၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းပြီး ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ရာတွင် အသုံးပြုသည့် မြန်မာစစ်တပ်၏ လက်နက်များ ထုတ်လုပ်သည့်စွမ်းရည် မြင့်မားစေရန် နိုင်ငံပေါင်း အနည်းဆုံး ၁၃ နိုင်ငံမှ ကုမ္ပဏီများ ကူညီနေကြောင်း လွတ်လပ်သော နိုင်ငံတကာ ကျွမ်းကျင်သူများက တွေ့ရှိခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းလိုက်သောကြောင့် လူထုဆန့်ကျင်မှုများဖြစ်ပြီးနောက် မြန်မာတွင် လက်နက်ထုတ်လုပ်မှု မည်သို့ အရှိန်အဟုန် မြင့်မားလာသည်ကို အသေးစိတ်ဖော်ပြထားသည်။
ရွေးကောက်ခံ အရပ်သားခေါင်းဆောင်များထံမှ စစ်တပ်က အာဏာသိမ်းခြင်းသည် စစ်အုပ်ချုပ်ရေး နှစ်ပေါင်း ၅၀ ကျော်အကြာ ဒီမိုကရေစီတိုးတက်မှု ဆယ်စုနှစ်အတွင်း ရရှိထားသည့် တိုးတက်မှုများကို ဆုံးရှုံးသွားစေခဲ့သည်။ စစ်ကောင်စီတပ်များသည် ငြိမ်းချမ်းစွာဆန္ဒပြသူများကို ပစ်ခတ်သတ်ဖြတ် ပြီးနောက် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သူများသည် လက်နက်စွဲကိုင် တော်လှန်ကြသည်။ ထိုဖြစ်ရပ်သည် ပြည်တွင်းစစ် ဖြစ်သည်ဟု ကုလသမဂ္ဂကျွမ်းကျင်သူအချို့က ပြောသည်။
ထိုအကြမ်းဖက်မှုများတွင် ကလေးငယ် ၂၇၇ ဦး အပါအဝင် အရပ်သား သေဆုံးမှု ၂,၇၀၀ ကျော်ရှိပြီး လူ ၁၃,၀၀၀ ကျော်ကို စစ်တပ်က ဖမ်းဆီးထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မှတ်တမ်းတင်ထားသည်။ အမှန်တကယ် သေဆုံး၊ ဖမ်းဆီးခံရသူ အရေအတွက်သည် ထိုထက်မက များနိုင်သည်ဟု ယူဆရသည်။
အမေရိကန် ပြည်ထောင်စု၊ ဥရောပ၊ အာရှနှင့် အရှေ့အလယ်ပိုင်းမှ ကုမ္ပဏီများသည် စစ်တပ်၏ ကုန်စည်ဝယ်ယူမှုကွင်းဆက်ကို အထောက်အကူပေးနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပြီး ထိုလုပ်ငန်းများအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အကူအညီမပေးရန် တိုက်တွန်းထားသည်။
လက်နက်ကုန်သွယ်ခြင်း သို့မဟုတ် ထုတ်လုပ်ခြင်းတွင် ပါဝင်နေသည့် လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများကို အချို့နိုင်ငံများက အရေးယူနေပြီး အချို့က လက်နက်ရောင်းချမှု ပိတ်ဆို့ရန် လုပ်ဆောင်နေချိန်တွင် မြန်မာပြည်တွင်း လက်နက်ထုတ်လုပ်ရေးလုပ်ငန်း ကြီးထွားလာခြင်း ဖြစ်သည်။
အောက်တိုဘာလအတွင်းက အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနသည် မြန်မာစစ်တပ်ကိုယ်စား လက်နက်ဝယ်ယူမှုများ အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ပေးနေသည့် စီးပွားရေးသမား ဦးအောင်မိုးမြင့်ကို အရေးယူပိတ်ဆို့မှုများ ချမှတ်သည်။ သူနှင့်ညီအစ်ကိုတော်သူ ဦးလှိုင်မိုးမြင့်နှင့် ၎င်းတို့ တည်ထောင်ထားသည့် ကုန်သွယ်ရေး ကုမ္ပဏီဖြစ်သော Dynasty International Company Ltd ကိုလည်း အရေးယူပိတ်ဆို့ခဲ့သည်။ ထိုလုပ်ငန်းမှ ဒါရိုက်တာတဦးဖြစ်သူ ဦးမျိုးသစ္စာကိုလည်း ပစ်မှတ်ထား အရေးယူသည်။
