မကြာသေးမီက လွတ်လပ်ရေးနေ့ အခမ်းအနားတွင် စစ်ကောင်စီခေါင်းဆောင်က နိုင်ငံ၏ တရားဝင် သမ္မတအဖြစ် ဟန်ဆောင်ရန် ကြိုးစားခြင်းကို အားလုံးက စောင့်ကြည့်နေသောကြောင့် တက်ရောက်သူအချို့ကို သတိမထားမိကြပေ။ ၎င်းတို့မှာ ထိုအခမ်းအနားနှင့် ပတ်သက်သည့် ဧည့်ခံပွဲများသို့ တက်ရောက်ပြီး စစ်ခေါင်းဆောင်ထံမှ ဂုဏ်ပြုဆုများယူသည့် စစ်ကောင်စီခရိုနီများပင် ဖြစ်သည်။
ဇန်နဝါရီလ ၄ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် ညစာစားပွဲသို့ ခရိုနီဒါဇင်ပေါင်းများစွာကို ဖိတ်ခဲ့ကြောင်း ဧရာဝတီသတင်းဌာနက သိရသည်။
ထိုခရိုနီများတွင် သြဇာကြီးမားသူများဖြစ်သည့် ကမ္ဘောဇအုပ်စု (KBZ) ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ သမဝါယမဘဏ် (CB) ဘဏ်မှ ဦးခင်မောင်အေး၊ မက်စ်မြန်မာမှ ဦးဇော်ဇော်၊ FMI ဟိုးလ်ဒင်းမှ ဆာ့ဂျ်ပန်း၊ ယုဇနကုမ္ပဏီများအုပ်စုမှ ဦးဌေးမြင့်၊ ဧရာဟင်္သာဟိုးလ်ဒင်း ကုမ္ပဏီလီမိတက်မှ ဦးဇော်ဝင်းရှိန်၊ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်မှ ဦးရဲမင်းအောင်နှင့် Amazing Hotels & Resorts အုပ်စုကို တည်ထောင်သူ ဦးအောင်မျိုးမင်းဒင်တို့ ပါဝင်သည်။
ထိုအခမ်းအနားကို စစ်ကောင်စီမီဒီယာက အကြီးအကျယ် ဖော်ပြသော်လည်း ထိုခရိုနီများကို တက်ရောက်သူများ စာရင်းတွင် မတွေ့ရဘဲ မြန်မာပြည်သူများ၏ လူမှုဒဏ်ခတ်မှု၊ စားသုံးသူ သပိတ်မှောက်မှုကိုသာမက အနောက်တိုင်း အရေးယူမှုများမှ ကာကွယ်ပေးထားခြင်းဖြစ်ကြောင်း နားလည်နိုင်သည်။
ထိုမျှ ရက်ရက်ရောရော ကျင်းပသည့်အခမ်းအနားတွင် ပျောက်ကွယ်နေသူမှာ အမေရိကန်နှင့် ဗြိတိန် အရေးယူပိတ်ဆို့မှု ခံနေရသည့် လက်နက်ပွဲစားနှင့် ထူးအုပ်စုဥက္ကဋ္ဌ ဦးတေဇ ဖြစ်သည်။

အခြားပျောက်ကွယ်နေသူတဦးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်မိသားစု၏ အတွင်းလူ စစ်ကောင်စီ၏ လက်နက်ပွဲစားဖြစ်ပြီး မူးယစ်မှောင်ခိုမှု၊ ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော် ဂိုဏ်းဖွဲ့ ရာဇဝတ်မှုများဖြင့် ထိုင်းနိုင်ငံတွင် စွဲချက်တင် ဖမ်းဆီးခံနေရသည့် ဦးထွန်းမင်းလတ် ဖြစ်သည်။
နေပြည်တော် ထုံးတမ်းစဉ်လာ
မြန်မာလုပ်ငန်းရှင်သူဌေးကြီးများသည် စစ်တပ်၊ စစ်ခေါင်းဆောင်များနှင့် အစဉ်အလာအရ နီးစပ်သူများဖြစ်သည်။ ထိုသို့ဖြစ်နေသည်မှာ အထူးသဖြင့် ၂၀၁၁ ခုနှစ် အစောပိုင်းတွင် အဆုံးသတ်သည့် ယခင်စစ်အုပ်စုခေတ်မှ စတင်သည်။
ယခင်စစ်အုပ်စုခေတ်က ခရိုနီများသည် ထိုစဉ်က အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သြဇာကြီးသော သူ၏ဗိုလ်ချုပ်များ ဖြစ်သည့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးတို့ကို ဂါရဝပြုရန် ရန်ကုန်နှင့်နေပြည်တော် ခေါက်တုံ့ခေါက်ပြန် သွားနေသည်။
