စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲစာရင်း မှန်ကန်ရေး မြေပြင်လူဦးရေစာရင်းများ ကောက်ခံရာတွင် ဖိအားပေး ခြိမ်းခြောက်မှုများ ရှိနေကြောင်း လုပ်ငန်းစဉ်တွင် ပါဝင်နေရသည့် ပြည်သူများနှင့် ပရဟိတအဖွဲ့ဝင်များထံက သိရသည်။
မြေပြင်လူဦးရေစာရင်း ကောက်ယူမှုအား တနိုင်ငံလုံး အတိုင်းအတာဖြင့် ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အထိ ကောက်ယူ မည်ဟု ကြေညာထားပြီး မြေပြင်တွင် ကောက်ယူမှုများ စတင်နေပြီ ဖြစ်သည်။
စစ်ကောင်စီက ယခုကဲ့သို့ လူစာရင်းကောက်ခံရာတွင် လူထုအနေဖြင့် ပူးပေါင်းပါဝင်ရန်နှင့် ပါဝင်ခြင်းမရှိပါက မိမိတို့ ကိုယ်တိုင် တာဝန်သာဖြစ်သည်ဟု ခြိမ်းခြောက်မှုများလည်း ရှိနေကြောင်း စာရင်းကောက်ခံခဲ့ရသည့် ရန်ကုန်မြို့ခံတဦး က ပြောသည်။
“မကြာခင် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း၊ သန်းခေါင်စာရင်းတွေ ကောက်ခံတော့မယ်။ အဲဒီတော့ ပါဝင် ပူးပေါင်းပေးရမယ်။ အချက်အလက် တိတိကျကျနဲ့ ပူးပေါင်းပေးရမယ်ပေါ့။ ကလန်ကဆန်လုပ်မယ်ဆိုရင် ဖမ်းဆီး အရေးယူတာတွေပါ လုပ်မယ်ဆိုပြီး ပြောတာတွေ ပါပါတယ်” ဟု ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။
မန္တလေးတိုင်း၊ ပုသိမ်းကြီးမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်တွင်လည်း လူဦးရေစာရင်း ကောက်ခံမှုနှင့် ပတ်သက်ပြီး ရပ် ကွက်ရုံးသို့ အိမ်ထောင်စုစာရင်းများ လာရောက်ပေးပို့ရန်နှင့် ပေးပို့ခြင်းမရှိပါက နောက်ဆက်တွဲဖြစ်လာမည့် အကျိုး ဆက်များအား တာဝန်မယူနိုင်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ကြေညာထားသည်ဟု ဒေသခံတဦးက ပြော သည်။
၎င်းက “ကျနော်တို့ဆီမှာတော့ သူတို့က မြေပြင်ဆင်းပြီး စာရင်းကောက်တာ မဟုတ်ဘူး။ သူတို့ရုံးကို အိမ်ထောင်စု ဇယားတွေ မိတ္တူလာပေးပို့ဖို့ ကြေညာတာပေါ့။ မပေးရင် နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်ကို သူတို့လည်း တာဝန်မယူနိုင်ဘူးဆိုတဲ့ ပုံစံမျိုး ကြေညာတာရှိတယ်” ဟု ပြောသည်။
ပြည်သူများအနေဖြင့် ဖိအားပေးမှုများကြောင့် လူဦးရေစာရင်း ကောက်ယူရာတွင် ပါဝင်ခဲ့ရသော်လည်း စစ်ကောင်စီ ကျင်းပသည့် ရွေးကောက်ပွဲတွင် မဲပေးမည် မဟုတ်ကြောင်း အမည်မဖော်လိုသူ ပြည်သူတဦးက ပြောသည်။
၎င်းက “စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲမှာ မဲပေးမှာလားဆိုရင် ကျမကတော့ မပေးပါဘူး။ လုံးဝ စိတ်လည်း မဝင်စားပါဘူး။ ကျမတို့ ရွေးချယ်ထားပြီးသား အစိုးရတရပ်ရှိပြီးသားဖြစ်တဲ့အတွက် စစ်ကောင်စီလုပ်မယ့် ရွေး ကောက်ပွဲကို လုံးဝ လက်မခံနိုင်ပါဘူး” ဟု ပြောထားသည်။
ထိုသို့ စာရင်းကောက်ယူရာတွင် ပရဟိတအဖွဲ့များအား ရှေ့တန်းတင်ထားပြီး ဒေသအတွင်းရှိ စစ်တပ်၊ ရဲလုံခြုံရေးယူ ပေးကာ ကောက်ယူနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ရန်ကုန်အနောက်ပိုင်းခရိုင် အတွင်းရှိ ပရဟိတ အသင်းဝင်တဦးက “ဝင်မပါချင်ဘူး။ ရပ်/ကျေးကနေခေါ်ပြီး ပါဝင် ပူး ပေါင်းပေးဖို့ ပြောတယ်။ ဘယ်လိုမှ အဆင်မပြေဘူး။ ဒါနဲ့ ပတ်သက်ပြီး ဝင်မလုပ်ပေးရင် ဆိုးကျိုး ဘာဖြစ်လာမလဲ ကြည့်ရသေးတယ်။ အားလုံးက ကြားညှပ်နေတယ်။ လုပ်ကိုင်ရခက်နေတယ်။ အသင်းဦးဆောင်တဲ့ သူတွေရဲ့ အိမ် ထောင်စုစာရင်းတွေကို အကုန်ယူထားတာ။ ပြဿနာရှာမှာလည်း စိုးရိမ်ရတယ်” ဟု ပြောသည်။
