ဒီတပတ် သတင်းစုံကဏ္ဍမှာ ပြည်သူတွေ ချွေတာခိုင်းသော်လည်း မင်းအောင်လှိုင် နိုင်ငံ့ဘဏ္ဍာတွေ ဖြုန်းတီးနေ၊ စစ်ကောင်စီ ကြိုးစားနေတဲ့ လူဦးရေ စာရင်း အမှန်မရနိုင်နဲ့ နိုင်ငံကူးလက်မှတ်ရုံးတွေ ပိတ်လိုက်တဲ့အခါ တို့ကို ဖတ်ရှုရပါမယ်။
ပြည်သူတွေ ချွေတာခိုင်းသော်လည်း မင်းအောင်လှိုင် နိုင်ငံ့ဘဏ္ဍာတွေ ဖြုန်းတီးနေ
စစ်ကောင်စီ အာဘော် မြဝတီနေ့စဉ်သတင်းစာက ပြည်သူတွေဟာ များပြားလှတဲ့ လျှပ်စစ်မီးကို ဖြုန်းတီးနေကြတယ်လို့ အကြံပြုရေးသားလိုက်ပါတယ်။ အမှန်က နိုင်ငံတဝန်းမှာ ၂၀၂၁ ခုနှစ်နှောင်းပိုင်းကတည်းက လျှပ်စစ်မီးပြတ်တောက်မှု ပိုပိုဆိုးလာနေတာပါ။
“လျှပ်စစ်ဓာတ်အား ချွေတာခြင်းဖြင့် တိုင်းပြည်ကို ချစ်ပါ” လို့ သတင်းစာရဲ့ ဇန်နဝါရီ ၁၀ ရက် အယ်ဒီတာ့အာဘော်က တိုက်တွန်းရေးသားပါတယ်။
မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားခနှုန်းထားတွေက အိမ်နီးချင်းအာဆီယံနိုင်ငံတွေထက် များစွာသက်သာတာကြောင့် ပြည်သူလူထုတွေဟာ စွမ်းအင်ချွေတာဖို့ ပေါ့ဆနေကြတယ်လို့လည်း မြဝတီက ဆိုပါသေးတယ်။
ဒါပေမယ့် လူတွေကို တနေ့ နာရီအနည်းငယ်မျှသာ လျှပ်စစ်ဓာတ်အား ပေးနိုင်ပြီး လျှပ်စစ်ဓာတ်အား ဘယ်လိုဖြုန်းတီးကြောင်း ရေလည်အောင် ရှင်းပြမသွားနိုင်ခဲ့ပါဘူး။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် လူနေမှုစရိတ်အကျပ်အတည်းနဲ့ အစားအသောက်ဈေးနှုန်းတွေ မြင့်တက်မှု အကျပ်အတည်းတွေကြားမှာ လူတွေ လျှပ်စစ်မီး ဖြုန်းတီးဖို့ မတတ်နိုင်တာကိုလည်း ဖော်ပြထားခြင်း မရှိပါဘူး။
မြဝတီ အယ်ဒီတာ့အာဘော်ဟာ လောင်စာဆီ တင်သွင်းမှုမှာ ဒေါ်လာကို လျှော့ချဖို့ ကြိုးပမ်းနေတာကြောင့် ပြည်သူတွေကို မော်တော်ယာဉ်တွေထက် စက်ဘီးတွေ သုံးကြဖို့ တိုက်တွန်းခဲ့တဲ့ ဒီဇင်ဘာလက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဘော်ကို ပဲ့တင်ထပ်ခဲ့ပါတယ်။ အာဏာသိမ်းပြီးကတည်းက အကျပ်အတည်းတွေ နက်ရှိုင်းလာတာနဲ့အမျှ ဆန်နဲ့ ဆီအပါအဝင် စားသုံးမှုကို လျှော့ချဖို့ စစ်ခေါင်းဆောင်က ပြည်သူတွေကို တိုက်တွန်းခဲ့ပါသေးတယ်။
ဆန့်ကျင်ဘက်အနေနဲ့ကတော့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရကို အာဏာသိမ်းပြီးကတည်းက နိုင်ငံ့ခေါင်းဆောင်အဖြစ် ဟန်ဆောင်လိမ်ညာရင်း အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ပြည်သူ့ဘဏ္ဍာငွေ ဘီလီယံနဲ့ချီ ဖြုန်းတီးခဲ့ပါတယ်။ စစ်ကောင်စီ အလိုတော်ရိတွေနဲ့ ခရိုနီတွေကို ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေ တခမ်းတနား ပေးပြီး သမ္မတဖြစ်ရေး မဲဆွယ်စည်းရုံးတဲ့အနေနဲ့ နိုင်ငံတော် ဘဏ္ဍာငွေတွေကို မင်းအောင်လှိုင် ဖြုန်းတီးပစ်နေခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေးကို ခိုင်မြဲအောင် ပုံဖော်မယ့် အတုအယောင်လေ့ကျင့်ခန်းအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ သူ့မဟာမိတ်တွေ၊ ကမ္ဘာတဝန်းက ဒီမိုကရေစီနိုင်ငံများက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆိုတာကို ပယ်ချထားပါတယ်။
