ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးအနောက်ဘက် ၅ မိုင်ခန့်အကွာတွင်ရှိသည့် သန်းထောင်နှင့် ဘုရားနီကျေးရွာအနီးတွင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) နှင့် စစ်ကောင်စီ တပ်များကြား ယခုလဆန်းပိုင်းအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံ ၄၀ ခန့် ဖမ်းဆီး စစ်ဆေးခံရကြောင်း သိရသည်။
ထိုတိုက်ပွဲသည် ဇန်နဝါရီလ ၃ ရက်မှ ၆ ရက်အထိ ဖြစ်ပွားခဲ့ပြီး PDF ပူးပေါင်း တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ် တပ်မ ၅၅ လက်အောက်ခံ တပ်ရင်းများ၊ ပအိုဝ်းပြည်သူ့စစ် (PNO/ PNA) ပူးပေါင်း အထိုင်တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်။
ယင်းတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်များက ညောင်ရွှေမြို့ ရှိ ကံရွာနှင့် လင်းကင်းကျေးရွာ အပါအဝင် တောင်ဘက်ပိုင်းရှိ ကျေးရွာတချို့သို့ ဝင်ရောက်ကာ ဒေသခံများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ညောင်ရွှေမြို့ ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “သူတို့ တိုက်ပွဲဖြစ်ပြီးနောက်၂ ရက်လောက်နေတော့ ကံရွာနဲ့ လင်းကင်းရွာကို ဝင်စစ်တယ်။ အိမ်တွေပေါ်တက် ပြီးတော့ လူစာရင်းတွေ မေးတာ၊ ဖုန်းတွေကို စစ်တာမျိုးတွေ လုပ်သွားတယ်” ဟု ပြောဆိုသည်။
ထို့ပြင် တိုက်ပွဲဖြစ်ပွားခဲ့သောနေရာ အနီးဝန်းကျင်ရှိ ကျေးရွာတချို့ကိုလည်း လူအဝင်အထွက်များ ပိတ်ဆို့စစ်ဆေးမှုများ ရှိသလို ညောင်ရွှေမြို့အနောက်ဘက် ခေါင်တိုင်- ပေါင်းပိန်းလမ်းနှင့် ညောင်ရွှေမှ အင်းလေးသို့သွားသော ကားလမ်း တချို့ ကိုလည်း စစ်ဆေးရေးဂိတ်များထားကာ ကန့်သတ်ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း အဆိုပါ ဒေသခံက ဆိုသည်။
“ကျနော့်အသိထဲကပဲ ၁၅ ယောက်၊ ၁၆ ယောက်လောက် အဖမ်းခံလိုက်တယ်။ အစစ်ဆေးကလည်း အရမ်းကြမ်းတယ်။ ကျေးရွာတွေကို အဝင်အထွက် ပိတ်ပြီးတော့ကို စစ်ဆေးတာ၊ ရေသန့်ပို့တဲ့ ကားတောင် မလွှတ်ပေးဘူး။ ဆိုင်ကယ်နဲ့ဆိုရင် ပိုဆိုးတယ်” ဟု ထွက်ပြေး တိမ်းရှောင်နေရသည့် အင်းလေး ဒေသခံတဦးကလည်း ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဖမ်းဆီးခံရသူတချို့ ပြန်လွှတ်ပေးမှုများလည်းရှိသလို လူငယ်တချို့ကိုလည်း ငွေကြေးတစုံတရာဖြင့် ပြန်ရွေးခိုင်း နေခြင်းများလည်း ရှိနေကြောင်း ၎င်းက ဆိုသည်။
၎င်းက ဆက်လက်၍ “ အခုက လမ်းတွေပိတ်ထားတော့ ကုန်ပစ္စည်းပြတ်လပ်မှုတွေ၊ ကျန်းမာရေး၊ သာရေးနာရေး သွား လာဖို့ ကိစ္စတွေအတွက်တောင် တော်တော်လေး ခက်ခဲနေတယ်။ စစ်ကောင်စီတပ်တွေက ကျေးရွာတွေထဲမှ စခန်းချလာ နိုင်တဲ့ အခြေအနေမျိုးတွေ ရှိလာနိုင်တယ်” ဟု ပြောဆိုသည်။
