အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများသည် ကမ္ဘာ့ရေးရာများတွင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) အခန်းကဏ္ဍ ဆက်လက် တောင့်တင်းအောင် လုပ်ဆောင်ရန် သဘောတူလိုက်သည်။
အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုနှင့် မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်တို့က ASEAN ရေးဆွဲပေးသည့် ငြိမ်းချမ်းရေးအစီအစဉ်များကို အကောင်အထည်ဖော်ရန်လည်း စစ်ကောင်စီကို ဇန်နဝါရီလ ၉ ရက်နေ့တွင် တိုက်တွန်းသည်။
ဂျကာတာမြို့ပြင် ဘိုဂေါရှိ နန်းတော်တွင် ခေါင်းဆောင် နှစ်ဦး အစည်းအဝေးကျင်းပပြီးနောက် ဂျိုကိုဝီဟု လူသိများသည့် မစ္စတာ ဝီဒိုဒိုက “အင်ဒို-ပစိဖိတ်ဒေသကို ငြိမ်းချမ်း၊ ကြွယ်ဝချမ်းသာ၊ တည်ငြိမ်အောင် လုပ်ရာမှာ ASEAN က ဗဟိုအခန်းကဏ္ဍကနေ ပါဝင်ရမယ်ဆိုတာ ကျနော်တို့ သဘောတူတယ်” ဟုပြောသည်။
“မြန်မာနဲ့ ပတ်သက်ပြီး ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေး အရေးပါမှုကို အင်ဒိုနီးရှားနဲ့ မလေးရှားက အမြင်တူကြတယ်။ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ဖို့ စစ်ကောင်စီကို ကျနော်တို့ တိုက်တွန်းလိုက်တယ်” ဟု သူက ဆက်ပြောသည်။
မြန်မာတွင် လူပေါင်း ၂,၀၀၀ ကျော်ကို သတ်ဖြတ်ထားသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးအပြီး ဖြစ်လာသော ဖရိုဖရဲအခြေအနေများ အဆုံးသတ်ရန် ရည်ရွယ်သည့် ၂၀၂၁ ခုနှစ်၊ ဧပြီလကချမှတ်သည့် ငြိမ်းချမ်းရေး အစီအစဉ်ကို မစ္စတာ ဝီဒိုဒိုက ပြောကြားနေခြင်းဖြစ်သည်။
ခေါင်းဆောင် နှစ်ဦးတို့သည် နှစ်နိုင်ငံအကြား အနီးကပ်ဆက်သွယ်ရေးကို ထပ်မံ အတည်ပြုပြောကြားပြီး အန်နဝါက သူနှင့်သူ့ကိုယ်စားလှယ်အဖွဲ့ကို အင်ဒိုနီးရှားတွင် ဧည့်ခံခြင်းအတွက် ဝီဒိုဒိုကို ကျေးဇူးတင်ကြောင်း ပြောသည်။
မလေးရှားဝန်ကြီးချုပ်သည် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အင်ဒိုနီးရှားသို့ နှစ်ရက်ကြာ သွားရောက်ခြင်းဖြစ်သည်။ သူနှင့်အတူ ဝန်ကြီးအများအပြားလည်း လိုက်ပါလာသည်။
ဇန်နဝါရီလ ၈ နေ့တွင် ရောက်ရှိလာသော မစ္စတာ အန်နဝါကို နောက်တနေ့တွင် နန်းတော်၌ တရားဝင် ကြိုဆိုသည့် အခမ်းအနားဖြင့် အမြောက် ၁၉ ချက် ပစ်ဖောက် ကြိုဆိုသည်။ မစ္စတာ ဝီဒိုဒိုက မစ္စတာ အန်နဝါကို ထိုနေ့တွင်ပင် တရားဝင် တည်ခင်းဧည့်ခံ ကျွေးမွေးမှုလည်း ပြုလုပ်သည်။
နှစ်နိုင်ငံလုံးမှ ခေါင်းဆောင်သစ်များသည် ထိုသို့လည်ပတ်ရသည်မှာ သံတမန်ရေး အစဉ်အလာဖြစ်ပြီး မစ္စတာ အန်နဝါသည် ၅ နှစ်မပြည့်မီ ကာလအတွင်း အင်ဒိုနီးရှားသို့ သွားရောက်သည့် စတုတ္ထမြောက် မလေးရှားဝန်ကြီးချုပ် ဖြစ်သည်။
