စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုအန္တရာယ်ကို စိုးရိမ်သဖြင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိ ကြား ကာလပညာ သင်ကြားရေး စာသင်ကျောင်းများကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီဖြစ်ကြောင်း ထန်တလန်မြို့နယ် ကြားကာလပညာရေးဘုတ်အဖွဲ့ထံမှ သိရသည်။
အိန္ဒိယ- မြန်မာနယ်စပ်တွင် အခြေစိုက်ထားသည့် ချင်းအမျိုးသား တပ်ဦး (CNF) ဗဟိုဌာနချုပ်အား ယခုလအတွင်း စစ် ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ပြီးသည့်နောက်တွင် ထန်တလန်မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ကျောင်းပေါင်း ၉၅ ကျောင်းကို ဇန်နဝါရီလ ၁၆ ရက်ကစ၍ ပိတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးသည့်နောက်တွင် ထန်တလန်မြို့နယ်အတွင်း ကင်းထောက်လေယာဉ်များ ပျံသန်းမှုရှိနေသည့်အတွက် ကျောင်းများကို ပိတ်လိုက်ရခြင်းဖြစ်ကြောင်း ထန်တလန်မြို့နယ် ကြားကာလပညာရေး ဘုတ်အဖွဲ့တာဝန်ခံက ဧရာဝတီသို့ ပြောသည်။
၎င်းက “လေကြောင်းရန်ရှိလာလို့ ပိတ်လိုက်တာပါ။ အကြမ်းဖက် စစ်တပ်က လူစုလူဝေးရှိတဲ့နေရာ ပြည်သူလူထုနဲ့ ဆိုင်တဲ့ နေရာကိုလည်း မချန်တာ ရှေ့မှာသာဓကတွေလည်း ရှိထားတော့ လက်ယက်ကုန်းရွာလိုမျိုးဖြစ်မှာ စိုးရိမ်တယ်။ ကရင်နီမှာလည်း ကျောင်းကို ဗုံးကြဲတယ်လေ” ဟု ပြောသည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁ ရက်ကစပြီး ကျောင်းသား၊ ကျောင်းသူ ၁ သောင်းခွဲကျော်ကို ၉ လတာ ပညာသင်ကြား ပေးမည်ဟု စီစဉ်ထားသော ကျောင်းများ ပိတ်လိုက်ရခြင်းဖြစ်ပြီး လုံခြုံရေးအရ ပြန်ဖွင့်နိုင်သည့် အခြေအနေရောက်မှ သာ ကလေးများ ပညာဆက်သင်ယူနိုင်မည် ဖြစ်ကြောင်းနှင့် ယခင် ၂၀၂၂ ခုနှစ် ဇန်နဝါရီ၂၀ ရက်မှစပြီး ၆ လတာသင် ကြားပေးခဲ့သော ပထမအဆင့် ကြားကာလပညာရေးတွင်မှု လုံခြုံရေးအရ ပိတ်ရခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။
ထန်တလန်မြို့နယ်တွင် ကျောင်းများ သာမက လူစုလူဝေး ဖြစ်စေနိုင်မှုများကို မလုပ်ဆောင်ရန် ကာကွယ်ရေးတပ်ဖွဲ့ များက ပြည်သူများကို သတိပေးထားကြောင်း သိရသည်။
ဒေသခံ တဦးက “ဘောလုံးပွဲကအစ ရက်အကန့်အသတ်မရှိ ပိတ်ခိုင်းတာ။ တိုက်ပွဲအခြေအနေအရ လေကြောင်းက လာပစ်လို့ပေါ့။ လေယာဉ်တွေလည်း ခဏခဏ ပျံနေလို့။ ပညာရေးဘက်က ကြည့်ရင်တော့ အနှောက်အယှက်တော့ ဖြစ်တယ်။ လုံခြုံရေးအရဆိုရင်တော့ မဖြစ်မနေ ပြည်သူလူထုကတော့ လိုက်နာရမှာပဲပေါ့” ဟု ပြောသည်။
ချင်းအမျိုးသား တပ်ဦး (CNF) ဗဟိုဌာနချုပ်ကို ဇန်နဝါရီလ ၁၀ ရက်က ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CNF ရဲ ဘော် ၅ ဦး ကျဆုံးခဲ့သလို ဇန်နဝါရီ ၁၁ ရက်ကလည်း ဒုတိယအကြိမ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ဆေးရုံ ၁ ရုံ ပျက်စီးခဲ့သည်။
ထိုဖြစ်စဉ်နောက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် ကပ်လျက်ရှိသည့် ထန်တလန်မြို့နယ်က ဒေသခံများ လေကြောင်းအန္တရာယ် စိုးရိမ်မှုကြောင့် ဗုံးခိုကျင်းတူးခြင်း၊ အိန္ဒိယနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ခြင်းများ လုပ် ဆောင်ကြကြောင်း သိရသည်။
