ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးက နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) သက်တမ်းတိုးခြင်း ကိစ္စရပ်များအား ခေတ္တရပ်နားကြောင်း ထုတ်ပြန်ခဲ့မှုကြောင့် မြန်မာနိုင်ငံသားများ ပတ်စ်ပို့သက်တမ်းတိုးရန် အခက်တွေ့နေပြီး စိုးရိမ်မှု များ ဖြစ်ပေါ်နေကြောင်း သိရသည်။
ဇန်နဝါရီ ၅ ရက်တွင် ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးက ထိုသို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး မည်သည့်နေ့ရက်၌ ပြန်လည် ဖွင့်ပေးမည်ကိုလည်း ဖော်ပြထားခြင်းမရှိဘဲ ထပ်မံအသိပေးသွားမည် ဖြစ်ကြောင်းနှင့် ရက်ချိန်းရရှိသူများ အနေဖြင့် နိုင်ငံကူးလက်မှတ်များ အမြန်ဆုံးရရှိနိုင်ရေး ၎င်းတို့၏ အချက်အလက်များကို ရယူထားနိုင်ရန် ရက်ချိန်းများ အတိုင်း လာရောက်နိုင်ကြောင်းသာ ဖော်ပြထားသည်။
အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်ပြီး အသေးစိတ် မေးမြန်းနိုင်ရန် ဧရာဝတီက ချင်းမိုင် မြန်မာကောင်စစ်ဝန်ရုံးထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ခြင်း မရှိပါ။
ချင်းမိုင်မြို့တွင် Education Visa ဖြင့် နေထိုင်နေသည့် လူငယ်တဦးက ၎င်း၏ ပတ်စ်ပို့သက်တမ်း ၄ လခန့်သာ ကျန်ရှိ တော့သည့်အချိန်တွင် ယခုလို ထုတ်ပြန်လိုက်ခြင်းကြောင့် မည်သို့ ဆက်လုပ်ရမှန်းမသိ ဖြစ်နေသည်ဟု ဆိုသည်။
၎င်းက “Ed Visa က ကျန်သေးတယ်။ ပတ်စ်ပို့က ၄ လပဲ ကျန်တော့တယ်။ ဘယ်လိုလုပ်ရမလဲ မသိဘူး။ သံရုံးက မဖွင့်တော့ ဘာမှလုပ်လို့မရဘူး။ ဗီဇာရှိပေမယ့် ပတ်စ်ပို့သက်တမ်းမရှိရင်က အတူတူပဲ။ အခုဆို အားလုံးက ရှေ့မတိုး သာ နောက်မဆုတ်သာ အခြေအနေ ဖြစ်နေကြပြီ” ဟု ပြောသည်။
ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်မှ ဇန်နဝါရီ ၄ ရက်ကိုလည်း နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ဆောင်ရွက်ပေးခြင်းအား စက်နှင့်ဆက်စပ်ပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းမှု ဆောင်ရွက်သွားရန်နှင့် ၁ နှစ်တာကာလအတွင်း နိုင်ငံသားဆိုင်ရာ အချက်အလက်များအား စုစည်းစိစစ်သွားရန် အကြောင်းပြချက်ဖြင့် ရပ်နားခဲ့ သေးသည်။
အဆိုပါ မြန်မာကောင်စစ်ဝန်ရုံးသို့ ချင်းမိုင်မြို့ရှိ မြန်မာ များသာမက မဲဆောက်၊ ရနောင်း၊ ချင်းရိုင် စသည့် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အခြာဒေသအသီးသီးမှ မြန်မာ အလုပ် သမား၊ ကျောင်းသားနှင့် မှီခိုဗီဇာ၊ ပင်စင်ဗီဇာတို့ဖြင့် အကြောင်း အမျိုးမျိုးဖြင့် နေထိုင်သည့်သူများသည်လည်း လာရောက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို ပြုလုပ်ကြသည်။
