ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းလုပ်ကွက်ကုမ္ပဏီများအား အာဏာသိမ်း စစ်ကောင်စီက ငွေညှစ်ခြင်း၊ ငွေမပေးပါက ကုမ္ပဏီတာဝန်ရှိသူများအား ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီက ဖားကန့်ဒေသတွင်းရှိ ကျောက်စိမ်းလုပ်ကွက်များအား တားမြစ်ပိတ်ပင်ကြောင်းကို ပြီးခဲ့သည့် ၂၀၂၂ ဧပြီ ၁ ရက်ကတည်းက ထုတ်ပြန်ထားခြင်း ဖြစ်သော်လည်း မြေပြင်တွင်မူ စစ်ကောင်စီ လက်အောက်ခံ တပ်မ ၃၃ က အခကြွေးငွေယူပြီး ညဘက်များ၌ ကျောက်စိမ်းတူးဖော်ခြင်းကို ခွင့်ပြုထားခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ထိုသို့ အခကြွေးငွေ ယူခြင်းအပြင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းမှ စတင်ပြီး လုံးခင်းဒေသရှိ မှော်ဆီဇာ၊ ကုဋေ၊ ဝှေခါမှော် စသည့် ကျောက်မျက်လုပ်ကွက်များအတွင်း စစ်ကောင်စီ တပ်သားများက ဝင်ရောက်ကာ အတင်းအဓမ္မ ငွေကြေးတောင်းခြင်းများနှင့် ဖမ်းဆီးခြင်းများကို ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
ဖားကန့်ဒေသခံတဦးက “အနန့်ပါကိစ္စ မဖြစ်ခင်မှာတော့ KIO ဘက်က စည်းစနစ်ကျစွာနဲ့ သက်တမ်းကုန်သွားတဲ့ ဧရိယာတွေ သတ်မှတ်ပေးပြီး လုပ်ကွက်ချပေးတယ်။ အခွန်ဆောင်ပေးတယ်။ ၁ ပေကို ကျပ် ၁ သောင်းနှုန်းနဲ့ ၁ နှစ်ဆို ဘယ်လောက်ဆိုပြီး လုပ်ပေးတယ်။ အခုနောက်ပိုင်းကျ KIO ရဲ့ ထိန်းချုပ်မှုက နည်းလာပြီးတော့ စစ်ကောင်စီက အတင်းအဓမ္မ လုပ်ကွက်တွေထဲ ဝင်တယ်။ ပြီးရင် ကားတွေ၊ ဘက်ဟိုးတွေကို မီးရှို့တယ်။ သူတို့ လိုချင်တာ မွှေနှောက် ရှာဖွေတယ်။ လူတွေကို ဖမ်းဆီးတယ်။ အဲကျတော့ လောပန် (သူဌေး) တွေက သူတို့ ဗျူဟာကုန်း တပ်မ ၃၃ ကို သွားပြီးတော့ အခွန်ဆောင်တာတွေ ရှိတယ်။ အခွန်ပမာဏက မသိရပေမယ့် များတယ်” ဟု ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ဩဂုတ်လအတွင်းက မြန်မာသူရကျောက်စိမ်း ကုမ္ပဏီပိုင်ရှင် ဦးကျော်သူရကို ဖမ်းဆီးပြီးနောက်ပိုင်း စစ်ကောင်စီက ထိုသို့ လုပ်ဆောင်လာခြင်း ဖြစ်သလို ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များအား ငွေကြေးထောက်ပံ့မှုများ ပြုလုပ်နေသည် ဟူသော စွပ်စွဲချက်များဖြင့်လည်း ကုမ္ပဏီများထံ ငွေကြေး ပိုမိုကောက်ခံခြင်းများ ပြုလုပ်လာခြင်းလည်း ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။
