စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ရေဦးမြို့နယ်ရှိ ကက်သလစ်ခရစ်ယာန်များ နေထိုင်ရာ ချမ်းသာရွာသို့ ယမန်နေ့က စစ်တပ် စစ်ကြောင်းဝင်လာပြီး နေအိမ်များနှင့် နှစ်ပေါင်း ၁၂၉ နှစ် သက်တမ်းရှိ မယ်တော်သခင်မကျောင်းကို မီးရှို့ သွား ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီလ ၁၄ ရက်တွင် စစ်ကြောင်းထိုးဝင်လာပြီး လူနေအိမ်များကို ဦးစွာ မီးရှို့ခဲ့ကြောင်း ယင်းနောက် ချမ်းသာရွာရှိ မယ်တော်သခင်မ ဘုရားကျောင်းထဲသို့ ဝင်ရောက်တပ်စွဲကာ ယနေ့နံနက်ပိုင်းတွင် ဘုရား ကျောင်းအား မီးရှို့လိုက်ခြင်းဖြစ်ကြောင်း ချမ်းသာရွာမှ ခရစ်ယာန်ဘာသာဝင် ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “ကျနော်တို့ရွာက ဘုရားကျောင်းရော၊ ဘုန်းကြီးကျောင်းရော၊ သီလရှင်ကျောင်းတွေရော အကုန်ရှို့သွားတာ။ မနေ့က ၈ နာရီလောက်ဝင်တာဗျ။ မနေ့ကလည်း ရွာထဲမှာတနေကုန်ရှို့နေတာ၊ ဘုရားကျောင်းထဲဝင်နေပြီး မီးရှို့ပြီး ပြန် ထွက်သွားတာ။ ဘုရားကျောင်းကတော့ အကုန်ကုန်ပြီ ၊ ဘာမှမကျန်တော့ဘူး” ဟု ဆိုသည်။
ချမ်းသာရွာသည် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အနောက်ဘက်တွင် တည်ရှိပြီး ကက်သလစ်ခရစ်ယာန် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ ညီညွတ်စွာနေထိုင်နေသော အိမ်ခြေ ၈၀၀ ခန့်ရှိသည့် ရွာကြီး တရွာဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခရစ်ယာန်ဘာသာဝင်များ ဘုရားဝတ်ပြုမည့် တနင်္ဂနွေနေ့ နံနက် အရုဏ်တက်တွင် ဘုရားကျောင်းကို မီးရှို့သွားခြင်းဖြစ်သည်။
ချမ်းသာရွာမှ အခြားသော ခရစ်ယာန်ဘာသာဝင် ဒေသခံတဦးကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယခင်က ရွာအတွင်း စစ်ကြောင်းဝင်ပါက ဘုရားကျောင်းတွင် စခန်းချကာ ဘုရားကျောင်းပိုင်ပစ္စည်းများအား မွှေနှောက်ခြင်းနှင့် အရက်သေစာသောက်စားခြင်းများ လုပ်လေ့ရှိကြောင်း ၊ ယခုတခေါက်တွင်မူ ဘုရားကျောင်းကိုပါ မီးရှိုသွားခြင်း ဖြစ်ကြောင်း ပြောသည်။
၎င်းက “အခု ချမ်းသာရွာရဲ့ ဘုန်းကြီးကျောင်းရယ်၊ ဘုရားကျောင်းရယ် အဲဒါတွေအကုန်လုံးက မီးရှို့ခံလိုက်ရပြီ။ ကျန်တာက မယ့်တော့်ဂူကျန်တယ်။ ကိုယ်တော်မြတ် ကျောင်းဆောင်ကျန်တယ်။ မယ်တော့်ဂူဘေးက ဇရပ်ဆောင်လေး ကျန်တယ်။ အဲဒီသုံးဆောင်ပဲ ကျန်တော့တာ” ဟု ဆိုသည်။
ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပြန်ကြားရေးတာဝန်ရှိသူတဦးကလည်း စစ်ကောင်စီတပ်များသည် ဇန်နဝါရီ ၁၃ ရက်က ဒီပဲယင်းမြို့နယ်မှတဆင့် ရေဦးမြို့နယ်သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ရေဦးနယ်အနောက်ခြမ်းရှိ ကုန်းသာ နှင့် ချမ်းသာရွာသို့ ဝင်ရောက်ကာ မီးရှို့သွားခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီ စစ်ကြောင်း ၂ကြောင်းမှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၉ ရက်အထိ စစ်ကိုင်းတိုင်းအတွင်း ရွာပေါင်း ၁၇ ရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီး ယခု ဇန်နဝါရီလ ၁၃ရက်တွင် ရေဦးနယ်သို့ ဒုတိယအကြိမ် ပြန်လည် ဝင်ရောက်လာခြင်းဖြစ် ကြောင်း ၎င်းက ပြောသည်။