ချင်းမိုင်မြို့ရှိ PJ အဆင့် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ တဦးက “ဒုက္ခရောက်လားဆို အများကြီး ရောက် တာပေါ့။ ကျနော်တို့ မြန်မာသံရုံးက အားမကိုးရဘူး။ ကျနော်တို့ မြန်မာပြည်သားတွေအတွက် အလကားပဲ။ ပတ်စ်ပို့ သက်တမ်းကို ၆ လလောက်အလို ဆိုရင် အကြောင်းကြားရပြီ။ အဲဒီလို အကြောင်းကြားရင်လည်း ၆ လတောင် လိုသေးတယ်။ ၁လ လောက်အလိုမှလာပါ။ တကယ် ၁ လလောက်အလိုမှ သွားတော့ တိုကင်က ကုန်သွားပြီ။ ထပ်ချိန်းပြန်ရော။ ဘာမှကို အကူအညီမရဘူး” ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်များတွင် အလည်အပတ် (Passport for Visit – PV)၊ စီးပွားရေး (Passport for Business – PB)၊ ပညာရေး (Passport for Education – PE)၊ အလုပ် (Passport for Job – PJ)၊ ဘာသာရေး (Passport for Religious – PR)၊ သင်္ဘောသား (Passport for Seaman – PS) ဟူ၍ အမျိုးအစား ၇ မျိုး ထုတ်ပေး လျက် ရှိကြောင်း သိရသည်။
ယခုအခါ မြန်မာနိုင်ငံရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် ရုံးများကို ပိတ်လိုက်သည့်အပြင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးကလည်း ပတ်စ်ပို့ သက်တမ်းတိုးခြင်း ရပ်ဆိုင်းလိုက်သဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံ သားများမှာ စိုးရိမ်တကြီးဖြစ်ကာ အများအပြားလာရောက်ကြသဖြင့် ဘန်ကောက်မြို့ မြန်မာသံရုံးတွင် အဆင်မပြေမှုများ ရှိနေကြောင်း သိရသည်။
၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအတွင်းက တက်ကြွလှုပ်ရှားသူများ အပါအဝင် စစ်အာဏာရှင် လက်အောက် အသက်မွေးဝမ်းကျောင်းပြုရန် အခက်အခဲ ရှိနေသည့် ရှေ့နေ၊ သတင်းသမား၊ အနုပညာရှင်၊ ဆရာဝန်၊ ကျောင်းဆရာ၊ ဆရာမများနှင့် အစိုးရဝန်ထမ်း အများစုတို့သည် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ နည်းမျိုးစုံဖြင့် ဝင်ရောက်ခိုလှုံ လျက် ရှိသည်။
မြန်မာနိုင်ငံသား အများစုမှာ အလည်အပတ် (PV)၊ အလုပ် (PJ) နှင့် ပညာရေး (PE) စသည့် နိုင်ငံကူးလက်မှတ်အမျိုး အစား ကိုင်ဆောင်ထားကြသူများ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ချင်းမိုင်တွင် မှီခိုဗီဇာဖြင့် နေထိုင်သူ မနီလာက “အခုက ပြည်ပလည်း ပိတ်တယ်ဆိုတော့ အကုန်လုံးကို တရားမဝင် ဖြစ်အောင် လုပ်နေတဲ့သဘောပါပဲ။ နိုင်ငံအသီးသီးက မြန်မာနိုင်ငံသားတိုင်း သက်တမ်းတွေ မတိုးနိုင်ရင် နိုင်ငံသား အထောက်အထား ပျောက်သွားနိုင်တယ်။ ဒါမျိုးလုပ်တာ ဘယ်နိုင်ငံမှလည်း မရှိဘူး။ သက်တမ်း တိုးလိုသူတွေအတွက် လွယ်ကူအဆင်ပြေစေချင်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂ ရက်ကလည်း ရန်ကုန်၊ မန္တလေး အပါအဝင် နိုင်ငံတဝန်း ဒေသတချို့ရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများကို System အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်မည် ဖြစ်ပါသဖြင့် ဟုဆိုကာ ခေတ္တပိတ်ထားကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး မည်သည့်ရက်တွင် ပြန်လည် ဖွင့်လှစ်ပေးမည်ဆိုခြင်းကိုမူ ထပ်မံထုတ်ပြန်ခြင်း မရှိသေးပေ။