လက်ရှိတွင် ကုမ္ပဏီများ အနေဖြင့် ကျပ်သိန်းရာချီမှ ကျပ်သိန်းထောင်နှင့်ချီ၍ ပေးရသည်များ ရှိနေသလို တချို့ လုပ်ငန်းရှင်များကလည်း လုပ်ကွက်များအတွင်း စက်ယန္တရားများ ရပ်ထားကာ ရှောင်တိမ်းနေရသည်များလည်း ရှိနေ ကြောင်း သိရသည်။
ထို့ပြင် ညအချိန်၌သာ ကျောက်များတူးဖော်ရမည်ဟု စစ်ကောင်စီက သတ်မှတ်ထားသည့်အတိုင်း ပြုလုပ်နေသော် လည်း ၎င်းတို့ တပ်စွဲထားရာ ဗျူဟာကုန်းမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိရာ လုပ်ကွက်များအတွင်း ကျရောက်မှုကြောင့် လူသေဆုံးမှုများလည်း နေ့စဉ်နှင့်အမျှ ရှိနေကြောင်း၊ ယင်းလုပ်ကွက်များအပေါ် မှီခိုလုပ်ကိုင်စား သောက်နေရသူများအတွက် အတော်လေး ခက်ခဲကျပ်တည်းပြီး လုံခြုံမှုလည်း ကင်းမဲ့နေကြောင်း ဒေသခံတဦးက ပြောသည်။
အခြားသော ဖားကန့်ဒေသခံတဦးကလည်း “ဒီက လုပ်ငန်းရှင်တွေကတော့ အခု တပ်ကို သွားပြီးညှိနှိုင်းတယ်။ ငွေတွေ ပေးတာ ရှိတယ်။ နတ်တင်တယ်ပေါ့။ ဒါပေမဲ့လည်း စစ်ကောင်စီတွေက လုပ်ကွက်ထဲ ဝင်တယ်။ အဆောင်မှာ ရှိတဲ့သူ တွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ပြီးရင် အဲဒီမှာရှိတဲ့ ကားတွေ၊ ဘက်ဟိုးတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်တယ်” ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း စစ်ကောင်စီတပ်များသည် ဖားကန့်၊ လုံးခင်းဒေသ မှော်ဆီဆာကျောက်စိမ်း လုပ်ကွက်များအတွင်း တာဝန်ခံများနှင့် ကုမ္ပဏီလုပ်သားများကို ဝင်ရောက် ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ပြီး မြေသယ် ကား ၂ စီးကိုလည်း မီးရှို့ခဲ့သေးသည်။
ယင်းအခြေအနေများကြောင့် လက်ရှိတွင် ဖားကန့်ဒေသ၌ အလုပ်လက်မဲ့များ ပိုများလာသလို စစ်ကောင်စီက ဖားကန့် ဒေသအတွင်းသို့ ဆန်၊ ဆီ၊ ဆေးဝါး စသည့် အခြေခံစားကုန်များကို တင်သွင်းမှု ပိတ်ထားသောကြောင့် ဒေသခံများ စားဝတ်နေရေး ကျပ်တည်းနေပြီး အခက်အခဲ ဖြစ်နေကြရကြာင်း ဒေသခံများထံမှ သိရသည်။
You may also like these stories:
ဖားကန့်၌ ရွာမြေများအထိ ကျောက်စိမ်းတူးကြ၍ ပြောင်းရွှေ့ရမည့် အခြေအနေကြုံ
ဖားကန့်မှာ ကျောက်စိမ်းတူးဖော်ခွင့် စစ်ကောင်စီ ဘာကြောင့် ပိတ်သလဲ
ဖားကန့်တွင် စက်သုံးဆီ သယ်ယူခွင့်ပိတ်ထား၍ ဆီပြတ်လပ်မှုဖြစ်
အနန့်ပါ ဗုံးကြဲခံရမှု နောက်ဆက်တွဲဖြစ်စဉ်များကို UWSA သတိထားစောင့်ကြည့်နေ