စစ်ကောင်စီ ကြိုးစားနေတဲ့ လူဦးရေ စာရင်း အမှန်မရနိုင်
၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းအမှားတွေရှိခဲ့တဲ့အတွက် အခု ၂၀၂၃ ရွေးကောက်ပွဲ မတိုင်မီမှာ စာရင်းအမှန်ရနိုင်ဖို့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်လို တည်ငြိမ်နေတဲ့ ဒေသတချို့မှာ လူဦးရေစာရင်းတွေ စတင်ကောက်ယူနေပါပြီ။
ဒီလုပ်ငန်းစဉ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်ကနေ ၃၁ ရက်နေ့အထိ ကောက်ယူသွားမှာ ဖြစ်ပြီး ၂၀၂၃ ရွေးကောက်ပွဲအတွက် စစ်ကောင်စီကပြုစုထားတဲ့ eID စနစ်ထဲက အချက်အလက်တွေနဲ့ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် အိမ်ထောင်စုတွေမှာရှိနေတဲ့ လူဦးရေစာရင်း ကိုက်ညီမှု ရှိမရှိ လိုက်လံစိစစ်နေတာ ဖြစ်ပါတယ်။
ဒုတိယ စစ်ခေါင်းဆောင် စိုးဝင်းကတော့ အခုလို လူဦးရေစာရင်းတွေ ကောက်ခံရတာဟာ မဲစာရင်း မှန်ကန်ဖို့ ဆောင်ရွက်တာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
ဒီလုပ်ငန်းစဉ် စတင်တဲ့ ဇန်နဝါရီလ ၉ ရက်နေ့မှာပဲ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ လူဦးရေစာရင်းကောက်တဲ့ စစ်ကောင်စီ လက်အောက်ခံ ဒုရဲအုပ်တစ်ယောက်ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နဲ့ ပူးပေါင်း အဖွဲ့တွေက ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ပါတယ်။
အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တော်လှန်ရေး အင်အားစုတွေကတော့ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် မြေပြင် လူဦးရေ စာရင်း ကောက်ယူနေခြင်းကို ပြည်သူ တရပ်လုံး ဆန့်ကျင်တိုက်ဖျက်ဖို့ ကြေညာချက် ထုတ်ပြန် တိုက်တွန်းထားကြပါတယ်။
စစ်ကောင်စီက ၂၀၂၃ ခုနှစ်မှာ ကျင်းပဖို့ လျာထားတဲ့ အထွေထွေရွေးကောက်ပွဲကျင်းပဖို့အတွက် လူဦးရေစာရင်း ကောက် ယူတာကို မပူးပေါင်းဖို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ဇန်နဝါရီလ ၉ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
လူဦးရေ စာရင်းကောက်ယူမှုမှာ ပါဝင်တဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့တွေ၊ လူဝင်မှု ကြီးကြပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပါဝင်သူတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆို အရေးယူသွားမယ်လို့လည်း ဆိုပါတယ်။
