စစ်ကောင်စီက အိန္ဒိယ- မြန်မာနယ်စပ်တွင် အခြေစိုက်ထားသည့် ချင်းအမျိုးသား တပ်ဦး (CNF) ဗဟိုဌာနချုပ်ကို ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်မှုတွင် ဆေးရုံတရုံလည်း ထိခိုက်ပျက်စီးသွားသော်လည်း လူအသေအပျောက် အထိအခိုက် မရှိကြောင်း သိရသည်။
CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ညနေ ၅ နာရီကနေ စ ကြဲတာ။ ဂျက် ၃ စီးနဲ့ပေါ့။ ၂ စီးပဲ ကြဲတယ်။ အရပ် ဘက်နေရာတွေကို ကြဲသွားတာပါ။ ဆေးရုံအဆောင်တချို့ ပျက်စီး မီးလောင်ပါတယ်။ အသေအပျောက် ထိခိုက်မှုတော့ မရှိပါဘူး” ဟု ပြောသည်။
ဇန်နဝါရီလ ၁၀ ရက် ညနေပိုင်းက ဗစ်တိုးရီးယားစခန်းကို ပထမအကြိမ် ဗုံးကြဲတိုက်ခိုက် ခဲ့ရာ CNF ရဲဘော် ၅ ဦး ကျဆုံးခဲ့သည်။
CNF နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးကလည်း CNF သည် စစ်ကောင်စီလေယာဉ်များ၏ ပထမအကြိမ် ဗုံးကြဲခံ ရပြီး နောက်တွင် ယခင်ကထက် လေကြောင်းရန် သတိထားခဲ့သဖြင့် လူသေပျောက်မှု မရှိခဲ့ကြောင်း၊ သို့သော်လည်း ဗုံးဒဏ်ကြောင့် CNF ဆေးရုံနှင့် လူနေလိုင်းခန်းအချို့ ပျက်စီးခဲ့ရကြောင်း ပြောသည်။
၎င်းက “အဆောက်အဦးတချို့ CNF ရဲဘော်တွေနေတာ မဟုတ်ဘဲ။ တခြား အရပ်သားတွေနေတဲ့ Family Line ပေါ့။ အဲဒီမှာ တလုံးကျတယ်။ အဲဒီမှာတော့ အဆောက်အဦး ၄ လုံး လုံးဝ ပျက်စီးသွားတယ်။ အပေါ်ဆေးရုံဘက်ကိုတော့ ၂ လုံးကျပါတယ်။ ပြင်ပလူနာဌာနက အဆောက်အဦးတွေ ထိခိုက်ပါတယ်။ လက်ရှိမှာဆိုရင်တော့ သုံးလို့ မရတော့ဘူး ပေါ့” ဟု ဆိုသည်။
လတ်တလောတွင် စစ်ကောင်စီလေတပ်၏ လေကြောင်း တိုက်ခိုက်မှုကို CNF တပ်ဖွဲ့ဝင်များက စိုးရိမ်ထိတ်လန့်မှု မရှိ သော်လည်း အရပ်သားများက စိုးရိမ်ထိတ်လန့်နေကြောင်း CNF နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးက ပြောသည်။
NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း CNF ဌာနချုပ်အား စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခြင်းသည် ဂုဏ်သိက္ခာမဲ့သည့် စစ်တပ်တခုအဖြစ် သက်သေပြနေသည့် လုပ်ရပ်သာ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက “အခုကတော့ စစ်ရေး ပစ်မှတ်မဟုတ်တဲ့ ဆေးပေးခန်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့တာပေါ့။ ရှေ့မှာ လည်း ကျောင်းသူ/ကျောင်းသား၊ ကလေးတွေ စာသင်နေတဲ့ နေရာကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တဲ့ လက်ယက် ကုန်းဖြစ်စဉ်လည်း ပေါ်ပေါက်ခဲ့တယ်။ ဘာသာမရွေးပေါ့။ ဘာသာရေးအဆောက်အအုံတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာ ရှိတယ်။ ဒါတွေအပြင် တချို့ရွာတွေမှာ အရပ်သားတွေကို လူသားဒိုင်းအနေနဲ့ တိုက်ခိုက်မှုရန်က ကာကွယ်ဖို့ လုပ်ခဲ့တဲ့ သက်သေများစွာ ရှိပါတယ်။ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ဟာ အစွန်းရောက် အဖွဲ့အစည်းဖြစ် တယ်ဆိုတာ သူတို့ရဲ့ လုပ်ရပ်တွေနဲ့ သက်သေပြနေတာပဲ ဖြစ်ပါတယ်” ဟု ဆိုသည်။
