စစ်ကောင်စီက ရွေးကောက်ပွဲ အကြောင်းပြကာ တအိမ်တက်ဆင်း လူဦးရေစာရင်းကောက်ယူမှုသည် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေး အင်အားစုများအား စုံစမ်းဖော်ထုတ်ရေးသာ ဖြစ်ကြောင်း ထွက်ပေါ်လာသည့် လျှို့ဝှက်အစည်းအဝေး မှတ်တမ်းများအရ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်တွင် စစ်ကောင်စီ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်ကာ အစည်းအဝေးတရပ်ကို ပြုလုပ်ခဲ့ကြောင်း ပေါက်ကြားလာသော လျှို့ဝှက်ညွှန်ကြားချက်စာရွက်များနှင့် အတူ ရန်ကုန်ခေတ်သစ် မီဒီယာက ယမန်နေ့တွင် ဖော်ထုတ်ထားသည်။
ယင်းအစည်းအဝေးတွင် “ရွေးကောက်ပွဲနှင့် ပတ်သက်၍ လူဦးရေ၊ မဲစာရင်း တအိမ်တက်ဆင်း စစ်ဆေးမှုများတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ အကြမ်းဖက်သမားများအား စုံစမ်းဖော် ထုတ်သည့် ရဲလုပ်ငန်းစဉ်များကိုပါ တပါတည်း ဆောင်ရွက်နိုင်ရေး၊ စံလုပ်ငန်းစဉ်တရပ် ရေးဆွဲသတ်မှတ် ဆောင်ရွက်ရန်” ညွှန်ကြားခဲ့သည်ကို တွေ့ရသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “အိမ်ထောင်စုစာရင်းတွေ ကောက်မယ်၊ မရှိတဲ့သူတွေကို ဆန်းစစ်မယ်၊ PDF ဖြစ်နိုင်ချေရှိတဲ့ အင်အားစုတွေကို ဖော်ထုတ်မယ်၊ ဒါဟာ ရွေးကောက်ပွဲ အကြောင်းပြချက်နဲ့ ပထမဆုံးလှမ်းလာ တဲ့ ခြေလှမ်းအပေါ်မှာ သူတို့ရဲ့ သဘောထားကို ထင်ရှားပေါ်လွင်စေတဲ့ ကိစ္စဖြစ်တယ်။ ဒီအပေါ်မှာ ပြည်သူလူထုအပေါ် ဖမ်းဆီးမှုတွေ၊ နှိပ်စက်မှုတွေ၊ စစ်ဆေးဖော်ထုတ်မှုတွေ လုပ်ဖို့အတွက် ရည်ရွယ်တယ်” ဟု ပြောသည်။
ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် ကလည်း တအိမ်တက်ဆင်း လူဦးရေစာရင်း ကောက်ယူမှုသည် သတင်းအချက်အလက် ရရှိနိုင် မည့် အခွင့်အလမ်းပင်ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါကာ ကိုယ်တိုင်စစ်ဆေးရန် လိုအပ်မည် ဖြစ်ကြောင်း အစည်းအဝေးတွင် ပြောထားသည်။
ယင်းပြင် သတင်းအချက်များ ရရှိရေးအတွက် တိုင်းနှင့်ပြည်နယ်များတွင် ပရဟိတအင်အားများ ပိုမိုတိုးချဲ့ပေါင်းစပ် အသုံးပြုရန် လိုအပ်ကြောင်း၊ ဒေသန္တရကာကွယ်ရေးအဖွဲ့။ ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် ပရဟိတအဖွဲ့များအား စည်းရုံးနိုင် မှသာလျှင် သတင်းရရှိမည်ဖြစ်ပြီး သတင်းပေးမွေးရန် အလွယ်တကူလုပ်၍မရဘဲ သတင်းပေးများအား ထောက်ပံ့ရန် လိုအပ်ကြောင်းလည်း ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် က ပြောထားသည်။
၎င်း၏ ပြောကြားချက်များအရ စစ်ကောင်စီသည် ၎င်းတို့၏ အမာခံ သတင်းပေး (ဒလန်)များအဖြစ် ပရဟိတအဖွဲ့များ အား စည်းရုံးသိမ်းသွင်းလာခြင်းဖြစ်ပြီး ယခုလက်ရှိတွင် ၎င်းတို့၏ တအိမ်တက်ဆင်း လူဦးရေစာရင်းကောက်ယူမှုများ တွင် ပရဟိတအဖွဲ့ဝင်များအား ရှေ့တန်းတင်ကာ ဖိအားပေး ကောက်ယူမှုများ ပြုလုပ်နေခြင်းဖြစ်သည်။
