မြန်မာအကျပ်အတည်းကို အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) က ကိုင်တွယ်ရေး ဦးဆောင်ရန် အင်ဒိုနီးရှားက ထူထောင်မည့်ရုံးကို ဦးဆောင်မည်ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စ ရက်နို မာဆူဒီက ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပြောကြားလိုက်သည်။
အင်ဒိုနီးရှားသည် ယခုနှစ်တွင် ASEAN အလှည့်ကျဥက္ကဋ္ဌ ဖြစ်သည်။
အထူးသံတမန်ရုံးသစ် အကြီးအကဲအနေဖြင့် မြန်မာမှ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံမည်ဖြစ်ကြောင်း မစ္စ မာဆူဒီက ပြောကြားပြီး မြန်မာနိုင်ငံကို ထိခိုက်နစ်နာစေသည့် အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် အမျိုးသားဆွေးနွေးပွဲ ကျင်းပရေးသည် အရေးကြီးကြောင်း ၎င်းကမှတ်ချက်ချသည်။
နေပြည်တော်ရှိ စစ်ကောင်စီသည် ယခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ထားသည်
“ASEAN အတွင်းရေးမှူးချုပ်ကို သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံခွင့်ပေးဖို့ အင်ဒိုနီးရှားက တောင်းဆိုတယ်” ဟု မစ္စ မာဆူဒီက ဂျကာတာတွင် ကျင်းပသည့် နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောကြားပြီး လူသားချင်းစာနာမှု အကူအညီ ခွင့်ပြုရန် မြန်မာအာဏာပိုင်များကို ပြောသည်။
“နိုင်ငံရေးအကျပ်အတည်းကနေ မြန်မာနိုင်ငံ ထွက်ပေါက်ရရေးအတွက် အင်ဒိုနီးရှားက အားထုတ်မှုအားလုံးကို လုပ်ဆောင်သွားမယ်” ဟု သူကပြောသည်။ မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၏ ဆောင်ရွက်ချက်များသည် နိုဝင်ဘာလက ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်တွင် ကျင်းပသည့် ASEAN ထိပ်သီး ဆွေးနွေးပွဲဆုံးဖြတ်ချက်များနှင့် ASEAN ခေါင်းဆောင်များ အစောပိုင်းက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ချက်အတိုင်း လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း မစ္စ မာဆူဒီက ပြောသည်။ ထို ဘုံသဘော တူညီချက်များကို မြန်မာစစ်အုပ်စုက အကောင်အထည်ဖော်ရာတွင် တိုးတက်မှု မရှိသောကြောင့် ASEAN က စိတ်ပျက်နေကြောင်းလည်း ပြောသည်။
ဘုံသဘောတူညီချက် ၅ ချက်တွင် အကြမ်းဖက်မှုချက်ချင်း ရပ်ဆိုင်းရေး၊ သက်ဆိုင်သူအားလုံးအကြား အပြုသဘောဆောင်သော တွေ့ဆုံးဆွေးနွေးမှု ပြုလုပ်ရေးနှင့် မြန်မာသို့ ASEAN အထူးသံတမန် သွားရောက်ရေးတို့လည်း ပါဝင်သည်။
မြန်မာအကျပ်အတည်း ကိုင်တွယ်ရာတွင် ASEAN သည် ကုလသမဂ္ဂ အထူးသံတမန်နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း မစ္စ မာဆူဒီက ပြောသည်။
မြန်မာအကျပ်အတည်းကြောင့် ASEAN သည် “ဓားစာခံ” အဖြစ် မခံနိုင်ကြောင်း မစ္စ မာဆူဒီက အလေးထားပြောသည်။
မစ္စ မာဆူဒီ၏ မိန့်ခွန်းသည် အခြား အကြောင်းအရာများတွင်လည်း ပြတ်သားနေသည်။
