ထိုင်းနိုင်ငံတွင်းရှိ မြန်မာလုပ်သား ၁၀၀၀ နှင့် အထက်ရှိသော စက်ရုံအလုပ်ရုံများသို့ Mobile Team များ စေလွှတ်ပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း ဆောင်ရွက်ပေးမည့် အစီအစဉ်မှာ အဆင်မပြေနိုင်ကြောင်း အလုပ်သမားရေး ဆောင်ရွက်သူများက ပြောဆိုသည်။
PJ (Passport for Job) အမျိုးအစား နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို မြန်မာသံရုံး၊ ဘန်ကောက်မြို့ တွင် စက် ၄ စုံ၊ ချင်းမိုင်မြို့ ကောင်စစ်ဝန်ချုပ် ရုံးတွင် စက် ၁ စုံဖြင့် ဆောင်ရွက်ပေးလျက်ပေးရှိရာ ယခု ဇန်နဝါရီလ ၂၃ ရက်နောက်ပိုင်းမှ စတင်ပြီး စက်ရုံအလုပ်ရုံ (အလုပ်သမား ၁၀၀၀ နှင့် အထက်) သို့ Mobile Team ၂ ဖွဲ့ စေလွှတ်ကာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး (ဘန်ကောက်) က ကြေညာ ထားသည်။
ထို့ကြောင့် စက်ရုံ၊ အလုပ်ရုံများအနေဖြင့်၂၀၂၂- ၂၃ ခုနှစ်၌ သက်တမ်းကုန်ဆုံးမည့် လုပ်သားများစာရင်းကို သတ် မှတ်ပုံစံအတိုင်း ပြုစုကာ ယခုလ ၂၀ ရက်နေ့ နောက်ဆုံးထား၍ ကောင်စစ်တာဝန်ခံထံသို့ တင်ပြရမည်ဖြစ်သည်။ ထို့နောက် ဇန်နဝါရီ ၂၃ ရက်တွင် မြန်မာသံရုံး၊ ဘန်ကောက်မြို့၌ အလှည့်စနစ်ဖြင့် မဲနှိုက်ပြီး ရက်သတ်မှတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ လုပ်ဆောင်ပေးမည်ဆိုပါက မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀၀ အထက်ရှိသည့် စက်ရုံအလုပ်ရုံများမှာ ထိုင်းနိုင် ငံအတွင်း လက်ချိုးရေ၍ ရသည့် အရေအတွက်သာရှိသည့်အတွက် ကျန်ရှိနေသည့် အလုပ်သမားများအတွက် အဆင် မပြေနိုင်ကြောင်း အလုပ်သမားရေး ဆောင်ရွက်သူများက သုံးသပ်ပြောဆိုသည်။
ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့၏ အလုပ်သမား တာဝန်ခံ ဦးမင်းဦးက “စက်ရုံအကြီးတွေ ကုမ္ပဏီကြီးတွေက အဆင်ပြေနိုင်တယ်။ တချို့ အများစု ရာဂဏန်းလောက်၊ ဆယ် ဂဏန်းရှိတဲ့ စက်ရုံတွေကတော့ အဆင်ပြေဖို့ မလွယ်သေးဘူး။ တရုံထဲမှာ ထောင်ဂဏန်းရှိတဲ့ စက်ရုံဆိုတာက လက်ချိုးရေလို့ ရတာကို ကျန်တဲ့ ရာဂဏန်းရှိတဲ့ စက်ရုံတွေက ပြဿနာ။ တဦးတယောက်၊ ၃၊ ၄ ယောက်ရှိတဲ့ စက်ရုံ လိုမျိုး တွေဆို ပြဿနာရှိတာပေါ့။ ဖြစ်သင့်တာက အလုပ်သမားအများစုရှိတဲ့နေရာမှာ Mobile Team နဲ့ပဲဖြစ်ဖြစ် ယာယီပဲ ဖြစ်ဖြစ်ဖွင့်ပြီး အဲဒီနေရာမှာ ဘယ်နှရက်ဖြစ်ဖြစ် သတ်မှတ်လိုက်ပေါ့” ဟု ပြောသည်။
ထိုသို့ ကြေညာချက်မှာ ယတိပြတ်မလုပ်ပေးခြင်းထက် အတိုင်းအတာတခုထိ အဆင်ပြေသော်လည်း မြန်မာအလုပ် သမားအများစုရှိသည့် မြို့နယ်များတွင် ယာယီစခန်းများပြုလုပ်၍ လုပ်ပေးပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း ဦးမင်းဦးက ထောက်ပြ ပြောဆိုသည်။
ဘန်ကောက်အခြေစိုက် မြန်မာ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က “သက်တမ်းကုန်တဲ့ကိစ္စက ၆ ယောက် ၇ ယောက်ရှိတာ မဟုတ်ဘဲနဲ့ သိန်းနဲ့ချီပြီးရှိနေတာဆိုတော့ အခုကျမှ အချိန် တွေ တအားနှောင်းတော့မှ ဒီစနစ်ကို ကျင့်သုံးမှာထက် ဟိုအရင်ကတည်းက မူဝါဒတွေ ချမှတ်ပြီးတော့ သန်းနဲ့ချီတဲ့ အလုပ်သမားတွေအတွက် သက်ဆိုင်ရာ ထိုင်းအလုပ်သမား ဝန်ကြီးဌာန၊ မြန်မာအလုပ်သမား ဝန်ကြီးဌာနနဲ့ သေချာ စီစဉ်ကြမယ်ဆိုရင် ပိုကောင်းတာပေါ့” ဟု ပြောသည်။
မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင်မူ အလုပ်သမားဦးရေ ၁၀၀၀ အောက် စက်ရုံ၊ အလုပ်ရုံများကိုလည်း အလှည့်ကျ ခေါ်ယူကာ ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆိုထားသည်။