မစ္စတာ ဝီဒိုဒိုသည် ကွာလာလမ်ပူသို့ ၂၀၁၅ ခုနှစ်တွင် သွားရောက်ခဲ့သည်။ အပြန်အလှန်အားဖြင့် သူသည် ယခင် မလေးရှား ဝန်ကြီးချုပ်ဟောင်းများဖြစ်သော မဟာသီယာမိုဟာမက်ကို ၂၀၁၈ ခုနှစ် ဇွန်လတွင်၊ မူဟစ်ဒင်ယက်ဆင်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင်နှင့် အစ္စမေးလ် ဆက်ဘရီ ယာကော့ကို ထိုနှစ် နိုဝင်ဘာလတွင် အသီးသီး လက်ခံတွေ့ဆုံခဲ့သည်။
တပြိုင်နက်တည်း စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှနန်ကလည်း ASEAN သည် ဘုံသဘောတူညီချက် ၅ ချက်ကို အလျှင်အမြန် အပြည့်အ၀ အကောင်အထည်ဖေါ်ရန် မြန်မာစစ်ကောင်စီအား ဆက်လက်တိုက်တွန်းနေကြောင်း ပြောသည်။
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်ကောင်စီအနေဖြင့် လက်ဆုပ်လက်ကိုင်ပြနိုင်သော တိုးတက်မှု ရရှိရေးအတွက် ASEAN နှင့်ပူးပေါင်းဆောင်ရွက်ရန်နှင့် ASEAN ဥက္ကဌသစ်၏ မြန်မာဆိုင်ရာ အထူးသံတမန်နှင့်လည်း ပူးပေါင်းဆောင်ရွက်ပြီး အထူးသံတမန်ကို မြန်မာမှ သက်ဆိုင်သူ အားလုံးနှင့် တွေ့ခွင့်ပေးရန်တိုက်တွန်းသည်။
မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်သည့် ချဉ်းကပ်မှုနည်းလမ်းနှင့်ပတ်သက်ပြီး ASEAN အဖွဲ့ဝင်များအကြား သဘောထားကွဲလွဲမှုအတိုင်းအတာနှင့်ပတ်သက်ပြီး ပါလီမန်က မေးမြန်းသည်ကို စာဖြင့်ဖြေကြားရာတွင် စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနှင့်ပတ်သက်ပြီး ASEAN သည် ခိုင်မာရှေ့နောက် ညီညွတ်သော ချဉ်းကပ်မှုဖြင့် ဆောင်ရွက်နေကြောင်းလည်း သူပြောသည်။
ဘုံသဘောတူညီချက် ၅ ချက်ကို ASEAN ခေါင်းဆောင်များက ဖေါ်ထုတ်ပြီး ၂၀၂၁ ခုနှစ် ဧပြီလ ၄ ရက်နေ့က ဂျကာတာတွင် ကျင်းပသည့် အစည်းအဝေးတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က သဘောတူခဲ့ကြောင်း သူ ဆက်လက်ရေးသားသည်။
သို့သော် ထိုဘုံသဘောတူညီချက်များကို အကောင်အထည်ဖေါ်ရာတွင်တိုးတက်မှု အကန့်အသတ်ရှိနေသောကြောင့် ASEAN ဝန်ကြီးများ အကြီးအကျယ်စိတ်ပျက်ကြောင်း သူဆက်လက်ရေးသားသည်။
ထို့ကြောင့် ASEAN ခေါင်းဆောင်များသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက ကျင်းပသည့် ASEAN ထိပ်သီးဆွေးနွေးပွဲတွင် ဘုံသဘောတူညီချက် ၅ ချက်ကို ထပ်လောင်းအတည်ပြုကာ မြန်မာစစ်ကောင်စီကို ပြတ်သားသော သတင်းစကားပေးပို့ရေးအတွက် အစီအမံများကို သဘောတူခဲ့ကြောင်း သူပြောသည်။
ဘုံသဘောတူညီချက် ၅ ချက်မှာ အကြမ်းဖက်မှု ရပ်စဲရေး၊ သက်ဆိုင်သူအားလုံး အပြုသဘော ဆွေးနွေးပွဲ ကျင်းပရေး၊ ASEAN ကမြန်မာကို လူသားချင်းစာနာမှုအကူအညီပေးရေး၊ ASEAN အထူးသံတမန်ခန့်အပ်ပြီး ဆွေးနွေးပွဲများကျင်းပစေရေးနှင့် အထူးသံတမန်ကို မြန်မာသို့သွားရောက်ခွင့်ပေးရေးတို့ဖြစ်သည်။
You may also like these stories:
မြန်မာအကျပ်အတည်း အပြောင်းအလဲဖြစ်စေနိုင်သည့် အရာ ၂ ခု
People of the Year 2022 သို့မဟုတ် ၂၀၂၂ ခုနှစ်ထဲက ထင်ရှားသူများ
မြန်မာကို အာဆီယံ လတ်တလောအတိုင်း ဆက်ထားဦးမည်
အင်ဒိုနီးရှား ဖွဲ့စည်းပုံအခြေခံ ဥပဒေတရားရုံးကို အားလုံးစောင့်ကြည့်နေပြီ