မန္တလေးတိုင်း၊ တောင်သမန်ရှိ နိုင်ငံတကာအသိအမှတ်ပြု ကျောက်ခေတ်နှောင်းပိုင်း အမွေအနှစ်နေရာကို စစ်ကောင်စီ အာဏာပိုင်များက လွန်ခဲ့သောသီတင်းပတ်တွင် မြေတူးစက်များဖြင့် ဖျက်ဆီးလိုက်ပြီး ထိုကျောက်အကျိုးအပဲ့များကို လမ်းခင်းရန်အတွက် အသုံးပြုလိုက်သည်။
မြေတူးစက်များဖြင့် ဖျက်ဆီးခံရပြီးနောက် တခုတည်းသော ကျန်ရစ်သည့်အရာမှာ တစိတ်တပိုင်း ပျက်စီးနေသည့် ကျောက်စာတိုင်ဖြစ်ပြီး “၁၉၇၁ ခု၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် ရှေးဟောင်းသုတေသန ဦးစီးဌာန သုတေသနဝန်ထောက် ဦးစိန်မောင်ဦးနှင့် မန္တလေးမြို့၊ ရှေးဟောင်းသုတေသနရုံး ဝန်ထမ်းများအဖွဲ့မှ ကျောက်ခေတ်ယဉ်ကျေးမှု အထောက်အထားများ တူးဖော်သည့်နေရာ ဖြစ်ပါသည်” ဟု ရေးသားထားသည်။
မြန်မာ့သမိုင်းကို နားလည်ရေးအတွက် လွန်စွာအရေးပါသည့် နေရာတခုတွင် လမ်းဖောက်လုပ်ရန် စစ်ကောင်စီ၏ ဆုံးဖြတ်ချက်ကြောင့် ရှေးဟောင်းသုတေသန အသိုက်အဝန်းတွင် တုန်လှုပ်မှုများနှင့် ပြင်းထန်သော ဝေဖန်မှုများကို ဖြစ်စေသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အငြိမ်းစားအရာရှိတဦးက “တောင်သမန်ဆိုတာ သမိုင်းခေတ်တခုကို ဖော်ပြတဲ့ ရှေးဟောင်းသုတေသန နယ်မြေဖြစ်တယ်။ ထိပ်တန်းအရာရှိတွေဆီက အမိန့်မရဘဲ ဒီနေရာကို မြေတူးစက်နဲ့ ဖျက်ဆီးတာ မဟုတ်နိုင်ဘူး။ အစိုးရရဲ့ ဒီလိုစီမံကိန်းတွေနဲ့ ပတ်သက်ပြီး ရှေးဟောင်းသုတေသန ဌာနက နှုတ်ဆိတ်နေပုံရတယ်။ ဒီနေ့ တနိုင်ငံလုံးမှာ ဒီလိုဖြစ်ရပ်တွေ ဖြစ်နေတယ်။ မြင်ရတာ ဒေါသထွက်စရာ ကောင်းတယ်” ဟုပြောသည်။
ရှေးဟောင်းသုတေသန နယ်မြေများတွင် အကောင်အထည်ဖော်မည့် စီမံကိန်းများနှင့် ပတ်သက်ပြီး ကုမ္ပဏီများသည် ရှေးဟောင်းသုတေသနဌာနနှင့် တိုင်ပင်ဆွေးနွေးရန် ဥပဒေအရ လိုအပ်သော်လည်း ဆောက်လုပ်ရေး လုပ်ငန်းများသည် ထိုဥပဒေကို လျစ်လျူရှုကာ စိတ်တိုင်းကျလုပ်နေကြောင်း ၎င်းက ဆက်ပြောသည်။
ကျောက်လက်နက်များ အသုံးပြုနေသည့် တောင်သမန်ယဉ်ကျေးမှု လူ့အဖွဲ့အစည်း နေထိုင်ရာဒေသ ဖြစ်သည်ဟု ရှေးဟောင်း သုတေသနဌာနက သတ်မှတ်ထားသည့် ထိုနေရာကို ပျံလွန်တော်မူသွားသည့် တောင်လေးလုံးဆရာတော်က ၁၉၆၇ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ဆရာတော်၏ ကလောင်အမည်မှာ ကိုပညာ (အမရပူရ) ဖြစ်သည်။
ကိုပညာ (အမရပူရ) သည် မြန်မာ့ယဉ်ကျေးမှုနှင့် သမိုင်းလေ့လာမှုများအတွက် ကျော်ကြားသူဖြစ်သည်။