ထို့ပြင် နိုင်ငံကူးလက်မှတ် လျှောက်ထား၊ သက်တမ်းတိုးရန် QR Code စနစ်ဖြင့် ငွေကြေးပေးပြီး ကြိုတင်စာရင်း ပေးသွင်းထားမှုများကိုလည်း ရပ်နားထားသဖြင့် ပြည်ပသို့ အလုပ်ထွက်လုပ်ရန် အပါအဝင် အကြောင်းအမျိုးမျိုးဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထား၊ သက်တမ်းတိုးမည့်သူများ အခက်အခဲ ဖြစ်နေကြောင်း သိရသည်။
ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အဖွဲ့၏ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “ပြောရမယ်ဆိုရင် ဒီကိစ္စက ပုံမှန်တော့မဟုတ်ဘူး။ မြန်မာပြည်ထဲမှာလည်း ပတ်စ်ပို့တွေ မထုတ်ပေးတော့ ဘဲ ရပ်ထားတယ်လို့ ကြားတယ်။ ဒီမှာလည်း အဲဒီလိုမျိုး လုပ်ထားတယ်ဆိုတော့ သူတို့တခုခုကို ရည်ရွယ်ချက်ရှိရှိ လုပ်တာ ဖြစ်လိမ့်မယ်လို့ ထင်တယ်” ဟု မှတ်ချက်ပြုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း တောင်ကိုရီးယားရှိ စစ်ကောင်စီ၏ မြန်မာသံရုံးက နိုင်ငံကူးလက်မှတ်စာအုပ် သက်တမ်းကုန်သွားသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား သက်တမ်း မတိုးပေးတော့သဖြင့် လူ ၅ ထောင်ကျော် အခက်အခဲ ဖြစ်ခဲ့ရသည်။
ထို့အတွက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ သောမတ်အင်ဒရူးစ်၏ နိုဝင်ဘာ ၁၅ ရက်မှ ၂၁ ရက်ထိ ၆ ရက်ကြာထိ သွားရောက်ခဲ့သည့် တောင်ကိုရီးယားခရီးစဉ်တွင် မြန်မာ့အရေးနှင့် မြန်မာရွှေ့ပြောင်း လုပ်သားများအရေး ကိုရီးယားအစိုးရထံ တောင်းဆိုသည့် ထုတ်ပြန်ချက်တစောင် ထုတ်ခဲ့သည်။
မစ္စတာ သောမတ်အင်ဒရူးစ်၏ တောင်းဆိုချက်များတွင် တောင်ကိုရီးယားရောက် မြန်မာများအတွက် ဗီဇာ မရှိသူများ အပါအဝင် မြန်မာများအား လူသားချင်းစာနာသည့် နေထိုင်ခွင့်အားပေး၍ တရားဝင်နေထိုင်နိုင်ရေး စီမံရန်၊ အာဏာ သိမ်းမှုကို ကန့်ကွက်လှုပ်ရှားမှုများကြောင့် ခြိမ်းခြောက်ခံနေရသည့် မြန်မာနိုင်ငံသားများ၏ မိသားစုဝင်များအား အန္တရာယ်ကင်းစွာ ကိုရီးယားသို့ ဝင်ရောက်နိုင်ရေး ကူညီပေးရန်တို့ ပါဝင်သည်။
You may also like these stories:
တောင်ကိုရီးယားမှ မြန်မာလုပ်သား ၅ ထောင်ကျော် ပတ်စ်ပို့ သက်တမ်း တိုးမပေး၍ အခက်ကြုံ
ထိုင်းအလုပ်ရှင်က ပတ်စ်ပို့များ ပြန်ပေးရန် ကတိပြုသော်လည်း အလုပ်သမားများ စိုးရိမ်နေဆဲ
၆ နှစ်ပြည့် ထိုင်းရောက် MoU လုပ်သားများ မြန်မာသို့ပြန် သက်တမ်းတိုးရမည်