားအရွယ်များ အိမ်ထောင်စုဇယားပါ ယူဆောင်၍ တက်ရောက်ရမည်၊ မတက်ရောက်သည့် နေအိမ်များကို မီးရှို့မည်ဟူ၍ ခြိမ်းခြောက်ပြီး အစည်းအဝေးများ ခေါ်ယူနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။
ဦးဉာဏ်ထွန်းအောင်သည် ကြံ့ခိုင်ရေးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်တဦး ဖြစ်သလို ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် နွားထိုးကြီးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူတဦးလည်း ဖြစ်သည်။
တောင်သာမြို့နယ် ဒေသခံတဦးက “အစည်းအဝေးပွဲ လာကြတဲ့သူ အများစုကတော့ မဖြစ်မနေဆိုတဲ့ အကြောက်တရားနဲ့ လာကြတာ ပိုများပါလိမ့်မယ်။ စိတ်ပါဝင်စားစွာနဲ့ လာတဲ့သူ အတော်နည်းပါလိမ့်မယ်။ လာတဲ့သူတွေထဲမှာတော့ လာဘ် လာဘ မျှော်လင့်ချက်ဆိုတာတွေနဲ့ လာကြတဲ့သူတွေလည်း ပါကောင်းပါနိုင်ပါတယ်။ တောအရပ်ဒေသတွေ ဆိုတာက ပညာတတ် နည်းပါးကြသလို လူမှုပတ်ဝန်းကျင်ကလည်း ကျယ်ပြန့်မှု အတော်နည်းကြတယ် ဆိုပေမယ့် လက်ရှိမှာတော့ ဘာသာရေး၊ လူမျိုးရေးတွေနဲ့ မှိုင်းတိုက်လို့မရတော့တဲ့ အနေအထား ဖြစ်နေပါပြီ” ဟု ပြောသည်။
မြင်းခြံခရိုင်အတွင်းရှိ တောင်သာ၊ မြင်းခြံ၊ ငါန်းဇွန်၊ နွားထိုးကြီးမြို့နယ်များရှိ ကျေးရွာများတွင် ဒီဇင်ဘာလအတွင်း အစည်း အဝေးများ ဆက်တိုက် ပြုလုပ်လျက်ရှိပြီး ရွေးကောက်ပွဲကိစ္စများ လိုက်လံစည်းရုံးနေကြောင်း၊ ဒီဇင်ဘာ ၂၃/၂၄ ရက်များ ကလည်း မြင်းခြံမြို့ အမှတ် (၁၈) ရပ်ကွက် ချောင်းဘေးတလျှောက်ရှိ နေအိမ်များကို မဲလာပေးလျှင် ဆန်၊ ဆီများ ပေးမည် ဟူ၍ စည်းရုံးမှုများ ပြုလုပ်ခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားသည်။
ကြံ့ခိုင်ရေးပါတီ၏ လက်ရှိ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သောအဖွဲ့ကလည်း ဒီဇင်ဘာလအတွင်းက စစ်ကိုင်းတိုင်းအတွင်းသို့ ကွင်းဆင်းကာ စစ်ကောင်စီက ပြုလုပ်ပေးမည့် ရွေးကောက်ပွဲအတွက် ဟောပြောစည်းရုံးမှုများ ပြုလုပ်ခဲ့သေးကြောင်း သိရသည်။
ကန့်ဘလူမြို့နယ် PDF တပ်ဖွဲ့ဝင်တဦးက “စစ်ရေးအခြေအနေက အမြဲတင်းမာနေဆဲ အခြေအနေမှာ ရှိနေတော့ မြို့ပေါ်နဲ့ ပျူစောထီးတွေ ကြီးစိုးတဲ့နေရာတွေမှာတော့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ ခန့်မှန်းရတာပေါ့။ အခု သူတို့လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲကလည်း ပြည်သူ့ဆန္ဒမပါဘဲ လုပ်ကြံဇာတ်တွေနဲ့ ဖန်တီးကြမှာဆိုတော့ ကျနော်တို့ အနေနဲ့ကတော့ ရွေးကောက်ပွဲကို ဆန့်ကျင်သွားဖို့ပဲ ရှိပါတယ်။ သူတို့လုပ်တဲ့ ရွေးကောက်ပွဲကလည်း တရားမဝင်တဲ့ ရွေးကောက်ပွဲလို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။
ထို့ပြင် မန္တလေးမြို့ပေါ်ရပ်ကွက် အချို့တွင်လည်း ဒီဇင်ဘာလကုန်ပိုင်းမှ ယနေ့အချိန်ထိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် Non-CDM ဆရာမများ ပါဝင်သောအဖွဲ့က တအိမ်တက်ဆင်း ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းများ လိုက်လံကောက်ယူလျက် ရှိကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်မှ တက်ကြွလှုပ်ရှားသူတဦးက “အခုလို အစည်းအဝေးတွေခေါ်ပြီး ဟောတယ်ပြောတယ်ဆိုတာ လုပ်ရိုး လုပ်စဉ် လုပ်နေကျ ပုံစံတွေပါပဲ။ အဲဒီလို လုပ်တဲ့အပေါ် အတွေးတိမ်တဲ့သူ၊ အသိဉာဏ်ဗဟုသုတ အားနည်းတဲ့သူတွေက တော့ ပြောသမျှ အဟုတ်ကြီးတွေ ထင်နေကြမှာပေါ့။ အဲဒီလိုမျိုးတွေ ရှိနေပေမယ့်လည်း လက်ရှိ နိုင်ငံရဲ့ အခြေအနေမှန် တွေကို သိတဲ့သူတွေ အများကြီး ရှိပါတယ်။ အဲဒါကြောင့် သူတို့ အခုလိုတွေလုပ်နေတာ အောင်မြင်စရာ အကြောင်းမရှိပါ ဘူး” ဟု ပြောသည်။
မဲမသမာမှု စွပ်စွဲချက်ဖြင့် အာဏာသိမ်းထားသည့် စစ်ကောင်စီသည် ၂၀၂၃ သြဂုတ်လ၌ အထွေထွေရွေးကောက်ပွဲ ကျင်းပ နိုင်ရေး စီစဉ်နေပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အဆိုပါ ရွေးကောက်ပွဲတွင် အနိုင်ရပါတီကို အာဏာလွှဲပေးမည် ဖြစ်ကြောင်း ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။
သို့သော် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် တော်လှန်ရေးအင်အားစုများဘက်က အာဏာသိမ်း စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့် ကွက်ထားပြီး ယင်းရွေးကောက်ပွဲသည် ပြည်သူလူထု၏ဆန္ဒကို ထင်ဟပ်စေမည် မဟုတ်ဘဲ အတုအယောင် ရွေးကောက် ပွဲသာ ဖြစ်ကြောင်း၊ စစ်ကောင်စီ အနေဖြင့်လည်း ရွေးကောက်ပွဲကို လုပ်ပိုင်ခွင့် မရှိကြောင်း ပြောဆိုထားသည်။
You may also like these stories:
ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာလွှဲပေးမည်ဟု စစ်ခေါင်းဆောင် ထပ်မံပြောဆို
စစ်ကောင်စီခေါင်းဆောင် သမ္မတဖြစ်ရေး ကြံ့ခိုင်ရေးပါတီကို အကွက်ရွှေ့
၂၀၂၃ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး ထွက်ပေါက် မဟုတ်
ပျူစောထီးများအတွက် ရိက္ခာပေးရန် ကန့်ဘလူဒေသခံများ ခြိမ်းခြောက်ခံရ