စစ်ကောင်စီ၏ လုပ်ရပ်သည် တော်လှန်ရေးအရှိန် ကောင်းလာသည်နှင့်အမျှ တော်လှန်ရေးအင်အားစုများအနေဖြင့် မြို့ပေါ်များတွင်ပါ တိုက်ခိုက်မှုများ ပြုလုပ်လာသည့်အပေါ် စိုးရိမ်စိတ်ဖြင့် လူဦးရေစာရင်း ကောက်ယူမှုအကြောင်းပြကာ လူငယ်များနှင့် PDF များအား စုံစမ်းဖော်ထုတ်ရာတွင် ပရဟိတအသင်းအဖွဲ့များကိုပါ အသုံးချလာခြင်းဖြစ်ကြောင်း လည်း မုံရွာ PDF၊ Special Regional Attacks Force (Monywa) အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။
၎င်းက “ပရဟိတတွေက စစ်ကောင်စီနဲ့ရော PDF နဲ့ရော ပတ်သက်မှုရှိရင် ရှိနေမှာပဲ။ ဒါပေမယ့် အဲဒီလိုပတ်သက်လို့ ဆိုပြီး ကျနော်တို့က ပရဟိတသမားတွေကို ပြဿနာရှာ တိုက်ခိုက်တာမျိုး မရှိဘူး။ သို့သော် မြို့ထဲမှာ တချို့ကင်းလှည့် တဲ့ ပွိုင့်နေရာတွေမှာ ပရဟိတကားတချို့ကို အသုံးပြုလာတယ်။ အရပ်ဝတ်တွေ၊ သေနတ်တွေနဲ့ ပါလာတဲ့အနေအထား ဆိုရင် ပစ်ခတ်တိုက်ခိုက်တာတွေ ရှိလိမ့်မယ်” ဟု ပြောသည်။
လက်ရှိ လူဦးရေစာရင်း ကောက်ယူမှုတွင် အမှန်တကယ် ပရဟိတလုပ်ငန်းပေါ်တွင် ရပ်တည်နေသည့် အရပ်ဘက်အဖွဲ့ အစည်းများမှာ စစ်ကောင်စီ၏ ဖိအားနှင့် လုံခြုံရေးအခြေအနေများကြောင့် လိုက်ပါလုပ်ဆောင်ခြင်းမရှိကြသော်လည်း စစ်ကောင်စီလိုလား ထောက်ခံသူများက ပရဟိတအသွင်ယူကာ အရပ်ဘက်အဖွဲ့အစည်းသဖွယ် သတင်းပေးများ ဝင် ရောက်လာနိုင်ကြောင်းလည်း လေ့လာသုံးသပ်သူများက ပြောသည်။
ရန်ကုန်မြို့မှ ပရဟိတအသင်း အဖွဲ့ဝင်တဦးက “ကျနော်တို့ အသင်းကို ခဏနားသင့်တယ်လို့ ဆန္ဒရှိကြပေမယ့် သူတို့ ပြောတာ မလုပ်ပေးရင် ဘာတွေ အနှောင့်ယှက်ပေးလာမလဲ ပြန်စဉ်းစားရတယ်၊ သူတို့က အသင်း ဦးဆောင်သူတွေရဲ့ အိမ်ထောင်စုစာရင်းတွေ အချက်အလက်တွေ အကုန်ယူထားတာ။ လုပ်ကိုင်ရတာ အတော် ခက်တယ်။ လူစာရင်း ကောက်ရုံတင်မကဘဲ ရှေ့လျှောက်လဲ မဲရုံစောင့်ခိုင်းတာတို့၊ အရေးပေါ်ဆိုပြီး စောင့်ခိုင်းတာတို့ ပါလာနိုင်တယ်၊ သူတို့ အဝန်းဝိုင်းမှာ ဘယ်သူမှ မနေချင်ဘူး” ဟု ပြောသည်။
ယခုတွင် စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲအတွက် ပရဟိတ အသင်းအဖွဲ့များကို ရှေ့တန်းတင်၍ မြေပြင်စာရင်း ကောက်ယူမှုများ ပြုလုပ်နေသော်လည်း အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းကာလများတွင်မူ စစ်ကောင်စီက နာရေးကူညီမှုအသင်းမှ ဦးကျော်သူ ကဲ့သို့ ထင်ရှား ကျော်ကြားသည့် ပရဟိတလုပ်ဆောင်သူများကို ဖမ်းဝရမ်းထုတ်ခြင်း၊ ဖမ်းဆီးခြင်းတို့အပြင်၊ ပရဟိတသမားများကို အကြမ်းဖက် ဖမ်းဆီး ရိုက်နှက် ထောင်ချမှုများ ပြုလုပ်ခဲ့သည်။
၂၀၂၁ ခုနှစ် မတ်လ ၃ ရက်တွင်လည်း စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြနေကြသည့် ပြည်သူများအား အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခဲ့သဖြင့် ဒဏ်ရာရရှိသူများအား ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသည့် မွန်မြတ်စိတ်ထား၊ We Love မြောက်ဥက္ကလာ အစရှိသည့်ပရဟိတ အသင်းများမှ အသင်းသားများကို စစ်ကောင်စီတပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည့်အပြင် လူနာတင်ယာဉ်များကိုလည်း ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။
ထို့ပြင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးရသည့် ပရဟိတသမားများ ရှိခဲ့သလို လက်ရှိအချိန်ထိ ထောင်သွင်းအကျဉ်းချခံထားရသည့် ပရဟိတသမားများလည်း ရှိနေကြောင်း သိရသည်။
