ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သည့် မဟာမိတ်တပ်များအကြား တိုက်ပွဲဆက်ဖြစ်နေကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
ဒေသခံတဦးက “တိုက်ပွဲက ပြီးတာတော့ မပြီးသေးဘူးဗျ။ ပစ်တာခတ်တာတွေက ကြားနေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) တပ်မဟာ (၆) ဦးဆောင်သည့် ကရင်ပူးပေါင်းတပ်များသည် ဇန်နဝါရီလ ၄ ရက် နံနက် ၆ နာရီတွင် ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းဌာနချုပ်များကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲများ ဆက်တိုက်ဖြစ်နေခြင်းဖြစ်သည်။
ကြာအင်းဆိပ်ကြီးအခြေစိုက် စစ်ကောင်စီ၏ အမှတ် (၂၈၄) ၊ (၂၈၃) နှင့် (၃၂) ခြေလျင်တပ်ရင်းများကို KNLA တပ်ရင်း ၁၆၊ ၁၇၊ ၁၈၊ ၂၇၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၆ နှင့် ကရင်ပြည်နယ်အခြေစိုက် အခြားသော တော်လှန်ရေးတပ်များက တိုက်ခိုက်နေခြင်းဖြစ်ကြောင်း KNU သတင်းရင်းမြစ်များထံမှသိရသည်။
ဇန်နဝါရီ ၄ ရက်မှ ဇန်နဝါရီ ၅ ရက်အထိ ၂ ရက် ဆက်တိုက်သည် နေ့ရော ညပါပစ်ခတ်မှုဖြစ်ခဲ့ပြီး လတ်တလောတွင် ပစ်ခတ်မှုအချို့ရှိနေဆဲဖြစ်ကြောင်း ကြာအင်းဆိပ်ကြီးမြို့ ဒေသခံတဦးက ဆိုသည်။
၎င်းက“လွန်ခဲ့တဲ့ ၂ ရက်ကတော့ နေ့ရော ညရောပဲ ချနေကြတာ။ ဈေးရောင်းတဲ့သူတွေလည်း မရှိဘူး။ ဆိုင်တွေလည်း ဘယ်သူမှ မဖွင့်ရဲဘူး။ အခုကျတော့ တိုက်ပွဲတွေက ရှိတော့ ရှိနေတယ်။ နေ့စဉ်တိုက်လေယာဉ် ၂ စင်းက လှည့်ပတ်ဝဲနေတာတော့ရှိတယ်။ ပစ်တာခတ်တာတွေလည်း ကြားနေတာပေါ့” ဟု ဆိုသည်။
တိုက်ပွဲကြောင့် ကြာအင်းဆိပ်ကြီးဈေးသည်လည်း နံနက်ပိုင်းတွင် ၁ နာရီခန့်သာ ဈေးဖွင့်နိုင်ပြီး မြို့တွင် လူသွားလူလာလည်း နည်းသွားကြောင်း ကြာအင်းဆိပ်ကြီးမြို့ ခံ အမျိုးသားတဦးက ရှင်းပြသည်။
၎င်းက “လေယာဉ်ပျံလာဝဲပြီဟေ့ဆိုရင် ရုတ်ရုတ်သဲသဲဖြစ်တာပေါ့ဗျာ။ ကျနော်တို့လည်း ဈေးသည်ပါပဲ။ ဟင်းသီး ဟင်းရွက်တွေဆိုတော့ ပုပ်ကုန်မှာစိုးလို့ မနက်ပိုင်း တကြောဖွင့်ပြီးရင် ဆိုင်ပြန်ပိတ်ရတာပဲ။ ကျနော်တို့က မြို့နဲ့ တပ်တွေရဲ့ ကြားမှာနေတာဆိုတော့ ပစ်တာခတ်တာတွေကြားနေရတာပေါ့။ အသံက နီးကကိုကြားရတာ။ ကိုယ်က ကြောက်စိတ်တော့ မရှိဘူး။ ဒါပေမယ့် လက်နက်ကြီးပေါက်ကွဲသံဆိုရင် နှလုံးတွေပါတုန်တယ်။ မှန်တွေဆိုလည်း ကွဲမတတ်ပဲ” ဟု ဆိုသည်။
စစ်ကောင်စီတပ်များ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့ဆေးရုံအား သိမ်းထားမည်ဆိုသည့် သတင်းကြောင့် ဆေးရုံတာဝန်ရှိသူများက ဇန်နဝါရီ ၆ ရက်နေ့မှစတင်ကာ အရေးကြီးလူနာများကိုသာဆေးရုံတွင် ဆက်နေခွင့်ပေးထားပြီး ကျန်လူနာတချို့ကို ဆေးရုံက ဆင်းခွင့်ပေးလိုက်ကြောင်း ပြောသည်။
တိုက်ပွဲအခြေအနေ အသေးစိတ်သိရှိနိုင်ရန် အဆိုပါတိုက်ပွဲတွင် ပါဝင်တိုက်နေသည့် KNU စစ်ကြောင်းများအား ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ၎င်းတို့အနေနှင့် ပြောခွင့်မရှိသဖြင့် KNU ဗဟိုကိုသာ တိုက်ရိုက်မေးမြန်းရန် ပြောသည်။ KNU ဗဟိုပြောရေးဆိုခွင့်ရှိသူအား ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။
