စစ်ကောင်စီက သြဂုတ်လတွင် စီစဉ်ထားသည့် ရွေးကောက်ပွဲမတိုင်မီ စစ်ကောင်စီ ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ရန်ကုန်မှ စစ်ကောင်စီလိုလားသော လူမှုရေးနှင့် ပရဟိတအသင်းတချို့နှင့် တွေ့ဆုံခဲ့သည်။
လွန်ခဲ့သောနှစ် အောက်တိုဘာလတွင် USDP ပါတီ၏ ဥက္ကဋ္ဌ ခန့်အပ်ခံရပြီးနောက် ဗိုလ်မှူးချုပ်ဟောင်းနှင့် စစ်အုပ်စုအဆက်အဆက် အမာခံ ဦးခင်ရီသည် စီစဉ်ထားသောရွေးကောက်ပွဲမတိုင်မီ USDP အနေအထားကို ခိုင်မာစေရန် လုပ်ဆောင်နေသည်။
ဦးခင်ရီသည် ရန်ကုန်အခြေစိုက် အဖွဲ့အစည်း ၂၉ ခုမှ ကိုယ်စားလှယ် ၂၃၅ ဦးနှင့် ဇန်နဝါရီလနေ့က ရန်ကုန်ရှိ USDP ရုံးတွင် တွေ့ဆုံခဲ့သည်။ သူ၏ Facebook စာမျက်နှာ အဆိုအရ ၃ နာရီကြာသော ထိုအစည်းအဝေး တက်ရောက်သူများတွင် လူမှုရေးနှင့် ပရဟိတအသင်းများသာမက ကလေးများကို အခြေခံဗုဒ္ဓဘာသာ သင်ကြားပေးသည့် ဆန်းဒေးစကူးများမှ ဆရာ၊ ဆရာမများ၊ ရုပ်ရှင်အသိုက်အဝန်းမှ ပရဟိတသမား ဆိုသူများလည်း ပါဝင်ကြောင်း သိရသည်။
တက်ရောက်သည့် အဖွဲ့အစည်းများ၏ သဘောသဘာဝနှင့် အမည်များ အသေးစိတ်ကို မသိရပေ။ သို့သော် ဆန်းဒေးစကူးများသည် မဘသဟု လူသိများသည့် အမျိုးသားရေးအုပ်စုတခုဖြစ်သော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအသင်းနှင့် ပတ်သက်ကြောင်း လူသိများသည်။ တချိန်တည်းတွင် စစ်တပ်လိုလားသော အနုပညာရှင် လက်တဆုပ်စာသည် စစ်ကောင်စီဝါဒဖြန့် ရုပ်ရှင်များတွင် ပါဝင်သူများဖြစ်သည်။
အစည်းအဝေးကို ရန်ကုန်အခြေစိုက် သုံးရာသီဖောင်ဒေးရှင်း အနေဖြင့် ကျင်းပသည်ဟုသိရပြီး ဦးခင်ရီ USDP ဥက္ကဋ္ဌ ဖြစ်လာပြီးနောက် ထိုကဲ့သို့သော အဖွဲ့အစည်းများနှင့် ပထမဆုံး ဆက်စပ်မှုလည်းဖြစ်သည်။
ဦးခင်ရီက ထိုအစည်းအဝေးတွင် ပါတီ၏ အမျိုးသားရေးမူဝါဒများကို ရှင်းလင်းပြောကြားကာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခများအတွက် စစ်တပ်၏ လုပ်ဇာတ်ကို ထပ်မံ ပြောကြားပြီး တက်ရောက်သူများအနေဖြင့် ဗမာလူမျိုးနှင့် ဗုဒ္ဓဘာသာတွက် မည်သို့ ပူးပေါင်းဆောင်ရွက်သင့်သည်ကို ပြောကြားကြောင်း သူ၏ Facebook စာမျက်နှာ ဖော်ပြချက်အရ သိရသည်။
ထိုအဖွဲ့အစည်းများ ရင်ဆိုင်နေရသော အခက်အခဲများကိုလည်း ကူညီဖြေရှင်းပေးရန် ဦးခင်ရီက ကမ်းလှမ်းသောကြောင့် ၎င်းတို့ထံမှ မဲရရန် စည်းရုံးခြင်းဖြစ်ကြောင်း ထင်ရှားသည်။