ASEAN တွင် အကြီးဆုံးအဖွဲ့ဝင်ဖြစ်သော အင်ဒိုနီးရှားသည် ၎င်းတို့ ဥက္ကဋ္ဌတာဝန်ယူစဉ်အတွင်း “ဖွံ့ဖြိုးတိုးတက်မှု၏ ဗဟိုချက်” အဖြစ် ဂုဏ်ယူဝံ့ကြွားနိုင်စေရန် ရည်ရွယ်သည်။
အခြား အာရုံစိုက်မည့်အချက်တခုမှာ အင်ဒိုနီးရှားအနေဖြင့် ဒေသတွင်း အလားတူ အဖွဲ့အစည်းများနှင့် စားနပ်ရိက္ခာနှင့်စွမ်းအင်လုံခြုံရေး သာမက ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး၏ သုံးပုံတပုံသည် စီးပွားဆုတ်ကပ်နှင့် ရင်ဆိုင်ရမည်ဟု နိုင်ငံတကာငွေကြေး ရန်ပုံငွေ (IMF) အဖွဲ့က ခန့်မှန်းထားသောကြောင့် အခြားကိစ္စများကိုလည်း အာရုံစိုက်မည်ဖြစ်သည်ဟု မစ္စ မာဆူဒီက ပြောသည်။
အင်ဒိုနီးရှားသည် အင်ဒို-ပစိဖိတ်ဒေသတွင် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှု ထိန်းသိမ်းရေးအတွက်လည်း အာရုံစိုက်မည်ဖြစ်ပြီး ထိုကိစ္စသည် ASEAN စီးပွားရေး တိုးတက်မှုအတွက် အချက်အခြာဖြစ်မည်ဟု သူကပြောသည်။
ကမ္ဘာ့အင်အားကြီးနိုင်ငံများ အနေဖြင့် အင်ဒို-ပစိဖိတ်ဒေသကို လုံခြုံရေးအမြင်သက်သက်ဖြင့်သာ မမြင်သင့်ကြောင်းလည်း ၎င်းကပြောသည်။ ထိုသို့မြင်မည့်အစား စီးပွားရေးတိုးတက်မှုကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း ပြောသည်။
ထိုသို့ ပြောကြားလိုက်သောကြောင့် အင်ဒိုနီးရှားက ဥက္ကဋ္ဌတာဝန် ထမ်းဆောင်စဉ် ASEAN သည် အင်အားကြီး နိုင်ငံအားလုံးနှင့် ဆက်ဆံရေးမျှတအောင် ထိန်းသိမ်းထားမည့်သဘော ဆောင်သည်။
“နိုင်ငံအများအပြားမှာ အင်ဒို-ပစိဖိတ်နဲ့ပတ်သက်တဲ့ အယူအဆတွေရှိကြတယ်” ဟု သူပြောသည်။ “ဒါကြောင့်မို့လို့ အမျိုးမျိုးသော အယူအဆတွေဟာ အားပြိုင်မှုကို ပိုမိုမဆိုးရွားစေဘဲ ပူးပေါင်းဆောင်ရွက် အင်အားတိုးတက်ဖို့ လိုတယ်။ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေး အယူအဆဟာ အင်ဒို-ပစိဖိတ်နဲ့ပတ်သက်တဲ့ အင်ဒိုနီးရှားရဲ့ ချဉ်းကပ်ပုံဖြစ်တယ်” ဟုလည်း မစ္စ မာဆူဒီက ပြောသည်။
အင်ဒိုနီးရှားသည် ယခုနှစ် မေလနှင့် စက်တင်ဘာလတွင် ASEAN ထိပ်သီးဆွေးနွေးပွဲများကိုသာမက အရေးပါသော ASEAN-အင်ဒို-ပစိဖိတ် ဖိုရမ်တခုကိုလည်း ကျင်းပမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ကိုးကား ။ ။ Nikkei Asia သတင်း Indonesia to set up office of ASEAN special envoy on Myanmar
You may also like these stories:
ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရန် စစ်ကောင်စီကို အင်ဒိုနီးရှားနှင့် မလေးရှား တိုက်တွန်း
ASEAN ဥက္ကဋ္ဌ အပြောင်းအလဲနဲ့ မြန်မာ့မျှော်လင့်ခြင်း ၂၀၂၃
မြန်မာဗိုလ်ချုပ်တွေကို အင်ဒိုနီးရှားမှာ တရားစွဲနိုင်မလား
မြန်မာအကျပ်အတည်း အပြောင်းအလဲဖြစ်စေနိုင်သည့် အရာ ၂ ခု
အင်ဒိုနီးရှား ဘာကြောင့် အရေးပါသလဲ