မဟာချိုင်တွင် အလုပ် လုပ်ကိုင်လျက်ရှိသည့် ရွှေ့ပြောင်းအလုပ်သမားတဦးက ၎င်းအနေဖြင့် အလုပ်လုပ်ခွင့်သက်တမ်း မကုန်သေးသော်လည်း ပတ်စ်ပို့သက်တမ်း ကုန်သွားပြီး သက်တမ်းတိုးရန် အခက်အခဲ ကြုံနေရကြောင်း ဆိုသည်။
၎င်းက “ထိုင်းဘက်အခြမ်းမှာ အလုပ်လုပ်ခွင့်က သက်တမ်း မကုန်သေးဘူး။ ဒါပေမယ့် မြန်မာဘက်အခြမ်းကနေပြီး တော့ ပတ်စ်ပို့သက်တမ်း ကုန်သွားလို့ သွားလဲတဲ့အချိန်မှာ သံရုံးကနေ စာရွက်ထွက်တာ နောက်ကျပြီးတော့ အခုထိုင်း ဘက်နေ သက်တမ်း မတိုးပေးတော့ဘူး။ ကျနော်တို့မှာ ဆုံးရှုံးမှုတွေ များနေတာပေါ့။ အချိန်တွေ ဆုံးရှုံးရတယ်။ ငွေ တွေ ဆုံးရှုံးရတယ်။ မြန်မာပြည်သာ ပြန်ရမယ်ဆိုရင် ပိုဒုက္ခများရဦးမယ်” ဟု ပြောသည်။
ထို့ပြင် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော အထောက်အထားမဲ့ မြန်မာများအား နိုင်ငံသားဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity–CI) ထုတ်ပေးနေသည့် ရုံးတချို့ကိုလည်း ပိတ်ထားကြောင်း သိရသည်။
အဆိုပါ CI ရုံးများကို ပြီးခဲ့သည့်၂၀၂၂ ခုနှစ် အောက်တိုဘာလမှ စတင်၍ ဖေဖော်ဝါရီလအထိ စမွတ်ဆာခွန်၊ စမွတ် ပရာကန်၊ ရနောင်းနှင့် ချွန်ဘူရီတို့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာထားခြင်းဖြစ်ပြီး လက်ရှိတွင် စမွတ်ဆာခွန် တွင်သာ ဖွင့်လှစ်ထားကြောင်း သိရသည်။
၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအတွင်းက တက်ကြွလှုပ်ရှားသူများ အပါအဝင် စစ်အာဏာရှင် လက်အောက် အသက်မွေးဝမ်းကျောင်းပြုရန် အခက်အခဲ ရှိနေသည့် ရှေ့နေ၊ သတင်းသမား၊ အနုပညာရှင်၊ ကျန်းမာ ရေးဝန်ထမ်းများ၊ ပညာရေး ဝန်ထမ်းများနှင့် အစိုးရဝန်ထမ်း အများစုတို့သည် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ နည်းမျိုးစုံဖြင့် ဝင်ရောက်ခိုလှုံလျက် ရှိသည်။
မြန်မာနိုင်ငံသား အများစုမှာ အလည်အပတ် (PV)၊ အလုပ် (PJ) နှင့် ပညာရေး (PE) စသည့် နိုင်ငံကူးလက်မှတ်အမျိုး အစား ကိုင်ဆောင်ထားကြသူများ ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံမှထုတ်ပေးသည့် နိုင်ငံကူးလက်မှတ်များတွင် အလည်အပတ် (Passport for Visit – PV)၊ စီးပွားရေး (Passport for Business – PB)၊ ပညာရေး (Passport for Education – PE)၊ အလုပ် (Passport for Job– PJ)၊ ဘာသာရေး (Passport for Religious– PR)၊ သင်္ဘောသား (Passport for Seaman– PS) ဟူ၍ အမျိုးအစား ၇ မျိုး ထုတ်ပေးလျက် ရှိသည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားပေါင်း ၅ သန်းဝန်းကျင်အထိရှိပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်း ပြီးနောက်ပိုင်းတွင် အလုပ်အကိုင် အခွင့်အလမ်းရှားပါးခြင်းနှင့် နိုင်ငံတွင်း မတည်ငြိမ်မှုများကြောင့် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလာသည့် မြန်မာနိုင်ငံသားများလည်း ပို၍များလာကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင် ရွက်များသူများထံမှ သိရသည်။
You may also like these stories:
အလိမ်ခံရသည့် မြန်မာလုပ်သား ၅ ထောင်ကျော်အရေး ထိုင်းအစိုးရ ဝင်ဖြေရှင်း
၆ နှစ်ပြည့် ထိုင်းရောက် MoU လုပ်သားများ မြန်မာသို့ပြန် သက်တမ်းတိုးရမည်
ထိုင်းနိုင်ငံသို့ MoU ဖြင့် လာသည့် အလုပ်သမား ၇၀ ကျော် အလုပ်လက်မဲ့ဖြစ်နေ