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကလည်း အိမ်းနီးချင်းနိုင်ငံ လေပိုင်နက်ကို အသုံးပြုကာ CNF ဌာနချုပ်အား ဗုံးကြဲသည့် စစ်ကောင်စီအပေါ် သက်ဆိုင်ရာနိုင်ငံများ ပြင်းထန်စွာ အရေးယူရန် ဇန်နဝါရီလ ၁၂ ရက်တွင် ကြေညာ ချက် ထုတ်ပြန် တိုက်တွန်းသည်။
စစ်ကောင်စီသည် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင်လည်း လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ ကြိမ်ဖန်များစွာပြုလုပ်ခဲ့ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်ကောင်စီတပ်၏လေကြောင်း တိုက်ခိုက်မှုများကြောင့် လူဦးရေ ၄၆၀ ကျော်ထိ သေဆုံးခဲ့ရပြီး စစ်ကောင်စီ၏ လေ ကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်နေမှုများအား ပြင်းထန်စွာ ရှုတ်ချကြောင်း NUG က ဆိုသည်။
မြန်မာနိုင်ငံ အခြေစိုက် စစ်ရေးလေ့လာသူများကလည်း စစ်ကောင်စီသည် ၎င်းတို့ကို တော်လှန်တိုက်နေသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များအား ခြေလျင်တပ်ဖြင့် မတိုက်ခိုက်နိုင်သဖြင့် လေကြောင်းတိုက်ခိုက်မှုများ သုံးကာ ဖိအားပေးနေခြင်း ဖြစ်ကြောင်း ပြောသည်။
စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုများ တိုးလုပ်နေသော်လည်း EAO များသည် စစ်ကောင်စီ၏ ဖိအားပေး မှုကို လက်မခံဘဲ ပြန်လည်တုံ့ပြန်သွားမည့် အခြေအနေရှိကြောင်း စစ်ရေးလေ့လာသူအချို့က ဆိုသည်။
စစ်ရေး လေ့လာသူတဦးက “လေကြောင်း တိုက်ခိုက်မှုတွေ လုပ်လာတာကို EAO တွေက နိုင်ငံရေးအရတော့ ပြင်းပြင်း ထန်ထန် ဆန့်ကျင်ကြမှာပဲ။ ဘာကြောင့်လဲဆိုတော့ တနှစ်တာ အပစ်အခတ်ရပ်စဲတယ်ဆိုပြီး တိုက်ပွဲဖြစ်တဲ့နေရာတွေ ကို ဗုံးလိုက်ကြဲနေတာကိုး။ ဒါကြောင့် နိုင်ငံရေးအရ ပိုပြီး အယုံအကြည် ရှိကြမှာ မဟုတ်ဘူး။ နောက်တခုက လေ ကြောင်း တိုက်ခိုက်မှုကို ကာကွယ်ဖို့ ပြင်ဆင်ကြမယ် ထင်ပါတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်ညကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါ (A Nang Pa) ကျေးရွာ၌ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဖွဲ့စည်းခြင်း ၆၂ နှစ်ပြည့် အထိမ်းအမှတ်ပွဲကျင်းပနေစဉ် စစ်ကောင်စီ တပ် တိုက်လေယာဉ်များ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် KIO/KIA အရာရှိများ၊ အနုပညာရှင်များအပါအဝင် အရပ်သား ပြည်သူ ၁၀၀ ကျော်သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူအများအပြားလည်း ရှိခဲ့သည်။
၎င်းက CNF သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အယုံအကြည် မရှိဘဲ နွေဦးတော်လှန်ရေးတွင် ပါဝင်လာသဖြင့် ယခုကဲ့သို့ စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်လာခြင်း ဖြစ်ကြောင်း ရှင်းပြသည်။
You may also like these stories:
အနန့်ပါ ဗုံးကြဲခံရမှု နောက်ဆက်တွဲဖြစ်စဉ်များကို UWSA သတိထားစောင့်ကြည့်နေ
အနန့်ပါက ပြည်သူတွေ သွားလာတဲ့ နေရာဖြစ်တယ် စစ်ရေးပစ်မှတ်မဟုတ်ဘူး
စစ်ကောင်စီ၏ ၂၀၂၂ အဆိုးရွားဆုံး အစုအပြုံလိုက် သတ်ဖြတ်မှုများ
စစ်ကောင်စီ ဗြောင်လိမ်တဲ့ လက်ယက်ကုန်းက ကလေးတွေ သတ်ဖြတ်မှု