အမည်မဖော်လိုသည့် KNU အရာရှိတဦးကမူ KNU တပ်ဖွဲ့ဝင်များသည် စစ်သည်အင်အား အနည်းဆုံး ၇၀၀ ခန့်သုံးကာ စစ်ကောင်စီတပ်စခန်းများကို စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။
၎င်းက တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူးတဦးကျဆုံးပြီး တပ်ရင်းမှူး၏ ဇနီး အပါအဝင် သုံ့ပန်းအချို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ၊ ကရင်တော်လှန်ရေးတပ်များဘက်ကလည်း ကျဆုံးမှုရှိကြောင်း ပြောသည်။
စစ်ကောင်စီဘက်ကမူ KNLA တပ်မဟာ ၆ တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်များသည် ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီ၏ နယ်မြေခံ အခြေချ စစ်ဗျူဟာနှင့် တပ်ရင်းဌာနချုပ်များအား ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဇန်နဝါရီ ၄ ရက် ညနေပိုင်းတွင် သတင်း ထုတ်ပြန်သည်။
ထိုသို့ တိုက်ခိုက်ခံရသော်လည်း တပ်နယ်အတွင်းရှိ အရာရှိ၊ စစ်သည်၊ ရဲမေ၊ မှီခိုသူများ၏ ကြံ့ကြံ့ခံ ပြန်လည် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကရင်ပူးပေါင်းတပ်များ ဆုတ်ခွာသွားရသည်ဟုလည်း စစ်ကောင်စီ၏ ကြေညာချက်၌ ဖော်ပြထား သည်။
KNU နှင့် မဟာမိတ်ဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် စစ်ကောင်စီဘက်က တိုက်လေယာဉ်ဖြင့် အဆက်မပြတ်လာရောက်ပစ်ခတ်မှုကြောင့် တော်လှန်ရေးတပ်များ ခက်ခဲစွာ ထိုးဖောက်ဝင်ရောက်ခဲ့ရကြောင်း သတင်းထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီ၏ အမှတ် (၃၂) ခြေလျင်တပ်ရင်းမှ စခန်းအချို့ကို မီးရှို့နိုင်ခဲ့ပြီး အမှတ် (၂၈၄) ခြေလျင်တပ်မှ တပ်ရင်းမှူး၏ အမျိုးသမီးကို ဖမ်းခေါ်လာနိုင်ခဲ့ကြောင်း ၊ သို့သော်လည်း အပြန်လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဝိုင်းပတ်ခံရသဖြင့် တပ်ရင်းမှူး အမျိုးသမီးပြန်လည်လွတ်မြောက်သွားကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့်သေဆုံးကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာသော်လည်း ဧရာဝတီက သီးခြားအတည်မပြုနိုင်ပေ။
ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်တုန်းကလည်း ဘုရားသုံးဆူမြို့နယ် တောင်စွန်းရွာရှိ အာဏာသိမ်း စစ်ကောင်စီတပ်စခန်းနှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF တပ်စခန်း ၂ ခုကို ကော်သူးလေတပ်မတော် (KTLA) လက်အောက်ခံ Lion Battalion Commando ဗျူဟာစစ်ကြောင်းနှင့် အခြားကရင်မဟာမိတ်တပ်များက သွားရောက်တိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်ဖြင့် အကြိမ် ၂၀ ကျော် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး ၄၀ ခန့် ဒဏ်ရာရခဲ့သလို ကရင်မဟာမိတ်တပ်များဘက်ကလည်း တပ်ဖွဲ့ဝင် ၈ ဦးကျဆုံးခဲ့သည်။ အရပ်သား ၄ ဦး လက်နက်ကြီးစထိမှန် ဒဏ်ရာရခဲ့သည်။