လတ်တလော အခြေအနေများအရ စစ်ကောင်စီတပ်များနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်များက အင်းလေးကန် တောင်ဘက် ပိုင်းရှိ စံကားကျေးရွာအုပ်စုနှင့် မှော်ဘီကျေးရွာအုပ်စုများကို အဓိကထား ပိတ်ဆို့ကာ စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင် နေလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက အင်းလေးဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အင်းလေး PDF မှ တပ်ရင်းမှူး ၁ ဦး အပါ အဝင် ရဲဘော် ၄ ဦးဝန်းကျင် ကျဆုံးခဲ့သလို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များဘက်ကလည်း ထိခိုက် အကျအဆုံးရှိခဲ့ ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်က ဆိုထားသည်။
ထိုတိုက်ပွဲများကို ရှမ်းပြည်နယ် တောင်ပိုင်းတွင် NUG လက်အောက်ခံ အဖွဲ့များဖြစ်သည့် အမှတ် ၁၀၀၅၊ ၁၀၀၈ နှင့် ၁၀၀၉ တပ်ရင်းများနှင့် ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ် (PNDF) တို့က ပူးပေါင်းပြီး ညီညွတ်သော ရှမ်းတောင်ဖက်ဒရယ် တပ် ပေါင်းစုအဖြစ် ဖွဲ့စည်းကာ စစ်ဆင်ရေးများ လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။
စစ်ကောင်စီဘက်ကလည်း ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် အကြမ်းဖက်လုပ်ငန်းများ ပြုလုပ်ရန် စီစဉ်နေသည် ဆိုသော စွပ်စွဲချက်ဖြင့် အင်းတိန်ကျေးရွာ၊ အင်းတိန် ညောင်အုပ်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် အပါအဝင် ဒေသခံ ၈ ဦးကို ဖမ်းဆီးခဲ့သလို ရုပ်အလောင်း ၆ လောင်းနှင့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့ ကြောင်း သတင်း ထုတ်ပြန်ထားသည်။
အင်းလေး ဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “အဓိက အင်းလေး PDF တွေက ဒီပတ်ဝန်းကျင်တွေမှာ ပုန်းခို နေနိုင်သေးတယ်၊ ရှိနေတယ်သေးတယ်ဆိုတဲ့ ယူဆချက်နဲ့ အခုလို နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်တာ” ဟု ဧရာ ဝတီသို့ ပြောသည်။
လတ်တလော မြေပြင်အခြေအနေများအရ စစ်ကောင်စီဘက်ကလည်း ထိုသို့ နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်လာ နေခြင်းကြောင့် နှစ်ဖက် စစ်ရေးမှာ ပို၍ တင်းမာလာနိုင်ကြောင်း ၎င်းက ဆိုသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ဒေသများဖြစ်သည့် ကလော၊ အောင်ပန်း၊ အင်းလေး၊ တောင်ကြီး၊ ပင်းတယအစရှိသည့်နေရာများသို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားမှုများကို ပြန်လည် ခရီးစဉ် ဖျက်သိမ်းမှုများ ရှိလာကြောင်း ပြည်တွင်း ခရီးသွား လုပ်ငန်း လုပ်ဆောင်သူများထံမှ သိရသည်။
You may also like these stories:
ကြာအင်းဆိပ်ကြီးတွင် စစ်တပ်နှင့် မဟာမိတ်တပ်များအကြား တိုက်ပွဲဆက်ဖြစ်နေ
ပုသိမ်ထောင်တွင်း အကြမ်းဖက်ပစ်ခတ်မှု နိုင်/ကျဉ်း ၁ ဦးသေ၊ ၉ ဦး ဒဏ်ရာပြင်းထန်