မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် စွပ်စွဲဖမ်းဆီးထားသော လက်နက်ပွဲစား ဦးထွန်းမင်းလတ်ထံမှ ထိုင်းအစိုးရက သိမ်းဆည်းရမိသော ပိုင်ဆိုင်မှုပစ္စည်းများထဲတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားသမီးများဖြစ်သော ဦးအောင်ပြည့်စုံ နှင့် ဒေါ်ခင်သီရိသက်မွန်တို့၏ ပိုင်ဆိုင်မှုပါဝင်ကြောင်း Justice For Myanmar က ယနေ့ ထုတ်ပြန်သည်။
ထိုပိုင်ဆိုင်မှုများထဲတွင် ဦးအောင်ပြည့်စုံ ပိုင်ဆိုင်သော အဆင့်မြင့်ဇိမ်ခံ Belle Rama 9 ကွန်ဒိုရှိ အခန်းတခန်းနှင့် ဒေါ်ခင်သီရိသက်မွန် အမည်ဖြင့် ဖွင့်လှစ်ထားသော Siam Commercial Bank (SCB) ဘဏ်စာရင်းစာအုပ်များ ပါဝင်သည်ဟု စစ်တပ်၏ မတရားမှုများနှင့် တရားမဝင် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေမှုများ စုံစမ်းဖော်ထုတ်နေသော အဖွဲ့က အစီရင်ခံသည်။
ဘန်ကောက်မြို့လည်ရှိ Belle Rama 9 ကွန်ဒိုတွင်ရှိသော တခြားပုံစံတူကွန်ဒိုခန်း၏ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး တန်ကြေးရှိသည်။
ဦးထွန်းမင်းလတ်ကို သူ၏ လုပ်ဖော်ကိုင်ဖက် သုံးဦးနှင့်အတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၁၇ ရက်နေ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လတ်တလောတွင် ၎င်းတို့ကို မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဖြင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် တရားစွဲဆိုထားသည်။
ဦးအောင်ပြည်စုံနှင့် ဒေါ်ခင်သီရိသက်မွန်တို့၏ ပိုင်ဆိုင်မှုများသည် ထိုသို့သော ရာဇဝတ်မှုများနှင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ ဦးထွန်းမင်းလတ်နှင့် ဆက်စပ်နေသော အထောက်အထားများရှိနေသော်လည်း ထိုင်းအာဏာပိုင်များက အဆိုပါပိုင်ဆိုင်မှုများကို သိမ်းယူထားခြင်းမရှိသေးကြောင်း Justice For Myanmar က ဆိုသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ၎င်း၏ သားသမီးနှစ်ဦးတို့ အမေရိကန်ပြည်ထောင်စု နှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူခံထားရသူများဖြစ်သည်။
“မင်းအောင်လှိုင် သားသမီးတွေရဲ့ ပိုင်ဆိုင်မှုတွေဟာ နိုင်ငံတကာ ရာဇဝတ်ကောင်ရဲ့ လက်ဝယ်ရှိနေတယ်ဆိုတဲ့အချက်က ထိုင်းအစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် အချက်ပေးခေါင်းလောင်းထိုးသံ ဖြစ်သင့်ပါတယ်။ ထိုင်းအာဏာပိုင်တွေအနေနဲ့ အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး၊ ထွန်းမင်းလတ် စွဲဆိုခံထားရတဲ့ ငွေကြေးခဝါချမှုနဲ့ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုတွေကနေ အကျိုးအမြတ်တွေ ရရှိခဲ့ခြင် းရှိမရှိကို စုံစမ်းစစ်ဆေးဖို့၊ ထိုင်းဥပဒေချိုးဖောက်မှု တစုံတရာတွေ့ရှိရင် သူတို့ကို တရားစွဲဆိုဖို့ တိုက်တွန်းတောင်းဆိုပါတယ်”ဟု Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။
