စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် နတ်နန်းရွာအား စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများကာကွယ် ရေးတပ် (SNA) တို့က ဝင်ရောက်စီးပြီး ရွာသား ၁၀၀ခန့်ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက် နံနက် ၆ နာရီခန့်က စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းအင်အား ၁၀၀ ကျော်သည် နတ်နန်းရွာသို့ ဝင်လာပြီး PDF စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ကာ ရွာခံများကို ဖမ်းဆီးခဲ့ကြောင်း လွတ်မြောက်သူ များနှင့် ဟုမ္မလင်းမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက ပြောသည်။
ပြန်လွတ်လာသူ နတ်နန်းရွာဒေသခံ အမျိုးသမီးတဦးက “သူတို့က အားမာန်တောင်က ဆင်းလာတဲ့ အချိန်မှာ ကျမတို့ လမ်းကြားထဲ လူပြေးသွားတယ်ဆိုပြီး သေနတ် ၂ချက် ၃ ချက်ဖောက်ပြီး ကျမတို့အိမ်ထဲကို လူဝင်သွားတယ်ဆိုပြီး ဝင်လာတာ။ ယူနီဖောင်းက တမျိုးဖြစ်နေတော့ ကျမတို့လည်း တံခါးဖွင့်ပေးလိုက်တဲ့အချိန် အကုန်ပြင်ထွက်ဆိုပြီး ခိုင်းတယ်။ သေနတ်နဲ့ချိန်ပြီး တောင်ပေါ်ကို စစ်ဆေးစရာ ရှိတယ်၊ လိုက်ခဲ့ ဆို ပြီး ခေါ်သွားတာ” ဟု ဧရာဝတီကို ပြောသည်။
ထို့ပြင် မိသားစုပိုင် ငွေကျပ် သိန်း ၈၀ ကျော် အပါအဝင် အိမ်ဂရန်ကိုလည်း အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သိမ်းယူသွားကြောင်း၊ ဖမ်းဆီးစဉ် ယောက်ျားများ ရိုက်နှက်ခံရမှုရှိပြီး မိန်းကလေးများကိုမူ ဝတ်ဆင်ထားသည့် နား ကပ်၊ ဆွဲကြိုးများအား ဖြုတ်ခိုင်းကြောင်း အဆိုပါ အမျိုးသမီးက ဆိုသည်။
ထို့နောက် စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်များက ဒေသခံများကို အားမာန်တောင်ကုန်းထိပ်တွင် ဖမ်းချုပ်ပြီး ပါလာ သည့် ဖုန်းများကို စစ်ဆေးကာ PDF အား ထောက်ပံ့မှုရှိမရှိ စစ်ဆေးနေစဉ် နံနက် ၁၀ နာရီ ဝန်းကျင်၌ PDF များက တန်ပြန်တိုက်ခိုက်သဖြင့် တိုက်ပွဲကြားက ထွက်ပြေးလွတ်မြောက် လာခဲ့ကြခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက “PDF ကို ထောက်ပံ့တဲ့ လူတွေလား အကုန်လုံးကို ပစ်သတ်မယ်၊ မီးရှို့မယ် ပြောနေချိန် အောက် ကနေ သေနတ်တွေနဲ့ ဖြောင်းဖြောင်းဆို ပစ်သံကြားတာ။ အဲဒါနဲ့ ကျမတို့လည်း ထွက်ပြေးကြတာ ကျမတို့ လည်း ပြေးရော သူတို့က ကျမတို့ပြေးတဲ့ဘက်ကို သေနတ်နဲ့ အသားကုန်ပစ်တာပေါ့။ သူတို့ ပစ်တာက ကျမတို့ကိုမှန်တာ တယောက်မှတော့ မရှိဘူး” ဟု ရှင်းပြသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သိမ်းဆည်းသွားသဖြင့် ၎င်းတို့ မိသားစု၌ သုံးစွဲစရာ ငွေကြေးမရှိဘဲ ယာယီစစ်ဘေးရှောင်စခန်း၌ ခိုလှုံနေရကြောင်းနှင့် ဖမ်းခံရသူအားလုံး ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း ၎င်းက ဆိုသည်။
ဟုမ္မလင်း PDF မိုးကြိုးအဖွဲ့မှ ပြန်ကြားရေးတာဝန်ရှိသူကလည်း စစ်ကောင်စီနှင့် SNA တပ်ဖွဲ့ဝင်များ လာရောက် တိုက် ခိုက်စဉ် PDF များ အနေဖြင့် နတ်နန်းရွာမှ ယာယီဆုတ်ခွာပေးခဲ့ပြီးနောက် ဇန်နဝါရီ ၅၊ ၆ ရက်များတွင် တန်ပြန်စစ်ဆင် တိုက်ခဲ့ကြောင်း ပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း HPDF 124 (ဟုမ္မလင်း-ဖောင်းပြင် ဒေသကာကွယ်ရေးအဖွဲ့)၊ မိုးကြိုးအဖွဲ့ (ဟုမ္မလင်းဒေသကာ ကွယ်ရေးအဖွဲ့)၊ ခန္တီးခရိုင် PDF တပ်ရင်း ၁ နှင့် HPDF (ဟုမ္မလင်းဒေသကာကွယ်ရေးတပ်ဖွဲ့) တို့ ပါဝင်တိုက်ခိုက်ခဲ့ပြီး လက်ရှိတွင် PDF များက နတ်နန်းရွာကို ပြန်လည် ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