“ရှို့ခဲ့ပြီးသားရွာတွေကို ထပ်ပြီးမီးရှို့တယ်။ ကျန်နေတဲ့ အိမ်တွေကို ရှို့တယ်။ မနေ့က ဆိုရင် ကုန်းသာရွာကို ရှို့တယ်။ ဒီဇင်ဘာ ၁၄ ရက်နေ့တုန်းကလည်း ကုန်းသာရွာ ၊ ချမ်းသာရွာကို ရှို့သွားတယ်။ ရွာလုံးကျွတ်နီးပါးပဲ” ဟု သူကဆိုသည်။
ကုန်းသာနှင့် ချမ်းသာရွာကို ဝင်ရောက်သည့် စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်း မော်လိုက်မြို့အခြေစိုက် အမှတ် (၃၆၄) ခြေမြန်တပ်ရင်းနှင့် ရန်ကုန်တိုင်း မှော်ဘီအခြေစိုက် အမှတ် (၇၀၁) ခြေမြန်တပ်ရင်းတို့ဖြစ်ကြောင်း ရေဦးမြို့နယ် PDF ထံမှသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကုန်းသာနှင့် ချမ်းသာရွာများအား ဝင်ရောက်မီးရှို့သွားခြင်း ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဘုရားကျောင်းအား မီးရှို့နေသည်ကို PDF မြေပြင်ကင်းထောက်များကလည်း အတည်ပြုနိုင်ခဲ့ကြောင်း ရေဦးမြို့နယ် PDF ပြန်ကြားရေး တာဝန်ခံ က ဆိုသည်။
၎င်းက “ကျနော်တို့ဘက်က အတည်ပြုတာကတော့ မြေပြင်ကင်းထောက်နေတဲ့ ရဲဘော်တွေကနေ တဆင့် အတည်ပြု တာပေါ့။ သူတို့က ပြောတာကတော့ ခေါင်းလောင်းစင်ပါ ပြိုကျတဲ့အထိ ရှို့သွားတယ်ပေါ့။ ကျေးရွာထဲကနေ သူတို့ မထွက်ခင်မှာ ရှို့နေတယ်ဆိုတာ ကင်းထောက်ရဲဘော်တွေ အကုန်မြင်ရပါတယ်။ မီးခိုးလုံးတွေကလည်း ဘုရားကျောင်း နေရာက တက်လာတာကို တွေ့ရပါတယ်” ဟု ပြောသည်။
ချမ်းသာရွာဒေသခံများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်မည့် အခြေအနေကိုကြိုတင်သိရှိပြီး ရှောင်ရှားနိုင်ခဲ့ သဖြင့် တစုံတရာ ထိခိုက်မှုမရှိကြောင်း၊ ယခု စစ်ကောင်စီတပ်ဖွဲ့များ ချမ်းသာရွာက ပြန်ထွက်သွားပြီဖြစ်သော်လည်း PDF များဘက်က ကျေးရွာအတွင်း နယ်မြေရှင်းလင်းရေး မလုပ်နိုင်သေးပေ။
ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက စစ်ကောင်စီတပ်များ ပထမအကြိမ် ဝင်ရောက်မီးရှို့စဉ် ချမ်းသာရွာမှ အသက် ၄၀ အရွယ် အမျိုးသား ၂ ဦး ခေါင်းဖြတ်အသတ်ခံခဲ့ရကြောင်း ရေဦးမြို့နယ် PDF ထံမှသိရသည်။
ချမ်းသာရွာရှိ ခရစ်ယာန်ဘာသာဝင်များကမူ ၎င်းတို့ ကိုးကွယ်ရာ မယ်တော်သခင်မ ဘုရားကျောင်းမီးရှို့ခံရသဖြင့် ငိုကြွေး နေကြပြီး၊ ယူကြုံးမရဖြစ်နေကြောင်း ချမ်းသာရွာခံ ခရစ်ယာန်ဘာသာဝင် အမျိုးသားတဦးကလည်း ဘုရားကျောင်း မီးရှို့ခံရသည့် အခြေအနေနှင့်ပတ်သက်၍ ယူကြုံးမရဖြစ်ရကြောင်း ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့အများကြီး ယူကြုံးမရ ခံစားရတာပေါ့ဗျာ။ ဒီဘုရားကျောင်းဆိုတာက ကျနော်တို့ ခရစ်ယာန်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့နေရာပါ။ နှစ်စဉ်နှစ်တိုင်း အထိမ်းအမှတ်ပွဲတွေ လုပ်တဲ့နေရာပါ။ အခုကတော့ စစ်တပ်ကထွက်သွား ပေမယ့် ဘာမှ ရစရာ မရှိတော့ပါဘူး။ လောင်တဲ့ဟာက လောင်နေပါပြီ” ဟု ပြောသည်။