ထို့ကြောင့် ထိုနေရာကို ရှေးဟောင်းသုတေသနဌာနက တူးဖော်ပြီး ကျောက်များ၊ အရိုးများဖြင့် ပြုလုပ်ထားသော လက်နက်မျိုးစုံ ရှာဖွေတွေ့ရှိခဲ့သည်။
ထိုနေရာမှ သံလက်နက်များကိုလည်း တွေ့ရှိသောကြောင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က အသိအမှတ်ပြုထားသည့် ရှေးဟောင်းပျူမြို့ကြီး သုံးမြို့အနက် တခုဖြစ်သော ဗိဿနိုးနှင့် နှိုင်းယှဉ်နိုင်သည်။ ဗိဿနိုးတွင် သံခေတ်အစောပိုင်းက လက်နက်များကို ရှာဖွေတွေ့ရှိခဲ့သည်။ တောင်သမန်တွင် ကျောက်ခေတ်နှောင်းပိုင်းမှ သံခေတ်အစောပိုင်း (ခရစ်တော်မပေါ်မီ ပထမထောင်စုနှစ်လယ်) အထိ လူနေထိုင်မှုရှိသည်။
အရေးပါသော ရှေးဟောင်းသုတေသန နယ်မြေတခုတွင် လမ်းဖောက်လုပ်ခြင်းသည် စစ်ကောင်စီက ယခင်ကျူးလွန်ခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ် ဖျက်ဆီးသော လုပ်ရပ်များနှင့် ကိုက်ညီသည်။
စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်း၊ ရွေဘိုမြို့နယ်ရှိ UNESCO အမွေအနှစ်စာရင်းဝင် ဟန်လင်းရှေးဟောင်း သုတေသန နယ်မြေမှ နေအိမ်များကို မီးရှို့ဖျက်ဆီးသည်။ စစ်ကောင်စီတပ်သည် UNESCO အမွေအနှစ်စာရင်းဝင်ရန် ပြင်ဆင်နေသော ရခိုင်ဘုရင့်နိုင်ငံတော် မြို့တော် ရခိုင်ပြည်နယ်မှ မြောက်ဦးကို အမြောက်ဖြင့် ပစ်သည်။
မြန်မာမှ ယခင်စစ်အုပ်စုများသည်လည်း ထိုသို့ ယဉ်ကျေးမှုအမွေအနှစ် ဖျက်ဆီးရာတွင် အလားတူပင်ဖြစ်ပြီး စစ်ကိုင်းတိုင်းမှ ကျောက်ခေတ်လူသား၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိခဲ့သည့် ချောင်းဦးမြို့နယ်မှ နေရာတခုတွင် ရေကာတာ တည်ဆောက်ခဲ့ပြီး နိုင်ငံတကာခရီးသည်များ လာရောက်ရာ ပုဂံ UNESCO အမွေအနှစ် ဒေသမှ ရှေးဟောင်း ဘုရားကျောင်းကန်များ ပြန်လည် ပြုပြင်မွမ်းမံရေးတွင်လည်း ပျက်စီးမှု အများအပြားကို ဖြစ်စေခဲ့သည်။
You may also like these stories:
ငလျင်ကြောင့် မင်းကွန်း ခြင်္သေ့ကြီး၊ မယ်နုအုတ်ကျောင်းနှင့် စေတီအချို့ ပျက်စီး
ရှေးဟောင်းပစ္စည်းများ တူးနေသည့် ဟန်လင်းဇုန်အနီး စစ်ကောင်စီတပ် ချထား
ပုဂံမှ ရှားပါးကျောက်ဆစ်လက်ရာ ခိုးယူသူများကို ဖမ်းဆီးစစ်ဆေးနေ
ဟန်လင်းကမ္ဘာ့အမွေအနှစ်ဇုန်အတွင်း ရှေးဟောင်းပစ္စည်း မတူးဖို့ PDF သတိပေး
မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး အဆိုပြုလွှာမူကြမ်း ထပ်တင်