နတ်နန်းရွာအား စီးနင်းခဲ့သည့် စစ်ကောင်စီတပ်သည် ဟုမ္မလင်းအခြေစိုက် အမှတ် (၂၂၂) ခြေလျင်တပ်ရင်းနှင့် ခန္တီး အခြေစိုက် အမှတ် (၃၄၇) ခြေမြန်တပ်ရင်း၊ SNA ၏ အမှတ် (၇၅၃) တပ်ရင်းမှ တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ဟုမ္မလင်း PDF မိုးကြိုးအဖွဲ့မှ ပြန်ကြားရေးတာဝန်ရှိသူတဦးက ရှင်းပြသည်။
တိုက်ပွဲအတွင်း PDF လက်ဖြောင့် သေနတ်သမားများ လက်ချက်ဖြင့် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးပြီး PDF များဘက်က ထိခိုက်ဒဏ်ရာရသူအချို့ ရှိခဲ့ကြောင်း ဟုမ္မလင်း PDF တပ်ရင်းများထံမှ သိရသော်လည်း ဧရာဝတီမှ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
ဟုမ္မလင်း PDF မိုးကြိုးအဖွဲ့မှ ပြန်ကြားရေးတာဝန်ရှိသူတဦးက “SNA ကတော့ စစ်တပ်နဲ့ မပေါင်းဘူးလို့ ငြင်းပေမယ့် မြေပြင်မှာတော့ ပြည်သူတွေက ခံနေရတာ။ သူတို့ လုသွားတာက နတ်နန်းတရွာလုံးမှာ သိန်း ၃ ထောင်ဖိုးလောက် ရှိမယ်။ ရွှေငွေပစ္စည်းတွေ ယူသွားတယ်။ သူတို့က ခေတ်ပျက်နေတာကို အခွင့်ကောင်းယူပြီး လူထုကို ဒုက္ခပေးနေတဲ့ ပုံစံမျိုးပေါ့ဗျာ။ သူတို့ကတော့ ရှမ်းနီလူထုကောင်းစားရေး လုပ်နေပါတယ် ပြောနေပေမယ့် လက်တွေ့မှာ အပြောနဲ့ အလုပ်က မညီဘူးပေါ့ဗျာ” ဟု ဆိုသည်။
SNA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းကမူ နတ်နန်းရွာတွင် SNA နှင့် PDF များ တိုက်ပွဲဖြစ်သည်မှာ မှန်ကန်သော်လည်း တိုက်ပွဲအခြေအနေ အသေးစိတ်ကို မသိရှိသေးကြောင်းနှင့် SNA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ တပ် ပူးပေါင်း၍ ဒေသခံများ၏ ရွှေငွေများ လုယူပြီး လူ ၁၀၀ ခန့်ကို ဖမ်းဆီးသွားသည် ဆိုသောကိစ္စမှာ မမှန်ကန် ကြောင်း ဧရာဝတီသို့ သည်။
ဗိုလ်မှူးကြီး စိုင်းအောင်မိန်းက“ရှမ်းနီဒေသခံတွေ အများဆုံးနေတဲ့ ရွာတွေဖြစ်တယ်၊ ကျနော်တို့ လူထုတွေပဲဖြစ်လို့ လူသားဒိုင်း လုပ်ဖို့ လုံးဝ မရှိပါဘူး။ ကျနော်တို့က ရှမ်းနီဒေသခံတွေကို ဘာမှ မသိမတတ် နားမလည်တဲ့ လူထုကို ရှေ့တန်းတင်ပြီး လုပ်ပါ့မလားဆိုတာ စဉ်းစားဖို့လိုပါတယ်။ သူတို့ အခုလို စွပ်စွဲနေတာတွေက အဖွဲ့အစည်း တခုကနေ အနောက်ကနေ ကြိုးကိုင်ခြယ်လှယ်ပြီး လုပ်နေတာပါ။ ဒါက ကြာပါပြီ။ အဓိကတော့ KIA ပါပဲ။ KIA ဟာ ကျနော်တို့ ဒေသကို ထိုးဖောက်ဝင်ရောက်ချင်တယ်။ အဲဒါကြောင့် PDF တွေကို မွေးမြူပြီး ကျနော်တို့ ဒေသပျက်ဆီးဖို့ လုပ်နေ တာပါ” ဟု ဆိုသည်။
စစ်ကောင်စီနှင့် SNA တပ်များသည် ပြီးခဲ့သည့် ၂၀၂၂ နိုဝင်ဘာတုန်းကလည်း ဟုမ္မလင်းမြို့နယ်၊ နတ်နန်းနှင့် ပင်ခုတ် ရွာများရှိ PDF များအား လျှပ်တပြက် ဝင်ရောက် တိုက်ခိုက်ခဲ့ဖူးသည်။
လတ်တလောတွင် စစ်ကောင်စီဘက်ကလည်း နတ်နန်းရွာ အနောက်မြောက်ဘက်ရှိ ရွှေပြည်အေးမြို့သစ်ဝန်းကျင်တွင် အင်အား ၁၀၀ ကျော်ဖြင့် ဖြည့်တင်းစုဖွဲ့နေပြီး နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း ဟုမ္မလင်းအခြေစိုက် PDF တပ်ဖွဲ့များ ထံမှ သိရသည်။
You may also like these stories:
ဟုမ္မလင်းတွင် SNA နှင့် PDF တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွား
ရှမ်းနီလက်နက်ကိုင်အဖွဲ့ SNA ဘာလဲ၊ ဘယ်လဲ
စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်တို့ စစ်ရေး ပူးပေါင်းလှုပ်ရှားနေဟုဆို