စစ်တပ်လိုလားသော နိုင်ငံရေးပါတီ ၃၇ ခုနှင့် နေပြည်တော်တွင် အလွတ်သဘော ဆွေးနွေးပြီးနောက် နှစ်ရက်အကြာတွင် အထက်ပါအစည်းအဝေးကို ကျင်းပခြင်းဖြစ်သည်။ တက်ရောက်သူများတွင် လွန်ခဲ့သောနှစ် အောက်တိုဘာလက စစ်တပ်မှ အငြိမ်းစားယူကာ ဦးခင်ရီ၏ လက်ထောက်ဖြစ်လာသော ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမျိုးဇော်သိန်း၊ ဦးသိန်းစိန် အရပ်သားအစိုးရအတု လက်ထက်တွင် လျှပ်စစ်ဝန်ကြီးလုပ်ခဲ့သော ဦးခင်မောင်စိုးတို့လည်း ပါဝင်သည်။ ရန်ကုန်တိုင်း USDP ဥက္ကဋ္ဌအနေဖြင့် ဦးခင်မောင်စိုးသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု မတိုင်မီနှင့်နောက်ပိုင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပစ်မှတ်ထားသည့် စစ်တပ်ထောက်ခံပွဲများ စီစဉ်သူဖြစ်သည်။
ဦးခင်ရီနှင့် ဦးခင်မောင်စိုးတို့သည် မဘသ ဥက္ကဋ္ဌဟောင်း ဦးတိလောကာဘိဝံသ ကိုလည်း ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် သွားရောက်တွေ့ဆုံ အကြံတောင်းခဲ့သည်။ နိုင်ငံတကာဇာတ်ခုံတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရားဝင်မှုရရှိရေးအတွက် လုပ်ဆောင်နေသူများတွင် ဦးခင်ရီအပြင် အခြားသူများလည်း ရှိသေးသည်။ သူ၏ လုပ်ဖော်ကိုင်ဘက်ဟောင်းနှင့် ယခင် စစ်အုပ်စုမှ ဝန်ကြီးများကလည်း သူ့ကိုထောက်ခံကြသည်။
လွှတ်တော်တွင် နေရာ ၂၅ ရာခိုင်နှုန်းကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာစစ်တပ်အတွက် ထားရှိသောကြောင့် ဦးခင်ရီသည် မင်းအောင်လှိုင် သမ္မတဖြစ်ရေးအတွက် USDP နှင့် မဟာမိတ်ပါတီများ ကိုယ်စားလှယ်နေရာ ၂၆ ရာခိုင်နှုန်းသာ အနိုင်ရအောင်လုပ်ရန် လိုအပ်သည်။ စစ်ကောင်စီသည် လာမည့်ရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြုစနစ်ကို ပြောင်းလဲ ကျင့်သုံးမည်ဖြစ်သောကြောင့် မင်းအောင်လှိုင်၏ သမ္မတရည်မှန်းချက်သည် အကောင်အထည် ပေါ်လာတော့မည်ကဲ့သို့ဖြစ်နေသည်။
You may also like these stories:
မင်းအောင်လှိုင်၏ သမ္မတရူးထမှု ဇာတ်ရှိန်မြင့်နေ
ဦးခင်ရီကို USDP လုပ်ဖော်ကိုင်ဘက်ဟောင်းများ ထောက်ခံ
USDP ဥက္ကဋ္ဌက တော်လှန်ရေးကို ချေမှုန်းရန် ကတိပြု
စစ်ကောင်စီနှင့် အစွမ်းကုန်ပူးပေါင်းဆောင်ရွက်ဖို့ ကြံ့ခိုင်ရေးပါတီ ဥက္ကဌသစ် ဦးခင်ရီပြော