၂၀၁၁ ခုနှစ် မတ်လတွင် စစ်တပ်လက်ဝေခံ အရပ်သားအစိုးရ တက်လာသောအခါ လုပ်ငန်းရှင်ကြီးများသည် ထိုစဉ်က သမ္မတ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ထံနှင့် လက်ရှိ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ထံသို့ အလုအယက် သွားရောက်ကြသည်။ ထိုစဉ်ကသူသည် စစ်တပ်ခေါင်းဆောင်ဖြစ်ပြီး ယခုလည်း ထိုရာထူးကို ဆက်လက် ချုပ်ကိုင်ထားသည်။
အခါအားလျော်စွာ ဂါရဝပြုရန် သွားရောက်သည့်အပြင် လွတ်လပ်ရေးနေ့ သို့မဟုတ် ပြည်ထောင်စုနေ့ ကဲ့သို့သော နေ့များတွင်လည်း ခရိုနီများ နေပြည်တော်သို့ အုပ်စုဖွဲ့သွားရောက်သည်မှာ အစဉ်အလာသဖွယ် ဖြစ်လာသည်။ ယခုနှစ် လွတ်လပ်ရေးနေ့သည် စိန်ရတုဖြစ်သောကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပိုမိုအနုစိတ် ခမ်းနားစွာ ကျင်းပသည်။ ခရိုနီများသည် အခမ်းအနားသို့ ဖိတ်ခေါ်ခြင်းကို စိတ်အားထက်သန်စွာ တုံ့ပြန်ပြီး တက်ရောက်ရန် တန်းစီကြသည်။
ယခင်အတွေ့အကြုံအရ ထိုသို့သော အခမ်းအနားများကို တက်ရောက်သောအခါ အလွန်အကျိုးအမြတ်များသည့် စီးပွားရေးအခွင့်အလမ်းများ ရရှိတတ်သောကြောင့် အကျိုးရှိသော အချိန်ဖြစ်ကြောင်း ၎င်းတို့သိကြသည်။
ယခုနှစ် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် KBZ နှင့် CB တို့သည် မီးရှူးမီးပန်းများ၊ အလှဆင်ပစ္စည်းများ၊ အစားအသောက် ဝန်ဆောင်မှုများနှင့် ခင်းကျင်းပြသမှုများအတွက် ကန်ထရိုက်များ ရရှိကြသည်။ ထိုအခမ်းအနားတွင် မီးရှူးမီပန်းအတွက်ပင် အမေရိကန်ဒေါ်လာ ၂ သန်း အသုံးပြုသည်။
KBZ ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းသည် ဗိုလ်ချုပ်သန်းရွှေနှင့် ဗိုလ်ချုပ်မောင်အေး အပါအဝင် လက်ရှိနှင့်လက်ဟောင်း စစ်ခေါင်းဆောင်များနှင့် နက်ရှိုင်းသော ဆက်ဆံရေးရှိသူအဖြစ် လူသိများသည်။ သူသည် ဗိုလ်ချုပ်မောင်အေး၏ လူယုံဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် နီးစပ်သည်ဟု ယူဆရသော လုပ်ငန်းရှင်သူဌေးကြီး အများအပြားသည် စစ်အာဏာသိမ်းပြီးနောက် ခေတ္တခေါ်ယူ စစ်ဆေးခံကြရသော်လည်း ဦးအောင်ကိုဝင်းကို မည်သူမျှ မတို့ထိခဲ့ပေ။ NLD နှင့်ပတ်သက်သည့် လုပ်ငန်းရှင်သူဌေးကြီး ဧဒင်အုပ်စု ဥက္ကဋ္ဌ ဦးချစ်ခိုင်ကို စစ်ကောင်စီက လွန်ခဲ့သောနှစ်တွင် အဂတိလိုက်စားမှုဖြင့် စွပ်စွဲထားသည်။
CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးသည် စစ်အာဏာသိမ်းမှုအပြီး အများပြည်သူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ပြီး ပြည်ပတွင် သွားရောက်နေထိုင်သည်ဟု ကောလာဟလများ ထွက်ခဲ့သည်။ သူ၏သားသည် အမေရိကန် ပြည်ထောင်စုတွင် ကျောင်းတက်နေသည်။ သို့သော် ဦးခင်မောင်အေးသည် နောင်တွင် မြန်မာသို့ တိတ်တဆိတ်ပြန်လာပြီး စစ်ကောင်စီနှင့် စတင် ပူးပေါင်းဆောင်ရွက်သည်။ သူသည် သမ္မတဟောင်း ဦးသိန်းစိန်နှင့် အိမ်နီးချင်းဖြစ်ပြီး ထိပ်တန်းဗိုလ်ချုပ် အများအပြားနှင့် နီးကပ်ရင်းနှီးသူ ဖြစ်သည်။