မြန်မာစစ်အုပ်စုအနေဖြင့် မြန်မာပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးများ ဆက်လုပ်နေချိန်တွင် စစ်အုပ်စု အဖွဲ့ဝင်များ၏ မိသားစုများသည် စစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများမှ ရရှိသော အကျိုးအမြတ်များကို နိုင်ငံပြင်ပ၌ ဖုံးကွယ်ရန် ကြိုးစားနေကြကြောင်း ၎င်းက ဆိုသည်။
အမျိုးသားညီညွှတ်ရေးအစိုးရ NUG ၏ ထုတ်ပြန်သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သူ၏ မိသားစုနှင့်ပတ်သက်သော ကုမ္ပဏီများ စာရင်းထဲတွင် A & M မဟာ အစားအစာနှင့်ဆေးဝါးထုတ်ကုန် ကုမ္ပဏီ၊ Sky One ဆောက်လုပ်ရေး ကုမ္ပဏီ၊ Seventh Sense ကုမ္ပဏီလီမိတက်၊ ရုပ်ရှင်ထုတ်လုပ်ရေးနှင့်ဖျော်ဖြေရေး၊ Stellar Seven ဖျော်ဖြေရေး ကုမ္ပဏီလီမိတက်၊ Azura Beach Resort ချောင်းသာ၊ အောင်မြင့်မိုမင်း အာမခံ ကုမ္ပဏီ၊ မိုင်တဲ ဆက်သွယ်ရေး ကုမ္ပဏီ၊ ကန်သာယာဆေးရုံ၊ Pullman ဟိုတယ်(မန္တလေး)၊ မိုးကောင်းရတနာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဆေးရုံ အစရှိသော လုပ်ငန်းပေါင်းများစွာရှိနေသည်။
ထို့အပြင် စစ်ခေါင်းဆောင်မိသားစုသည် စစ်အာဏာသိမ်းပြီးနောက်တွင်လည်း ပြည်ပမှ စက်သုံးဆီတင်သွင်းခြင်း၊ ATOM ဆက်သွယ်ရေးကုမ္ပဏီ (ယခင်က တယ်လီနော)၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်း နှင့် အခြားသော စီမံကိန်းတချို့တို့ကိုလည်း လုပ်ကိုင်ခွင့် နှင့် ရင်းနှီးမြှုပ်နှံမှုခွင့်များရရှိထားပြီး ပါဝင်ပတ်သက်နေကြောင်းကို ဧရာဝတီသတင်းဌာနက ထုတ်ဖော်ရေးသားထားပြီးဖြစ်သည်။
မရတနာမောင်က ” အစိုးရတွေအနေနဲ့ မြန်မာစစ်တပ်ဟာ နိုင်ငံကနေ ခိုးယူထားတဲ့ ခိုးရာပါတွေကို လွှဲပြောင်းနေတာကို အရေးတကြီး ပိတ်ပင်တားမြစ်ရပါမယ်။ စစ်အုပ်စုနဲ့ သူတို့မိသားစုဝင်တွေ နိုင်ငံတကာငွေကြေးစနစ်ကို အသုံးပြုခွင့်ကိုလည်း အရေးတကြီး ပိတ်ပင်ရပါမယ်။ ဒီလိုမလုပ်ဆောင်ဘူးဆိုရင် စစ်အုပ်စုရဲ့နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ အကျင့်ပျက်ခြစားမှုတွေမှာ ကြံရာပါပတ်သက်နေတဲ့ အန္တရာယ်ရှိနေမှာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။
You may also like these stories:
လက်နက်ပွဲစား ဒေါက်တာထွန်းမင်းလတ် ပိုင်ဆိုင်မှုများ ထိုင်းအစိုးရ သိမ်း
ခရိုနီ ထွန်းမင်းလတ်ကို ထိုင်းက မူးယစ်မှောင်ခိုမှုဖြင့် တရားစွဲ
ခရိုနီထွန်းမင်းလတ်၏ စီးပွားဖက် ထိုင်းအမတ်ကို ဖမ်းဝရမ်း ပြန်ရုပ်
တိုင်းပြည်ပျက်လည်း စစ်ခေါင်းဆောင်မိသားစု စီးပွားရေးချဲ့ထွင်နေ
စစ်ခေါင်းဆောင် မိသားစု၏ ရှေ့ထွက်မင်းသား ဦးမောင်မောင်နိုင်