မြေပြင်မှာလည်း စာရင်းကောက်မယ့်အဖွဲ့ရဲ့ လုံခြုံရေးကို စစ်ကောင်စီက အပြည့်အဝ တာဝန်ယူပေးနိုင်တာမျိုး မရှိပါဘူး။ နောက်ပြီးတော့ တိုက်ပွဲ ဖြစ်နေတဲ့ နေရာတွေ တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်တဲ့ နယ်မြေတွေ စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရား အားမကောင်းတဲ့ နေရာတွေမှာလည်း တကယ်တန်း ကွင်းဆင်းပြီး စာရင်းကောက်ဖို့အတွက် မလွယ်ပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ထဲမှာလည်း ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက တချို့မြို့နယ်တွေမှာ စမ်းသပ်ပြီး စာရင်းကောက်တာ တွေ ရှိပေမယ့် တကယ်တန်း မြေပြင်ကွင်းဆင်းပြီးတော့ စာရင်းကောက်တာ အလွန်နည်းပါတယ်။
အခုလို လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ညှိနှိုင်းတာတွေ အများကြီး ပြင်ဆင်ပြီးတော့မှပဲ စာရင်းကောက်တဲ့ လုပ်ငန်းက လုပ်လို့ရမယ့် အခြေအနေမှာ ခေတ်အဆက်ဆက် မမှန်ခဲ့တဲ့ လဝကရဲ့ စာရင်းကို ဌာနဆိုင်ရာတွေက တပွဲတိုး ပုံစံနဲ့ ဝိုင်းကူပြီး လုပ်ပေးနေတာမျိုး ဖြစ်နေပါတယ်။
နောက်တခုကတော့ ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှု ဖြစ်ပါတယ်။ အခုချိန်မှာ ပြည်သူတွေက စိုးရိမ်မှုတွေ ရှိနေတယ်။ မယုံကြည်မှုတွေ ရှိနေတယ်။ အဲဒီအချိန်မှာ စာရင်းသွားကောက်မယ်ဆိုရင် အချက်အလက် အမှန်တွေရမှာ မဟုတ်ပါဘူး။
စာရင်းကောက်မယ့်သူတွေရဲ့အရည်အချင်းနဲ့ လုံလောက်တဲ့ အရည်အတွက် ရှိရဲ့လားလို့ ကြည့်လိုက်ရင်လည်း ဌာနဆိုင်ရာဝန်ထမ်းနဲ့ စေတနာ့ဝန်ထမ်းတွေနဲ့ပဲ စာရင်းကောက်ဖို့ လုပ်နေတာ ဖြစ်ပြီး တခြားကျွမ်းကျင်တဲ့ ပညာရှင်တွေ ပါဝင်မှု မရှိတာကြောင့် အောင်မြင်ဖို့ မလွယ်ပါဘူး။
စာရင်းကောက်မယ့် လုပ်ငန်းစဉ်ကလည်း ပွင့်လင်းမြင်သာမှု မရှိတာကြောင့် ပြည်သူတွေဟာ ဘာကြောင့် အခုလို စာရင်း ကောက်တာလဲဆိုတာတောင် မသိကြပါဘူး။ လူဦးရေစာရင်းလား၊ မဲပေးပိုင်ခွင့်ရှိသူ စာရင်းလား ဘာမှ ကြိုတင် ချပြထားတာ မရှိပါဘူး။
လက်ရှိအခြေအနေမှာ လူတဦးမှာ မှတ်ပုံတင် တခုထက် ပိုပြီး ကိုင်ထားသူ ငါးသိန်း ရှိနေတာ၊ မှတ်ပုံတင်ရှိပါလျက် အချက်အလက် မစုံတဲ့ နိုင်ငံသားကတ်ကိုင်ထားသူ တသန်းကျော် ရှိနေတာ၊ အိမ်ထောင်စု စာရင်းတွေကို စိစစ်ရာမှာလည်း သေဆုံးတဲ့သူတွေ ပါနေတာ၊ အကြောင်းအမျိုးမျိုးနဲ့ ပြည်ပကို ထွက်သွားသူတွေနဲ့ ပြည်ပ နိုင်ငံတခုခုမှာ နိုင်ငံသား ခံယူထားသူတွေ ပါနေတာတွေ ဖြစ်ပွားနေပါတယ်။
အဲဒါတွေ အကုန်လုံးကို မှန်မှန်ကန်ကန် ဖြစ်ဖို့ စစ်ကောင်စီမှာ လုပ်နိုင်စွမ်း မရှိပါဘူး။ မဲစာရင်းတွေ မှားနေတယ်ဆိုပြီး ပြည်သူ့ အစိုးရဆီက စစ်တပ်ဟာ မဲစာရင်းကို မှန်ကန်အောင် လုပ်နိုင်မှာ မဟုတ်ပါ။