ချမ်းသာရွာသို့ ပေါ်တူဂီအနွယ်ဝင် ကက်သလစ်ခရစ်ယာန် ဘာသာဝင်တို့ အခြေချခဲ့သည်မှာ နှစ်ပေါင်း ၃၇၀ ကျော်ရှိပြီ ဖြစ်ပြီး ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာ ဇူဇယ်ဖိုး လက်ထက် မန္တလေးမြို့နေ ကိုးကျောင်းတကာ ဦးမြတ်ကျော်၏ မြေး ဦးသက်နှံ၊ ဒေါ်ငွေပွင့်တို့က လှူဒါန်းသဖြင့် ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်း ခံရသည့် မယ်တော်သခင်မ ကျောင်းကို အုတ်အင်္ဂတေ တို့ဖြင့် အခိုင်အမာတည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း ၁၈၉၄ခုနှစ် ဖေဖေါ်ဝါရီ ၁၈ရက်တွင် ပူဇော်အပ်နှံ ခဲ့ကြောင်း၊ လွန်ခဲ့သော ၁၉၉၄ခုနှစ် ဧပြီလ ၆ရက်၊ ၇ရက်တွင် ရာပြည့်ပွဲ ကျင်းပခဲ့ကြောင်း ချမ်းသာရွာသမိုင်း မှတ်တမ်း များအရ သိရသည်။
၁၆၃၇နှစ် သာလွန်မင်းလက်ထက် ပေါ်တူဂီ ခရစ်ယာန်ဘာသာဝင်များကို ရွှေဘိုဒီစတြိတ် မူးမြစ်နှင့် ချင်းတွင်းမြစ်ကြားရှိ ချမ်းသာရွာ အပါအဝင် ဒီပဲရင်း၊ ကြောင်ရစ်၊ ပနက်၊ ယင်းတော်၊ မြေတူးကျေးရွာများ ပို့ဆောင်ခဲ့ခြင်း ဖြစ်ပြီး၊ ၁၇၇၂ခုနှစ်တွင် ချမ်းသာရွာသို့ အီတလီဘုန်းတော်ကြီး စေတာနိုး မန်တေဂါဇာ ရောက်လာပြီး ပထမဆုံးကျောင်ထိုင်အဖြစ် သီတင်းသုံးခဲ့ သည်။
အီတလီ ဘုန်းတော်ကြီး မန်တေဂါဇာမှာ မြန်မာ့သမိုင်း အချုပ်ဆိုသည့် စာအုပ်ကို ပြင်သစ်ဘာသာဖြင့် ရေးခဲ့သလို အစောဆုံးဟု ဆိုရမည့် မြန်မာပြည်မြေပုံကို ရေးဆွဲခဲ့သူဖြစ်သည်။
ယင်းကဲ့သို့ ချမ်းသာရွာရှိ သမိုင်းဝင် မယ်တော်သခင်မ ဘုရားကျောင်း မီးရှို့ခံရသည့်အပေါ် မြန်မာနိုင်ငံ ကက်သလစ် သာသနာပိုင် ကာဒီနယ်ချားလ်စ်ဘို၏ သဘောထားမှတ်ချက် တစုံတရာသိရှိနိုင်ရန် ၎င်း၏အတွင်းရေးမှူးထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။
မြန်မာပြည် ကက်သလစ်သာသနာပိုင် ကာဒီနယ် ချားလ်စ်ဘိုအား စစ်ကောင်စီမှ သီရိပျံချီဘွဲ့ ပေးခဲ့သော်လည်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက သူ၏ ဇာတိရွာဖြစ်သော ခင်ဦးမြို့နယ်မှ မုံလှရွာကိုလည်း စစ်တပ်က မီးရှို့ခဲ့ရာ ကာဒီနယ်လ် ချားလ်စ်ဘို လှူဒါန်းထားသော ကျောင်းဆောင် အပါအဝင် အိမ်ခြေများ မီးလောင်ဆုံးရှုံးခဲ့ရသည်။
ထိုသို့ စစ်တပ်က ခရစ်ယာန်ရွာများ မီးရှို့နေသော်လည်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ရက်က ရန်ကုန်မြို့တွင် ကျင်းပသည့် ခရစ်ယာန်ပေါင်းစုံ၏ ခရစ်တော်မွေးနေ့ ကျေးဇူးတော် ချီးမွမ်းပွဲ အခမ်းအနားသို့ သွားရောက်ကာ “တဦးအပေါ် တဦး မေတ္တာတရား၊ ချစ်ခြင်းတရားများနဲ့ ခရစ္စမတ်ရဲ့ အနှစ်သာရကို လူ သားအားလုံးက တည်ဆောက်ကြရမှာဖြစ်တယ်”ဟု ပြောဆိုခဲ့သလို “ရှင်လုကာ အခန်းကြီး ၂ အခန်းငယ် ၁၄”မှာ ဖော်ပြ ထားတဲ့ “Peace on Earth and Good will toward men” “မြေကြီးပေါ် တွင်လည်း ငြိမ်သက်ခြင်းရှိ စေသတည်း၊ လူတို့အား မေတ္တာ ကရုဏာ ရှိစေသတည်း” ဟုလည်း ဆုတောင်းသွားသေးသည်။
You may also like these stories:
အညာမြေရောက်ပေါ်တူဂီ မျိုးဆက်များ
သံလျင်ရောက် ခြေရာများ (သို့) ကညာ မာရီယား သခင်မ၏ ကျောင်းတော်ကို ရှာဖွေခြင်း
မြန်မာစာ ပုံနှိပ်စာလုံးအစ ကက်သလစ် ဘုန်းတော်ကြီး ဂျွန်မေရီ ပယ်ရ်ကော်တို က