စစ်ကောင်စီ လွတ်လပ်ရေးနေ့အခမ်းအနားသို့ တက်ရောက်သူများတွင် ဦးအောင်မျိုးမင်းဒင်နှင့် ဦးဇော်ဝင်းရှိန်တို့သည် ခရိုနီလက်သစ်များ ဖြစ်သည်။
ခရိုနီသစ်များအကြားတွင် အလားအလာကောင်းသူဖြစ်သော ဦးအောင်မျိုးမင်းဒင်၏ Amazing Hotels and Resorts Group သည် စစ်ကောင်စီမိသားစု စီးပွားရေးအတွက် ဟိုတယ်များ တည်ဆောက်ပေးခဲ့ပြီး သူသည် ထိုမိသားစု၏ လူယုံဖြစ်သည်။ ပုဂံမှ အနန္တဟိုတယ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံအတွက် သူဆောက်ထားပေးသည့် ဟိုတယ်ဖြစ်သည်။
အခြားအလားအလာကောင်းသည့် ခရိုနီသစ်မှာ ဦးဇော်ဝင်းရှိန် ဖြစ်သည်။ သူသည် စစ်တပ်လက်ဝေခံ ဦးသိန်းစိန်အစိုးရခေတ်က အဓိကကျသည့် သမ္မတရုံးဝန်ကြီး ဗိုလ်ချုပ်ဟောင်း စိုးမောင်၏ မွေးစားသားဖြစ်သည်။ သူ၏ ဧရာဟင်္သာ ဟိုးလ်ဒင်းကုမ္ပဏီလီမိတက်၏ ငွေရင်းအများစုသည် ဦးသိန်းစိန်အစိုးရခေတ်က ဗိုလ်ချုပ်ဟောင်းနှင့် ဒုတိယ သမ္မတဟောင်း ဦးတင်အောင်မြင့်ဦးထံမှ လာသည်။ ဦးဇော်ဝင်းရှိန်သည် A Bank နှင့် မြန်မာမှ ကာတာဆက်သွယ်ရေးလုပ်ငန်း အော်ရီဒူး၏ လုပ်ငန်းများကို ပိုင်ဆိုင်သည်။
ဦးဇော်ဝင်းရှိန်သည် နိုင်ငံကောင်းကျိုးအတွက် ဆောင်ရွက်သောကြောင့်ဟုဆိုကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံမှ ဂုဏ်ထူးဆောင်ဘွဲ့ ရသူများတွင် ပါဝင်သည်။
စစ်ကောင်စီကထုတ်ပြန်သည့် စာရင်းအရ အခြားဆုတံဆိပ်ရသူများတွင် ထင်ရှားသော ကချင်စီးပွားရေးသမားနှင့် ငြိမ်းချမ်းရေး အကျိုးဆောင် ယွတ်ဇော်ခေါင်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌဟောင်း ဦးဇော်မင်းဝင်းနှင့် ရိုးမဘဏ်ကို ပိုင်ဆိုင်သည့် FMI ဟိုးလ်ဒင်းမှ ဆာ့ဂျ်ပန်းတို့ ပါဝင်သည်။ ရိုးမဘဏ်နှင့် စစ်တပ်လုပ်ငန်းများ ဆက်စပ်နေသည်ကို ဖော်ထုတ်ခံရပြီးနောက် ကမ္ဘာ့ဘဏ်အုပ်စုဝင် နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) သည် ရိုးမဘဏ်မှ ရှယ်ယာများကို ပြန်လည်ရောင်းချခဲ့ရသည်။
လွတ်လပ်ရေးနေ့ ညစာစားပွဲတွင် ခရိုနီများ၊ ဗိုလ်ချုပ်များနှင့် အခြားဧည့်သည်များ တရင်းတနှီး ပြုံးရွှင် ရယ်မောပြီး လွတ်လပ်ရေးနေ့အတွက် ကျယ်လောင်စွာ ဖန်ခွက်ချင်းတိုက်နေသည့် စားပွဲများပေါ် ပြည်ပမှ တင်သွင်းထားသည့် ဈေးကြီးသော ဝိုင်နှင့် ဝီစကီပုလင်းများကို တွေ့ရသလို စီးပွားရေး အခွင့်အလမ်းသစ်များကိုလည်း တွေ့ရကြောင်း မျက်မြင်သက်သေများက ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Myanmar Junta Cronies Turn Out for Regime’s Independence Day Bash ကို ဘာသာပြန် ဖော်ပြသည်။)
You may also like these stories:
နေပြည်တော်က လွတ်လပ်ရေးနေ့ ဇာတ်ပွဲ
၇၅နှစ်တိုင်ခဲ့သော်လည်း အမှန်တကယ် လွတ်လပ်ရဲ့လား
စစ်ခေါင်းဆောင် အာဏာမြဲဖို့ ဆွေစဉ်မျိုးဆက် နိုင်ငံရေး အသုံးချ