Lion Battalion Commando မှ တပ်ဖွဲ့ဝင်တဦး၊ အထူးစစ်ဆင်ရေးအဖွဲ့ (S.O.F) မှ တပ်ဖွဲ့ဝင် ၆ ဦးနှင့် KNU တပ်ဖွဲ့ဝင် တဦး ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ၊ စစ်ကောင်စီတပ်စခန်း ၂ ခုကို သိမ်းဆည်းနိုင်ခြင်းမရှိကြောင်း ကရင်မဟာမိတ်တပ်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှသိရသည်။
ကြာအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူမြို့နယ်ရှိ တိုက်ပွဲများကြောင့် ဇန်နဝါရီလ ပထမပတ်အတွင်း စစ်ဘေးရှောင် တသောင်းကျော်တိုးလာကြောင်း ကရင်ပြည်နယ်အခြေစိုက် KIC သတင်းဌာနက ရေးသားသည်။ ဘုရားသုံးဆူမြို့နယ် တွင် တောင်စွန်းရွာအပါအဝင် ၊ သံပုရာ၊ ဝင်းခန၊ အနန်းကွင်း၊ ခုံခံ၊ ကျောက်ဘီလူး၊ ကိုရောင်နှင့် ဆင်ပြေးစသည့် ရွာများ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ဒေသခံများ ထံမှသိရသည်။
အမည်မဖော်လိုသည့် KNU အရာရှိတဦးကမူ KNU တွင် စစ်ကောင်စီတပ်အား တိုက်ခိုက်ရန် ဆုံးဖြတ်ချက်ရှိထားပြီးဖြစ်သဖြင့် ယခုကဲ့သို့ တိုက်ပွဲများ ဖော်ဆောင်ခြင်းဖြစ်ကြောင်း ပြောသည်။
၎င်းက “ကျနော်တို့က သွားတိုက်တာပါ။ လောလောဆယ် KNU မှာက ထိပ်ပိုင်းခေါင်းဆောင်တွေအပြောကတော့ တိုက်ရေးပဲပေါ့။ ခြုံကြည့်ရင် တဖက်ကတော့ အင်နဲ့အားနဲ့ တုံ့ပြန်တာတော့ မတွေ့ရသေးဘူး။ ဖြစ်တဲ့နေရာလောက်ကိုပဲ ပြန်တုံ့ပြန်တာတွေ့ရတယ်။ တော်လှန်ရေးအင်အားစု EAO တွေက အကုန်ချိတ်ပြီး တိုက်ကြဖို့တော့ ရည်ရွယ်ချက်တော့ ရှိတယ်။ ဒါပေမယ့် လက်တွေ့က ဘယ်လိုဖြစ်မလဲတော့မသိဘူး။ ရည်ရွယ်ချက်ကတော့ အဲဒီလိုတိုက်ကြဖို့ သဘောထားတခုတည်းကြတယ်” ဟု ဆိုသည်။
မြန်မာပြည်အခြေစိုက် စစ်ရေးလေ့လာသူများကမူ ၂၀၂၂ ခုနှစ်နှောင်းပိုင်းမှစတင်ကာ KNU သည် တိုက်ပွဲများကို ထိုင်းနိုင်ငံနယ်နိမိတ်နှင့် ဝေးရာ ဒေါနေတောင်အနောက်ဘက်ဒေသ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူမြို့နယ်များတွင် ပိုမိုဖော်ဆောင်လာကြောင်း ပြောသည်။
ထိုသို့ ဖော်ဆောင်လာခြင်းမှာ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံအတွင်း ဒုက္ခသည် အများအပြား ထပ်မံ ဝင်ရောက်လာမည်ကို စိုးရိမ်သည့် ထိုင်းအာဏာပိုင်များ၏ ဖိအားကြောင့် ဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူ တဦးက မှတ်ချက်ပြုသည်။
၎င်းက“ဒါက ထိုင်းမြန်မာ ဆက်ဆံရေးကို ထိန်းသိမ်းတာလည်း ပါတယ်။ တဖက်မှာလည်း မော်လမြိုင် ၊ မုဒုံ ၊ သံဖြူဇရပ်ကာလမ်းကိုလည်း ခြိမ်းခြောက်ရာရောက်တယ်။ အခုတိုက်နေတဲ့ ကော့ကရိတ် ကြာအင်းဆိပ်ကြီး ဘုရားသုံးဆူကို တိုက်တာက လေးကေကော်တို့ ဝေါ်လေတို့မှာ အခိုင်အမာ ဝင်နေရာယူထားတဲ့ စစ်ကောင်စီတပ်တွေအတွက် ပြန်ဆုတ်ပြီး လာရမှာလား မလာရဘူးလားဆိုတဲ့ သေနင်္ဂဗျူဟာ ပြဿနာကို ဖြစ်စေတယ်။ အဲဒီဘက်ကနေ ဆုတ်ပြီး ဒီဘက်လာမယ်ဆိုရင်လည်း အဲဒီမှာ လစ်ဟာမယ်” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက တနိုင်ငံလုံးအနှံ စစ်တိုက်နေရသည့် စစ်ကောင်စီသည် တပ်အင်အား မလုံလောက်မှုကြုံနေရပြီး ထိုသို့ တပ်မလုံလောက်သည်ကို အခွင့်ကောင်းယူကာ KNU ဘက်က ထိန်းချုပ်နယ်မြေတိုးချဲ့နေခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။