အရပ်သားများကို သတ်ဖြတ်သည့် လေကြောင်းတိုက်ခိုက်မှုများ လုပ်နေသောကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလတွင် အမေရိကန် ပြည်ထောင်စုက မြန်မာစစ်တပ်သို့ လေယာဉ်အစိတ်အပိုင်းများ ရောင်းချခြင်းကို ပိတ်ပင်သည်။
မြန်မာတွင် ပုဂ္ဂလိက လက်နက်ထုတ်လုပ်သော လုပ်ငန်းမရှိဘဲ လက်နက်လုပ်ငန်းကို ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု ညွန်ကြားရေးမှူးရုံးကသာ ချုပ်ကိုင်ထားသည်ဟု အထက်ပါအစီရင်ခံစာက ဖော်ပြသည်။
ပြည်တွင်း လက်နက်စက်ရုံများသည် လိုင်စင်ရယူထားသည့် နည်းပညာနှင့် ပြည်ပကုန်စည်ဖြန့်ချိရေး ကွင်းဆက်များ၊ နည်းပညာ အထောက်အကူများနှင့် အခြားအကူအညီများကို အသုံးပြုနိုင်ကြသည်။ တခါတရံတွင် လက်နက်ကိရိယာများကို အဆင့်မြှင့်တင် ပြုပြင်ထိန်းသိမ်းရန် ထိုင်ဝမ်နှင့် စင်ကာပူသို့ ပေးပို့သည်ဟု အထက်ပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အစိုးရများအနေဖြင့် စုံစမ်းစစ်ဆေးရန်နှင့် မှန်ကန်ကြောင်း တွေ့ရှိပါက “အရပ်သားများကို သိမ်းကြုံးပစ်ခတ်”ရာတွင် သုံးသည့် လက်နက်များလုပ်ရန် မြန်မာစစ်တပ်ကို ကူညီနေသည့် ကုမ္ပဏီများကို အရေးယူရေး မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီမှ ကျွမ်းကျင်သူ မစ္စတာ ခရစ် စီဒေါ့တီက ကြေညာချက်တစောင်တွင် တိုက်တွန်းလိုက်သည်။
“မြန်မာပြည်သူများ ခံစားနေရသော ဒုက္ခများမှ အမြတ်အစွန်းရနေသော ပြည်ပကုမ္ပဏီများကို အရေးယူရမည်ဖြစ်သည်” ဟု လူ့အခွင့်အရေးရှေ့နေနှင့် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သူ မစ္စတာ စီဒေါ့တီက ပြောသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက လွန်ခဲ့သောနှစ်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ထိုအဆက်အသွယ်အချို့ကို ဖော်ပြထားပြီး ရုရှား၊ တရုတ်၊ ယူကရိန်း၊ အစ္စရေး၊ စင်ကာပူနှင့် ဖိလစ်ပိုင်မှ ကုမ္ပဏီများ ပါဝင်သည်။
ပြည်တွင်း လက်နက်ထုတ်လုပ်သည့်လုပ်ငန်း ကြီးထွားစေသည့် အဓိကအကြောင်းရင်းမှာ အရေးယူပိတ်ဆို့မှုများနှင့် လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းတို့က မြန်မာသို့ လက်နက်၊ လေယာဉ်နှင့် အခြားလက်နက်များ တင်သွင်းခြင်းကို ပိတ်ပင်နိုင်သည့် အန္တရာယ်ကြောင့် ဖြစ်သည်။ မြန်မာစစ်တပ်သည် လက်နက်ငယ်များကို ၎င်းတို့ဘာသာ ထုတ်လုပ်နိုင်နေကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာ၏ လက်နက်ထုတ်လုပ်နိုင်သည့် စွမ်းရည်တွင် တိုက်ခိုက်ရေး ရိုင်ဖယ် အမျိုးမျိုးနှင့် စစ်သေနတ်များမှသည် မော်တာများ၊ တင့်ကားပစ်နှင့်လေယာဉ်ပစ် လက်နက်များ၊ ဒုံးကျည်များနှင့် ဒုံးကျည်ပစ်လက်နက်များ၊ အမြောက်များနှင့် လေကြောင်းကာကွယ်ရေးစနစ်များ ပါဝင်သည်ဟုလည် အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြေမြှုပ်မိုင်းများနှင့် ရေမြုပ်ဗုံးများသည်လည်း မြန်မာစစ်တပ်က ထုတ်လုပ်နေသည့် လက်နက်များတွင် ပါဝင်သည်ဟု ထိုလုပ်ငန်းတွင် လုပ်ကိုင်နေသူများနှင့် ထိုလက်နက်များကို ပြသသည့် ဘန်ကောက်မှ ကာကွယ်ရေးနှင့် လုံခြုံရေးပြပွဲမှ ဓာတ်ပုံများကို အထက်ပါအစီရင်ခံစာက ကိုးကားဖော်ပြသည်။
ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး လက်အောက်ရှိ ကပစ ခေါ် ကာကွယ်ရေးပစ္စည်းစက်ရုံများသည် ဖျုစ်များ၊ မှန်ပြောင်းဆိုင်ရာများ၊ ဖောက်ခွဲရေးထိပ်ဖူးများစသည့် အစိတ်အပိုင်းများကို အိန္ဒိယနှင့် တရုတ်မှ တင်သွင်းနေသည်။ ၎င်းတို့တွင် သြစတြီးယား၊ ဂျာမနီ၊ ဂျပန်၊ ထိုင်ဝမ်နှင့် အမေရိကန် ပြည်ထောင်စုတို့မှ ထုတ်လုပ်သည့် ကွန်ပျူတာထိန်းချုပ် စက်မှုပုံစံပြုစက် (CNC) များ၊ ပုံသွင်းကြိတ်စက်များနှင့် အခြားစက်များလည်းရှိသည်ဟု အထက်ပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုသို့သော လက်နက်စက်ရုံ အရေအတွက်ကို အတိအကျ မသိရသော်လည်း ဂြိုဟ်တုမှ ရိုက်ကူးထားသော ပုံများနှင့် အခြား သတင်းအချက်အလက်များကို လေ့လာစမ်းစစ်မှုအရ မြန်မာတွင် လက်နက်စက်ရုံ ဒါဇင်ပေါင်းများစွာ ရှိသည်။
လက်နက်ထုတ်လုပ်ရာတွင် အသုံးပြုသည့် နည်းပညာအများစုသည် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည် အရပ်သားအစိုးရထံသို့ စစ်အာဏာမသိမ်းမီက လွှဲပြောင်းပေးထားသော နည်းပညာများဖြစ်သည်။
သို့သော် ထိုသို့ အထောက်အပံ့ပေးနေသူများ၊ နည်းပညာလိုင်စင်ချပေးသူများ၏ ရှုပ်ထွေးသော ကွန်ရက်နှင့် လက်နက်ထုတ်မှု အခြားအသေးစိတ်များကို ပိုမိုသိရန် သုတေသန များစွာလုပ်ရန် လိုသေးကြောင်း ထိုအစီရင်ခံစာတွင် ဆက်လက်ဖော်ပြသည်။
မြန်မာတွင် ဗဟိုအစိုးရနှင့် ပိုမိုကျယ်ပြန့်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲများဖြစ်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်ပြီး အထူးသဖြင့် နယ်စပ်ဒေသများတွင် တိုက်ခိုက်နေကြသည်။
ကိုးကား ။ ။ AP သတင်း Report: Myanmar arms industry growing after army takeover
You may also like these stories:
ထွန်းမင်းလတ်နဲ့ မင်းအောင်လှိုင်မိသားစု ဘယ်လိုရင်းနှီးသလဲ
စစ်ကောင်စီ ကိုယ်တိုင်ထုတ် လေ့ကျင့်ရေး လေယာဉ် MTX – 1A
ထိုင်းသိမ်းသော ထွန်းမင်းလတ် ပိုင်ဆိုင်မှုများထဲ စစ်ခေါင်းဆောင်သားသမီးပိုင်များ ပါဟု ဆို
စစ်ကောင်စီက တရုတ်ဂျက်တိုက်လေယာဉ်များ ဝယ်ယူထား
မြန်မာစစ်လက်နက် တင်သွင်းသူများအား အရေးယူရန် စင်ကာပူကို တောင်းဆို