နိုင်ငံကူးလက်မှတ်ရုံးတွေ ပိတ်လိုက်တဲ့အခါ
ရန်ကုန်မြို့ အပါအဝင် တနိုင်လုံးက နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့ ကစလို့ ကွန်ပျူတာစနစ် အဆင့်မြှင့်တင်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်မှတ် ထုတ်ပေးရေး လုပ်ငန်းတွေကို ယာယီ ရပ်ဆိုင်းထားခဲ့ပြီး အခုချိန်အထိလည်း ဖွင့်မပေးသေးတဲ့အတွက် ပြည်သူတွေ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရပါတယ်။
နိုင်ငံကူး လက်မှတ်တွေ ထုတ်ပေးမှု ရပ်ဆိုင်းထားတာကို မသိတဲ့ ပြည်သူတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့က ရန် ကုန်မြို့၊ ရန်ကင်းမြို့နယ် စက်မှု ၁ လမ်းမပေါ်မှာရှိတဲ့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှာ သွားရောက် တန်းစီခဲ့ရာမှာ ရဲတွေက ပြန်မောင်းထုတ်တဲ့အခါမှသာ တရားဝင် သိခွင့်ရခဲ့ကြတာပါ။
နိုင်ငံကူးလက်မှတ်တွေကို ဘာကြောင့် ပိတ်ထားတာလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ကွန်ပြူတာ အဆင့်မြင့်မယ်ဆိုတဲ့ အ ကြောင်းပြချက် တခုတည်းတင်တော့ မဟုတ်ပါဘူး။ လုံခြုံရေးအရ အဆင်မြင့်တင်တာတွေ အပါအဝင် မြန်မာပြည်ကို လူ အဝင်အထွက်တွေပါ ထိန်းချုပ်နိုင်ဖို့ ကြိုးစားတာလည်း ဖြစ်ပါတယ်။
ကွန်ပြူတာ စနစ်ကိုလည်း အဆင့်မြင့်တင်ထားမှာကြောင့် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး မြန်မာပြည်နယ်စပ် ဘယ်အပေါက်ကနေပဲ အဝင်အထွက်လုပ်သည် ဖြစ်ပါစေ Main Sever ကနေ အကုန်သိနိုင်အောင်အထိ အဆင့်မြင့်တင်တာမျိုးတွေ လုပ်ထားနိုင်တယ်လို့ နည်းပညာကျွမ်းကျင်သူတွေကလည်း သုံးသပ်ပါတယ်။
ရဲအရာရှိဟောင်းတဦးရဲ့အဆိုအရ စနစ်သစ်ပြန်လည် စတင်ခဲ့ရင် နိုင်ငံကူးလက်မှတ်စာအုပ်ရဖို့ တော်တော်နဲ့ လွယ်လွယ်ကူကူ ရတော့မှာ မဟုတ်ဘဲ စစ်ဆေးမှုတွေ အချက်အလက် တောင်းဆိုမှုတွေ ပိုများလာလိမ့်မယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်လှိုင်း ရိုက်ခတ်မှု နောက်ပိုင်း ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာတာနဲ့အမျှ ရန်ကုန်မြို့က နိုင်ငံကူး လက်မှတ်ရုံးမှာ ပတ်စ်ပို့ရရှိဖို့အတွက် တနေ့ကို လူရာပေါင်းများစွာ တန်းစီတိုးခဲ့တာကြောင့် စစ်ကောင်စီက နိုင်ငံကူးလက်မှတ် လျှောက်ဖို့အတွက် အွန်လိုင်းဘွတ်ကင်စနစ်ကို ၂၀၂၂ ခုနှစ် မတ်လမှာ စီစဉ်ပေးခဲ့ပါတယ်။
ဒီအွန်လိုင်း ဘွတ်ကင်စနစ်မှာလည်း QR ကုတ် ရဖို့အတွက် မည်သူမဆို လျှောက်ထားနိုင်ရမှာ ဖြစ်ပေမယ့် လက်တွေ့မှာ တော့ ပွဲစားလမ်းကြောင်းကနေ ကျပ် တသိန်းခွဲ၊ နှစ်သိန်း ပေးမှသာ နိုင်ငံကူးလက်မှတ်ရုံးထဲကို ဝင်ရောက်ခွင့် QR ကုတ် ရရှိတာပါ။ အဲဒီစနစ်မှာလည်း ပွဲစားတွေ ရှိလာတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့က ရပ်ဆိုင်းထားခဲ့ပါတယ်။