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ ပြည်ထဲရေး ဝန်ကြီးဌာနကလည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ယူရာတွင် ပါဝင်သူများအား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူမည်ဖြစ် ကြောင်း ထုတ်ပြန်ကြေညာထားပြီး တော်လှန်ရေး တပ်ဖွဲ့များကလည်း စစ်ကောင်စီ ထောက်တိုင်များအဖြစ် ပါဝင် ပတ်သက်ခြင်း မပြုကြရန် သတိပေးထားသည်။
စစ်ကောင်စီဘက်မှ အကြမ်းဖက်မှုများနှင့် တော်လှန်ရေး အင်အားစုများအား ဖော်ထုတ်တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးရန်ပုံငွေအနေဖြင့်လည်း နှစ်စဉ် ကျပ်သန်း ၅၀၀ သတ်မှတ် ထားပြီး၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ရန်ပုံငွေအဖြစ်လည်း ကျပ်သန်း ၅၀၀ ထပ်မံရရှိထားကြောင်း လည်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေ စာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာထွန်းက အထက်ပါ လျှို့ဝှက် အစည်းအဝေးတွင် တင်ပြ ပြောဆိုသွားသည်။
ထိုရန်ပုံငွေများရှိသော်လည်း တင်းပြတောင်းခံမှု လွန်စွာနည်းပါးနေကြောင်း၊ အမာခံသတင်းပေးများ ထိရောက် သေ ချာအောင် မွေးမြူပြီး ထိုက်တန်သည့် ဆုကြေးငွေများ ထုတ်ယူကြရန် လိုအပ်ကြောင်း အကြမ်းဖက်မှုများ တားဆီး နှိမ်နင်းရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်က ပြောထားသည်။
လူထုရွေးကောက် တင်မြှောက်သည့် အရပ်သားအစိုးရ ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီသည် လာမည့် ဩဂုတ်လတွင် ရွေးကောက်ပွဲတရပ် ကျင်းပရန် ပြင်ဆင်နေပြီး မြန်မာနိုင်ငံအား ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းရေး မှန်ကန်တရားမျှတမှုရှိသည့် ရွေးကောက်ပွဲတရပ် ကျင်းပကာ အနိုင်ရပါတီအား အာဏာ လွှဲပြောင်းပေးမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်က ကြွေးကြော်ထားသည်။
သို့သော် စစ်ခေါင်းဆောင်၏ ပြောဆိုမှုသည် ဟန်ပြသက်သက်သာဖြစ်ပြီး ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲသည် စစ် ကောင်စီအုပ်စိုးမှု သက်တမ်းရှည်ရန်အတွက် လှမ်းခင်းထားသည့် လမ်းကြောင်းတခုဖြစ်သာဖြစ်ပြီး ပြည်သူလူထုအပေါ် ဖိနှိပ်ရန်အကြောင်းပြချက်သာ ဖြစ်သည့်အတွက် လူထုက လက်မခံသကဲ့သို့ အောင်မြင်နိုင်မည် မဟုတ်ကြောင်းလည်း နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးက ပြောသည်။
လူဦးရေစာရင်း ကောက်ယူရာတွင် တော်လှန်ရေး အင်အားစုများအား စုံစမ်းဖော်ထုတ်ရန် ကြံစည်မှုနှင့်ပတ်သက်ပြီး “ဒီရွေးကောက်ပွဲဟာ ဒီမိုကရေစီ နည်းကျပြီး ကျယ်ပြန့်တဲ့ ပြည်သူလူထုရဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးဆိုတာကို စိုးထွဋ် ကိုယ်တိုင် က ဝန်ခံဖြောင့်ချက်ပေးလိုက်တာပဲ ဖြစ်ပါတယ်” ဟု ၎င်းကဆက်လက် ပြောဆိုသည်။
You may also like these stories :
စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကို ဖိအားပေး ကောက်နေ
မြန်မာ့တော်လှန်ရေး အင်အားစုများ ထိုးစစ်ဆင်ရန် ပြင်ဆင်နေ