ထိုသို့ လူဦးရေစာရင်း ကောက်ယူရာတွင် ဖိအားပေးမှုကြောင့် ပါဝင်နေရသည့် အခြားသော ပရဟိတအဖွဲ့ ဦးဆောင်သူ တဦးကလည်း ၎င်းတို့အနေဖြင့် ပရဟိတစိတ်ဖြင့်သာ ပါဝင်နေရသော်လည်း ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မည်သည့် တာဝန်မှ မယူရဲကြောင်းလည်း ပြောသည်။
၎င်းက “ကျနော်တို့က သူတို့နားမှာ နေနေရတာလေ၊ လူတွေက အကြောက်တရားနဲ့ကျတော့ လုပ်ပေးရတာပဲ၊ သူတို့ ခေါ်တာ မသွားရင် ပြဿနာက လာဦးမယ်” ဟု ပြောသည်။
ယင်းပြင် ပရဟိတအဖွဲ့များအနေဖြင့် ယခု လူဦးရေ စာရင်းကောက်ယူခြင်းသာမကဘဲ ရှေ့လျှောက်တွင်လည်း ၎င်းတို့ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် မဲရုံစောင့်ခိုင်းခြင်း၊ အရေးပေါ် ကယ်ဆယ်ရေး ဟုဆိုကာ မဲရုံစုရပ်များတွင် နေခိုင်းခြင်း များလည်း ကြုံတွေ့လာရနိုင်ကြောင်း ၎င်းက သုံးသပ်သည်။
အာဏာသိမ်း စစ်ခေါင်းဆောင်က ၎င်းတို့ ကျင်းပမည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ပါတီအား အာဏာလွှဲပေး မည်ဖြစ်ကြောင်း ပြောကြားထားပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တွန်အားပေး လုပ်ဆောင်လျက်ရှိသည်။
သို့သော် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲသည် အတုအယောင် ရွေးကောက်ပွဲသာဖြစ်ပြီး တရားမဝင်ကြောင်း နှင့် ပြည်သူလူထုမှလည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ခြင်းမပြုကြရန် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် တော်လှန်ရေး အင်အားစုများက တိုက်တွန်းနှိုးဆော် သတိပေးလျက်ရှိသည်။
တအိမ်တက်ဆင်း မြေပြင်လူဦးရေ စာရင်းကောက်ယူနိုင်ရေးအတွက် အားပေးအားမြှောက်ပြုဆောင်ရွက်ကြသည့် အကြမ်းဖက် စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များ၊ လဝက အဖွဲ့များနှင့် အခြားမည်သည့် ထောက်တိုင်မဆို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်းလည်း NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်ကလည်း တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်း လူဦးရေစာရင်း ကောက်ယူရာတွင် လုံခြုံရေး လိုက်ပါလာသည့် ဒုရဲအုပ်တဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့သည်။
ယမန်နေ့ ဇန်နဝါရီ ၁၂ ရက်ညပိုင်းအချိန်တွင်လည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ၅၈ လမ်းနှင့် ၁၂၃ လမ်းအနီး စ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖြင့် ဖောက်ခွဲခံခဲ့ရပြီး စစ်ကောင်စီ၏ ရွေးကောက်ပွဲဖြစ်မြောက်ရေး ကူညီနေသည့် အတွက် ထိုသို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ACID Army PDF- MDY က သတင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ဇန်နဝါရီ ၁၂ ရက်နေ့လယ်ပိုင်းတွင်လည်း မန္တလေး၊ ချမ်းမြသာစည်မြို့နယ်တွင် ရွေးကောက်ပွဲအတွက် လူဦးရေ စာရင်း ကောက်ယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဗုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း မန္တလေးပြောက်ကျား တပ်ဖွဲ့ STF- MDY ကထုတ်ပြန်ထားသည်။
ထို့အတူ ရန်ကုန်မြို့ရှိ မြို့နယ်တချို့တွင် ရွေးကောက်ပွဲအတွက် ကူညီလုပ်ဆောင်နေကြသည့် စစ်ကောင်စီခန့် အုပ်ချုပ် ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၏ အမည်စာရင်းများကို ထုတ်ပြန်ပြီး သတိပေးမှုများလည်း ပြုလုပ်လျက်ရှိသည်။
You may also like these stories:
စစ်ကိုင်းနှင့် မန္တလေးတိုင်းအတွင်း အတင်းအကျပ် မဲဆွယ်စည်းရုံးမှုများရှိနေ
မဲစာရင်းပြုစုရေး ပရဟိတအဖွဲ့များကိုပါ ဖိအားပေး ခိုင်းစေ