ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်အား မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)အပြင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)ဖြင့်ပါ စစ်ကောင်စီက အမှုဖွင့် တရားစွဲထားကြောင်း မိသားစုဝင်တဦးက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်နေ့ကတည်းက ဖမ်းခံထားရသည့် ဒေါက်တာခလမ်ဆွမ်ဆွန်နှင့်ပတ်သက်၍ ယနေ့ မြစ်ကြီးနား ထောင်တွင်း အထူးတရားရုံး၌ ရမန်ရယူကာ လာမည့် ဇန်နဝါရီ ၁၃ ရက်တွင် ရုံးထုတ်စစ်ဆေးမည်ဟု သိရသည်။
မိသားစုဝင်တဦးက “ထောင်မှာပဲ ရမန်ကြီးယူတယ်၊ ၁၃ ရက်နေ့မှာ ရုံးထုတ်မယ်၊ ဒါပေမယ့် ထောင်မှာပဲ ဖြစ်ဖို့များတယ်။ လူချင်းတွေ့ခွင့် မရသေးဘူး။ ဖြတ်လျှောက်တုန်း အဝေးက မှုန်ပြပြလေး လက်ပြနှုတ်ဆက်ခွင့် ရလိုက်တယ်” ဟု ပြော သည်။
ပြည်ပတွင် ဆေးကုသရန် သွားရောက်မည့် ဒေါက်တာခလမ်ဆမ်ဆွန်ကို ဒီဇင်ဘာ ၅ရက်က မိတ်ဆွေနှစ်ဦးနှင့်အတူ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ စစ်ကောင်စီက ဖမ်းခဲ့ခြင်းဖြစ်သည်။
KBC ဥက္ကဌဟောင်းဖြစ်သလို လက်ရှိ KBC အထူးအကြံပေးပုဂ္ဂိုလ် အမှုတော်ဆောင် ဒေါက်တာ ခလမ်ဆမ်ဆွန်၏ ဟော ပြောချက်များနှင့် ပတ်သက်၍ စစ်ကောင်စီက မကြိုက်ကြောင်း၊ ဂုဏ်သိက္ခာကျစေသည်ဟုဆိုကာ ပြောဆိုမှု ရှိနေကြောင်း သိရသည်။
သို့သော် ယခုလို ပုဒ်မနှစ်ခုဖွင့်ကာ တရားစွဲဆိုခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းစွာ မသိရ သေးပေ။
မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)သည် ၃ နှစ်အထိ ထောင်ဒဏ်ချမှတ်ခံရနိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ် ခံရနိုင်သည့် ပုဒ်မဖြစ်ပြီး ပုဒ်မ ၅၀၅ (က) မှာ အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်ထိ ကျခံနိုင်သည်။
ဖမ်းထားသည်မှာ တလကျော်ပြီဖြစ်သော်လည်း ယခုအချိန်အထိ မိသားစုနှင့် တွေ့ဆုံခွင့်မရသေးသည့်အတွက် ဒေါက်တာ ခလမ်ဆမ်ဆွန်၏ ကျန်းမာရေးနှင့်ပတ်သက်၍ စိုးရိမ်လျက်ရှိနေကြောင်းနှင့် အမြန်ဆုံးပြန်လွတ်ပေးစေချင်ကြောင်း မိသားစုဝင်များက ပြောသည်။
မိသားစုဝင်တဦးက “ ဒီကိစ္စမှာ စနစ်တကျနဲ့ ငြင်ငြင်သာသာလေး ဓမ္မဘက်က နိုင်ဖို့ပါ၊ သူ့ကို အမြန်ဆုံးပြန်လွတ်စေချင် ပါတယ်။ အသက်ရနေပြီဖြစ်လို့ သူ့ကိုထောင်ထဲမှာမြင်ရတာ စိတ်မသက်သာလှဘူး” ဟု ပြောသည်။
ယခုကဲ့သို့ ဒေါက်တာခလမ်ဆမ်ဆွန်အား ဖမ်းဆီးထားခြင်းနှင့်ပတ်သက်ပြီး လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးနှင့် လူသားချင်း စာနာထောက်ထားမှုအား အလေးထားကာ အမြန်ဆုံးပြန်လွတ်ပေးရန် ကချင်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းများက ဒီဇင်ဘာ ၂၇ ရက်နေ့က ကြေညာ ချက်ထုတ်ပြန်တောင်းဆိုထားပြီး ၎င်း၏ကျန်းမာရေးအတွက်လည်း အလွန်စိုးရိမ် ကြောင်း ဖော်ပြထားသည်။
ယင်းအပြင် လူသားအကျိုးပြုလုပ်ငန်းများ အစဉ်တစိုက်လုပ်ဆောင်နေပြီး အများပြည်သူ ယုံကြည်လေးစားသည့် ခေါင်းဆောင်တဦးအား ယခုကဲ့သို့ ဖမ်းဆီးချုပ်နှောင်ထားခြင်းသည် နိုင်ငံတော်တည်ဆောက်ရေးနှင့် သဟဇာတဖြစ်ရေး လုပ်ငန်းစဉ်များအတွက် များစွာနှောင့်နှေးပြီး ဆုံးရှုံးမှုများဖြစ်စေကြောင်းလည်း အရပ်ဖက်အဖွဲ့အစည်းများက ပြောထား သည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကလည်း စစ်တပ်မှ လူနည်းစုတိုင်းရင်းသားများအပေါ် ဘာသာရေး လွတ်လပ်ခွင့် ဖိနှိပ်မှုများနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံစဉ် ဒေါက်တာ ခလမ်ဆမ်ဆွန်က တင်ပြပြောဆိုခဲ့သည့်အပေါ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးသန်းထိုက်က တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ဖူးပြီး နောက်ပိုင်းတွင် အာဏာသိမ်းစစ်ခေါင်းဆောင်၏ နှုတ်မိန့်ဖြင့် အမှုအား ပြန်လည်ရုတ်သိမ်းခဲ့သည်။
You may also like these stories :
ဒေါက်တာ ခလမ်ဆမ်ဆွန် မတရားအသင်း ဆက်သွယ်မှုဖြင့် တရားစွဲခံရ
ဒေါက်တာ ခလမ်ဆမ်ဆွန် အား ဆက်သွယ်ခွင့်မရ၍ မိသားစုများ စိုးရိမ်နေ
KIA နှင့် စစ်ရေးတင်းမာနေချိန် မြောက်ပိုင်းတိုင်းတွင် ဖျော်ဖြေပွဲဖြင့် စိတ်ဓာတ်မြှင့်တင်