အခုတကြိမ် နိုင်ငံကူးလက်မှတ်ရုံးတွေ ပြန်ဖွင့်ခဲ့ရင် QR လျှောက်ထားတဲ့စနစ်အစား လျှောက်ထားလိုသူက အထောက်အထား ကတ်တခုခုနဲ့ သက်ဆိုင်တဲ့ ဝက်ဆိုဒ်ထဲမှာ Scan ဖတ်ပြီး ဝင်ရောက် လျှောက်ထားနိုင်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ နည်းပညာ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
အဲဒါမျိုးဆိုရင် ပွဲစားတွေနဲ့ အာဏာပိုင်တွေ ပေါင်းပြီးတော့ လုပ်စားလို့ မရတော့ပါဘူး။ အခုချိန်မှာတော့ နိုင်ငံကူးလက်မှတ်လျှောက်ထားသူတွေကို လိမ်လည်နေသူတွေလည်း ရှိနေပြီး ပြီးခဲ့တဲ့လက နိုင်ငံကူးလက်မှတ် အမြန် လျှောက်ထားပေးမယ်ဆိုပြီး ငွေ နှစ်သိန်းခွဲစီ လူ ၁၄ ဦးဆီက လိမ်လည်ခဲ့သူတဦးကို ဖမ်းမိခဲ့တယ်လို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
အခုလို နိုင်ငံကူးလက်မှတ်ရုံး ပိတ်ထားလိုက်တာကြောင့် QR ကုတ် ရရှိထားတဲ့သူတွေကိုလည်း ဘယ်နေ့ ရုံးထဲ ဝင်ခွင့်ရမယ်မှန်း မသိဘဲ စောင့်ဆိုင်းနေရပါတယ်။ အခုချိန်မှာတော့ ကျန်းမာရေးအရ ဆေးထောက်ခံစာနဲ့ မဖြစ်မနေ နိုင်ငံခြား ဆေးသွားကုရမယ့်သူတွေနဲ့ ဗုဒ္ဓဂါယာ ဘုရားဖူးတွေကိုပဲ နိုင်ငံကူးလက်မှတ် ထုတ်ပေးနေပါတယ်။
ဒီနိုင်ငံကူးလက်မှတ်ထုတ်ပေးမှု ပိတ်ထားမှုကြောင့် သက်တမ်းကုန်ခါနီး လက်မှတ်တွေ ကိုင်ဆောင်ထားကြသူ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအဖို့ ပိုစိုးရိမ်စရာ ဖြစ်စေပါတယ်။ သက်တမ်းလွန် လက်မှတ်ကိုင်ဆောင်သူတဦးဟာ အသစ်လဲလှယ်လိုရင် သက်ဆိုင်ရာ နိုင်ငံရှိ မြန်မာသံရုံးတွေမှာ လဲမရတော့ဘဲ မြန်မာပြည် ပြန်ရမလား၊ တကယ်လို့ မြန်မာပြည် ပြန်ပြီးမှ အသစ်မလဲလှယ်ပေးခဲ့ရင်ရော စတဲ့ စဉ်းစားတွေးပူစရာတွေ ဖြစ်နေပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် တလကို မြန်မာနိုင်ငံသား လေးသောင်းနီးပါး ပြည်ပကို ပုံစံမျိုးစုံနဲ့ ထွက်ခွာနေကြတယ်လို့ ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) က ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
You may also like these stories:
စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကို ဖိအားပေး ကောက်နေ
မြန်မာနိုင်ငံဆိုင်ရာ ASEAN အထူးသံတမန် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာ
ဖားကန့် ကျောက်လုပ်ငန်းရှင်များကို စစ်ကောင်စီက ငွေညှစ်ဖမ်းဆီးမှုများ လုပ်နေ
မြန်မာ့တော်လှန်ရေး အင်အားစုများ ထိုးစစ်ဆင်ရန် ပြင်ဆင်နေ
ထိုင်းသိမ်းသော ထွန်းမင်းလတ် ပိုင်ဆိုင်မှုများထဲ စစ်ခေါင်းဆောင်သားသမီးပိုင်များ ပါဟု ဆို