ဒေသခံက “ဗုံးခိုကျင်းကို အိမ်တိုင်းလိုလို တူးကြတယ်။ အစောကတည်းက တူးခိုင်းတာတော့ တူးခိုင်းတာပေါ့။ ဒါပေမယ့် ဘာမှ မဖြစ်သေးတော့ မတူးဘဲ နေကြတာ။ အခု CNF ကို ဗုံးကြဲတဲ့ နောက်ပိုင်း ထွက်ပြေးတဲ့ လူတွေလည်း ရှိတယ်။ အထူး သဖြင့် CNF နဲ့ နီးတဲ့ ရွာတွေက သက်ကြီးရွယ်အို၊ ကလေး၊ အမျိုးသမီးတွေတော့ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေး တာများတယ်။ တောင်ယာခုတ်ရာသီမို့လို့ ယောက်ျားလေးတွေကတော့ သိပ်မပြေးဘူး။ တခြားရွာတွေဆိုလည်း မထွက်ပြေးရုံ တမယ်ပါပဲ။ ဘယ်တော့ ဘာသံကြားမလဲဆိုတာ အမြဲ နားစွင့်နေတာ” ဟု ပြောသည်။
ယခုကဲ့သို့ စာသင်ကြားမှုအရှိန်ရလာသည့်ကာလတွင် ကျောင်းများ ပိတ်လိုက်ရခြင်းသည် ကလေးများ၏ ပညာရေး အတွက် နစ်နာသလို စစ်ကောင်စီက စာသင်ကျောင်းများပါမချန် ဗုံးကြဲတိုက်ခိုက်သည့် ဖြစ်စဉ်များကြောင့် ကလေး ငယ်များ သေဆုံးမှု ရှိခဲ့သည့် ဖြစ်စဉ်များလည်းရှိနေရာ လေယာဉ် မပျံသန်းရ နယ်မြေများကို အမြန်ဆုံး သတ်မှတ် ပေးရန် လိုအပ်နေပြီ ဖြစ်ကြောင်း ထန်တလန်မြို့နယ် ကြားကာလပညာရေး ဘုတ်အဖွဲ့တာဝန်ခံ တောင်းဆိုသည်။
၎င်းက “အကြမ်းဖက် စကစ စိတ်ကြိုက် လေကြောင်းသုံးပြီးတော့ ဗုံးကြဲလို့ မရအောင် နိုင်ငံတကာအနေနဲ့ No Fly Zone မြန်မြန်သတ်မှတ်ပေးရင်တော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်လည်း သက်သာရာရမယ်။ ပညာသင်ကြားရေး မှာလည်း အနှောင့်အယှက် လျော့ပါးလာမှာပေါ့။ မဟုတ်ရင်တော့ လေကြောင်းအန္တရာယ် ရှိနေသရွေ့ကတော့ မြန်မာ နိုင်ငံ ဘယ်နေရာမှာမဆို မလုံခြုံပါဘူးခင်ဗျာ။ ကျောင်းတွေလည်း ဖွင့်လိုက် ပိတ်လိုက် ဒီအခြေအနေပဲ ကြုံနေရမှာပဲ ဖြစ်ပါတယ်” ဟု ဆိုသည်။
စာသင်ကျောင်းများအား စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများတွင် အထင်ရှားဆုံးဖြစ်စဉ်မှာ စက်တင်ဘာလ ၁၆ ရက်က ကလေးငယ် ၇ ဦး အပါအဝင် လူ ၁၃ ဦး သေဆုံးခဲ့သည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ကျောင်းသား ၂၀၀ ခန့် ပညာသင်ယူနေသော လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ် ဖြစ်သည်။
ထို့ပြင် ကယားပြည်နယ်၊ ဒီးမော့မြို့နယ် အနောက်ခြမ်းတွင် ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားသည့် မူကြိုကျောင်းကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး မူကြိုကျောင်းတွင်း ကျရောက် ပေါက်ကွဲပြီး ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ဒေသခံ ပြည်သူ ၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
အာဏာသိမ်း စစ်ကောင်စီသည် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းနှင့် မကွေးတိုင်း တို့တွင် လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ ကြိမ်ဖန်များစွာပြုလုပ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် လူဦးရေ ၄၆၀ ကျော်ထိ သေဆုံးခဲ့ရပြီး လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်နေမှုများအား ပြင်းထန်စွာ ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေး အစိုးရက ထုတ်ပြန်ထားသည်။
You may also like these stories:
အိန္ဒိယလေပိုင်နက်အတွင်း မြန်မာစစ်လေယာဉ်များ ဝင်ခွင့်မပေးရန် တိုက်တွန်း
CNF ဌာနချုပ်အား ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်မှုတွင် ဆေးရုံတရုံ ထိမှန်ပျက်စီး